Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

အကြမ်းမဖက်‌သော မက်ဆီးယားသခင် ကြွဝင်ပါစေ

 

မိမိကိုယ်ကို ‌စွန့်လွှတ်ပေးသနားသည်အထိ ဘုရားသခင်၏ ချစ်ခင်မြတ်နိုးခြင်းကိုခံရသော ညီအစ်ကိုမောင်နှမအပေါင်းတို့

 

ခရစ္စမတ်ရဲ့ ချစ်ခင်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ ပျော်ရွှင်ခြင်းတို့ဟာ ကွန်ုပ် တို့ရဲ့ နှလုံးသာတံခါးကို တဖန် ပြန်ခေါက်နေပါပြီ။ မသေချာ မရေရာခြင်းရဲ့နှစ်များကို ဖြတ်သန်းကြရင်း ကျွန်ုပ်တို့ရဲ့ နှလုံးသားတွေ ဟာ ချစ်ခင်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ ပျော်ရွှင်ခြင်း ရာသီကို တမ်းတမ်း တတဖြစ်နေပါတယ်။ ဒီလိုကြမ်းကြုတ်ရက်စက်ခြင်းတွေနဲ့ ပတ်လည် ဝိုင်းခံနေရတော့ ညှိုးငယ်နေတဲ့ ကျွန်ုပ်တို့ရဲ့ နှလုံးသားထဲမှာ သက်ပြင်း ချသံတိုးတိုးလေးကို ကြားမိကြပါလိမ့်မယ်။ “ဒီခရစ္စမတ်က ငါ့ဘဝ အတွက် ဘာအပြောင်းအလဲ ဖြစ်စေမှာလဲ။ ကမ္ဘာကြီးရဲ့အသက်တာကို အပြောင်းအလဲ ဖြစ်စေနိုင်ပါ့မလား။” နှစ်စဉ်ရောက်ရှိလာတဲ့ ခရစ္စမတ် ပွဲတော်ဟာ ဘုရားသခင်ရဲ့ မမောနိုင်မပန်းနိုင်သော ဖိတ်ခေါ်သံဖြစ် ပါတယ်။ နှစ်ပေါင်းနှစ်ထောင် ကျော်လွန်ခဲ့ပြီးပေမဲ့ လူတွေဟာ မသိကျိုးကျွံ ပြုခြင်းနဲ့သာ တုန့်ပြန်နေကြပါသေးတယ်။

 

ကြိုဆိုခြင်းမခံရသော မက်ဆီးယားသခင်

ရာစုပေါင်းများစွာ ကျွန်ဘဝရောက်နေကြရတဲ့ အစ္စရာအဲလ်လူတွေဟာ ရန်သူတွေကို အပြတ်အသတ် အနိုင်ယူချေမှုန်းပြီး သူ့ရဲ့တရားမျှတ ခြင်းကို တည်ဆောက်မယ့်ကယ်တင်ရှင်ကို တောင့်တနေခဲ့ကြတယ်။ သူတို့ရဲ့နာကျင်မှုတွေ ဒုက္ခဝေဒနာတွေကို ခံထမ်းရင်း ဘုရားသခင်ရဲ့ အစွမ်းကြီးသော ကြားဝင်လုပ်ဆောင်ပေးခြင်းကိုသာ အာရုံစိုက်ပြီး မျှော်လင့်နေကြတယ်။ “ကိုယ်တော်၏ အမျက် တော်၌ သူတို့ကို ဖျက်စီးတော်မူပါ၊ သူတို့ကို ကမ္ဘာမြေပေါ်တွင် မရှိတော့သည်အထိ ဖျက်စီးတော်မူပါ” လို့ ဆာလံရေးသူက ဆုတောင်းခဲ့တယ်။ (ဆာလံ ၅၉:၁၄) ပရောဖက်များရဲ့ ကတိတော်များနဲ့ အသွင်သဏ္ဌာန်များဖြင့် သီကုံးသော ရေးသာချက်များရဲ့ တောင့်တမှုတွေကတော့ စစ်သူကြီး အသွင်ရှိတဲ့ မက်ဆီးယားကလွဲပြီး အခြားတစ်ယောက်ကို လက်ခံ နိုင်စွမ်း မရှိပါဘူး။

 

လက်ဝါးကားတိုင်ဟာ လူအများတွက် စိတ်မချမ်းသာစရာဖြစ်သလို (၁ကောရိန်သု ၁:၂၃) နွားစားခွက် ဟာလည်း ဒီအတိုင်းဖြစ်ခဲ့ပါတယ်။ လူတွေဟာ တန်ခိုးအာဏာနဲ့ ကြွလာပြီး ဘုန်းဂုဏ်တော်နဲ့ ပြည့်ဝ နေတဲ့ ပလ္လင်ပေါ်ထိုင်မယ့် ဘုရင်ကို မျှော်လင့်နေချိန်မှာ နွားစားခွက်မှာ လျောင်းစက်နေတဲ့ နုံချာတဲ့ ကလေးငယ်လေးကို တွေ့ရတယ်။ အရာရာကို တတ်စွမ်းနိုင်တဲ့ စစ်သူကြီးကိုလူတွေက မျှော်လင့်နေ ချိန်မှာ ဘာအစွမ်းအစမှမရှိတဲ့ ကလေးငယ်လေးကို တွေ့ရတယ်။ မက်ဆီးယား သခင်ထံမှာ အများကြီး မျှော်လင့်ထားတဲ့ လူတွေရဲ့ အဖြစ်အနေကို ကျွန်ုပ်တို့ ကိုယ်ချင်းစာနိုင်ပါတယ်။ မက်ဆီးယား သခင်ရဲ့ ရှေ့တော်ပြေးဖြစ်တဲ့ ဟောဟန် ဘတ္တစ္စတားကတောင် “ကိုယ်တော်သည် ကြွလာမည့်သူဖြစ်သလော၊ သို့မဟုတ် ကျွန်ုပ်တို့ သည် အခြားတစ်ပါးကို စောင့်မျှော်ရဦးမည်လော” (မာတေဦး ၁၁:၃) လို့ မေးရတဲ့ အထိတောင် ဖြစ်ခဲ့ပါတယ်။

ဖိနှိပ်သူ ရောမလူမျိုးတွေကို အနိုင်ယူဖို့ မက်ဆီးယားသခင်ဟာ စစ်သူကြီးတစ်ဦးအဖြစ် မလာခဲ့ရင်၊ ဘုရားသခင်က လူတွေအတွက် တန်ပြန်တိုက်ခိုက်မပေးဘဲ ဆင်းရဲသားတွေအတွက် တရားမျှတမှုကို ရယူမပေးရင် ကျွန်ပ်တို့ ဘာလုပ်နိုင်ကြမှာလဲ။ ကျွန်ုပ်တို့ဟာ ဖိနှိပ်ခြင်း တွေ၊ အနိုင်ကျင့်မှုတွေ၊ တရားမမျှတခြင်းတွေကို လည်စင်းခံရမှာလား။ အကြမ်းမဖက်တဲ့ ဘုရားကို သိမြင်တဲ့ မက်ဆီးယားသခင်က အကြမ်း မဖက်တဲ့နည်းနဲ့ မတရားမှုကို တုန့်ပြန်နိုင်တဲ့ နည်းလမ်းကို ပြောပြ ပါတယ်။ ဆိုလိုတာက မိမိရဲ့နှလုံးသားဟာ အကြမ်းမဖက်ဘဲ သနား ကြင်နာသော နှလုံးသားရှိ တဲ့ ဘုရားသခင်ရဲ့ အသက်တာအတွင်းမှာ ဝင်ရောက်ရှင်သန်ခြင်း ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ သားသမီးတွေဟာ မတရားဖိနှိပ်ခြင်းတွေကြားက ရုန်းကန်တဲ့အချိန်မှာလည်း ဘုရားသခင် နဲ့ တူညီဖို့ လိုပါတယ်။

 

တရားမျှတခြင်းအတွက် အကြမ်းမဖက်ရုန်းကန်ခြင်း

စွမ်းအားမဲ့ပြီး ထိခိုက်လွယ်တဲ့ ကလေးအဖြစ် လူ့လောကထဲကို ကြွလာခဲ့တဲ့ မက်ဆီးယားက သူ့ရဲ့ လွတ်မြောက်ရေး လုပ်ငန်းစဉ်ဟာ ကြမ်းတမ်းတဲ့ နည်းလမ်းတွေနဲ့ မဟုတ်ဘူးဆိုတဲ့ သတင်းစကား ပေးတယ်။ ဘုရားကြွလာခြင်းသည် ကြမ်းတမ်းပြီး အဖျက်အဆီး မဖြစ်နိုင်ပါ။ ထိုကဲသို့ မဟုတ်ဘဲ လူတစ်ဦးချင်းနှင့် ပြည်သူများကြား တွင် အကြမ်းဖက်မှု အမျိုးမျိုးကို ပပျောက်စေမယ်လို့ ဆိုလိုပါတယ်မက်ဆီးယားသခင် ယေဇူးဟာ အသွင်အမျိုးမျိုးသော အကြမ်းဖက်မှု များကို အဆက် မပြတ်ဆန့်ကျင်ပြီး အခြားသူများကို ဖျက်ဆီးသည့် အကြမ်းဖက်မှုကို ဘယ်သောအခါမှသုံးပါဘူး။ သူ၏တာဝန်မှာ ဖျက်ဆီးရန်မဟုတ်ဘဲ ကုစားရန်၊ ပြန်လည်ထူထောင်ရန်၊ ပြန်လည် သင့်မြတ်ရန်၊ အားသစ်လောင်းရန်၊ ကောင်းချီးပေးပြီး ခွင့်လွှတ်ရန် ဖြစ်သည်။

 

ယေဇူးခရစ်တော်ရဲ့ သွန်သင်ချက်ဟာ ယနေ့ခေတ်မှာလည်း အရှက် ရစရာဖြစ်နေပါသေးတယ်။ စည်းမျဥ်းစည်းကမ်းတွေ မပေးဘူး။ ဖြစ်နိုင်ချေရှိတဲ့ ကန့်သတ်ချက်တွေကို စမ်းသပ်တဲ့ ကျင့်စဉ်တွေကို ရိုးရိုးရှင်းရှင်းပဲ အကြံပြုပါတယ်။ “… ဆိုးညစ်သူကို မခုခံနှင့်။ တစ်စုံ တစ်ယောက်သည် သင်၏ ညာဖက်ပါးကို ရိုက်လျှင် အခြားတစ်ဖက် ကိုလည်း လှည့်ပေးလော့။ တစ်စုံတစ်ဦးသည် သင်၏ အင်္ကျီ မတရား ယူလျှင် သင်၏ဝတ်လုံကိုလည်း ပေးလိုက်လော့သင့်ကို အနိုင်အထက် ပြု၍ တစ်မိုင်လောက် စစ်မှုထမ်းခိုင်းလျှင် သူနဲ့အတူ နှစ်မိုင် လိုက်သွား လော့။" (မဿဲ ၅:၃၉-၄၁)

 

ဤစကားလုံးများဖြင့် ယေဇူးခရစ်တော်သည် အေးတိအေးစက် နေခြင်းကို အားပေးသည်မဟုတ်။ သူသည် ကျွန်ုပ်တို့အား ဥပေက္ခာ ပြုခြင်းဆီသို့ ခေါ်ဆောင်ခြင်းမဟုတ်ဘဲ မတရားမှုကို သူရဲဘော ကြောင်စွာ လက်မြှောက်ခြင်းအရှုံးပေးရန် သင်ကြားနေခြင်းလည်း မဟုတ်ပါ။ ဂုဏ်သိက္ခာရှိရှိ တုံ့ပြန်တတ်ရန် ကျွန်ုပ်တို့အားသွန်သင် ပေးခြင်းဖြစ်ပါတယ်။ မတရားမှုကို ပိုမိုထင်ပေါ်စေပြီး ကြမ်းဖက် သူများကို ပြည်လည်စဉ်းစားဆင်ခြင်စေကာ ၎င်းတို့၏သဘောထားကို ပြောင်းလဲ ပစ်ရန်ပင် တွန်းအားပေးသည့် အခြေအနေသစ်တစ်ခု ဖန်တီးဖို့ဖြစ်ပါတယ်။ ဤသည်မှာ မိမိကိုယ်ကို သားကောင် အဖြစ်ခံယူရန် မဆိုလိုဘဲ အပြုသဘောဆောင်သော ခင်မင်ရင်းနှီးမှုနှင့် ကျေးဇူးတော်ဖြင့် ကြမ်းတမ်းသော အခြေအနေတစ်ခုကို ထိန်းချုပ်နိုင်ဖို့ ဖြစ်ပါတယ်။

 

ယေဇူးခရစ်တော်အတွက် ဒီနည်းလမ်းဟာ ဘုရားသခင်ရဲ့ နိုင်ငံတော် သို့ ဝင်ရောက်လာသူများနှင့် အထိုက်တန်ဆုံးဖြစ်ပါတယ်။ “…သင်တို့၏ ရန်သူများကိုချစ်လော့၊ သင်တို့အား ညှဉ်းဆဲသောသူတို့ အတွက် မေတ္တာပို့ပေးကြလော့။ သင်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အ၏ သားသမီးများ ဖြစ်ကြလိမ့်မည်။” (မဿဲ ၅း၄၄-၄၅)။ ယေဇူးခရစ်တော်က သူရင်ဆိုင်နေရသူတွေဟာ တရား မျှတမှုမရှိတဲ့ ရက်စက်ကြမ်းကြုတ်တဲ့အဖွဲ့အစည်းဖြစ်ကြောင်း ကောင်း ကောင်းသိပါတယ်။ သူတို့ကို တခဏချင်း အသွင်ပြောင်းဖို့ မရည်ရွယ် ပါဘူး။ မကြာခင် ဒီလူတွေရဲ့ အကြမ်ဖက်ခြင်းကို သူအသွေးအသားနဲ့ ခံစားရတော့မှာဖြစ်ပါတယ်

 

ယေဇူးခရစ်တော်ဟာ မတရားမှုကို တာဝန်သိသိ၊ သတ္တိရှိရှိနဲ့ အကြမ်းမဖက်တဲ့ နှလုံးသားနဲ့ရင်ဆိုင်ပြီး မိမိတို့ အသက်တာကို အတွင်းကျကျအသက်ရှင်နေထိုင်တဲ့ လူတစ်ဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။ သူတို့ဟာ တရားမျှတမှုကင်းပြီး အကြမ်ဖက်ခြင်းတွေနဲ့ ပြည့်နေတဲ့ လူ့လောကအတွင်းမှာ စစ်မှန်သော သက်သေခံများ ဖြစ်ကြပါတယ်။ သူတို့ဟာ အကြမ်းဖက်သူ ဆင်းရဲသားတွေအပေါ် ညှာတာမှု မရှိသူတွေ သူတော်ကောင်းယောင်ဆောင်ပြီး စွပ်ထားကြတဲ့ မျက်နှာဖုံးများကို ခွါချကြမှာ ဖြစ်ပါတယ်။ ယေဇူးခရစ်တော်ရဲ့ သစ္စာရှိသော ငယ်သားကောင်းတွေဟာ “မုန်ညင်းစေ့များ” သို့မဟုတ် သေးငယ်သော “တဆေး” ဖြစ်ပေမဲ့ သူတို့၏အသက်တာသည် ဘုရားသခင်ရဲ့ သနားကြင်နာသောအုပ်စိုးခြင်းကို ကြွေးကြော်နေတဲ့အလင်းတွေ ဖြစ်ပါလိမ့်မယ်။

 

ကြိုဆိုခြင်းမခံရသော မက်ဆီးယားကို ကြိုဆိုခြင်း

ခရစ္စမတ်ဆိုတာ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းကို အောက်မေ့ဖွယ် သာမက ဘုရားသခင်ရဲ့ ကရုဏာတော်ကို ပွဲကျင်းပခြင်းလည်း ဖြစ်ပါတယ်လူ့အဖြစ်ကိုယူတော်မူသော ဘုရားသခင်၊ Emmanuel (“ကျွန်ုပ်တို့နှင့်အတူရှိသောဘုရားသခင်”) ဟာ အပြစ်မှလွဲ၍ အရာ အားလုံးမှာ ကျွန်ုပ်တို့နဲ့ တစ်သားတည်းဖြစ်ခြင်းဖြင့် လူသားတွေရဲ့ အတွေ့အကြုံများကို မျှဝေယူဖို့ ကြွလာပါတယ်။ တစ်ကိုယ် ကောင်းဆန်မှုနှင့် မုန်းတီးမှုများကြောင့် မျက်စိကန်းနေတဲ့ လူသား တွေဟာ အကြမ်းမဖက်သော မက်ဆီးယားကို ကြိုဆိုဖို့ ပျက်ကွက် ခဲ့ကြပါတယ်။ တစ်ကိုယ်ကောင်းဆန်မှုနှင့် မုန်းတီးမှုတို့နဲ့ ပိတ်လှောင် ထားခံရတဲ့လူသားတွေဟာ အကြမ်းဖက်မှုများနဲ့ ဖျက်ဆီးခံနေရ ပါတယ်။ အကြမ်းမဖက်သောမက်ဆီးယားသခင်ရဲ့ ဖိတ်ခေါ်မှုကို နားမထောင်ဘဲကြာကြာနေလေလေ ကျွန်ုပ်တို့ရဲ့ဆင်းရဲဒုက္ခဟာလည်း ကြာရှည်လာလေလေဖြစ်နေမှာပါ။ ကြိုဆိုခြင်းမခံရသော မက်ဆီးယား ကို ကြိုဆိုကြပါစို့၊ ဒီလမ်းဟာ ကျွန်ုပ်တို့ရဲ့ဆင်းရဲ ဒုက္ခတွင်းက ရုန်းထွက်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

 

ကျွန်ုပ်တို့ဟာ မက်ဆီးယားသခင်ကို ကြိုဆိုတဲ့အခါ၊ သူ့ရဲ့ တောင်တော်ပေါ်မှာ သူ့ကိုတွေ့ဆုံဖို့ သွားတဲ့အခါ၊ သူ့ရဲ့သွန်သင်ချက် များကို နာယူတဲ့အခါ ပရောဖက် ဟေရှာယတွေ့မြင်ခဲ့တဲ့ ရူပါရုံ ထဲကလို ဖြစ်လာပါလိမ့်မယ်။ “ထိုသူတို့သည် မိမိတို့၏ဓါးလက်နက်များကို ထွန်သွားအဖြစ် လည်းကောင်း၊ မိမိတို့၏လှံများကို တံစဉ်အဖြစ် လည်းကောင်း၊ ထုလုပ်ကြလိမ့်မည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်တိုက်ကြတော့မည်မဟုတ်။ စစ်တိုက်ရန်လည်း လေ့ကျင့်ကြတော့ မည်မဟုတ် (ဟေရှယ ၂ :၄)

 

အကြမ်းမဖက်တဲ့ မက်ဆီးယားသခင်ကို ကြိုခြင်းအားဖြင့် ဖျက်စီးခြင်း အတွက် အသုံးပြုတဲ့ လက်နက်တွေဟာ လူသားကို ပြန်လည် တည်ဆောက်ပြီး ဆင်းရဲသားတွေနဲ့ နုံချာသူတွေအတွက် တရားမျှတ ခြင်းကို ပြန်လည်ဖေါ်ဆောင်ပေးတဲ့ ကရိယာတွေဖြစ်လာပါလိမ့်မယ်။ ကျွန်ုပ်တို့ရဲ့ သားသမီးတွေဟာလည်း တိုက်ခိုက်ခြင်းအတွက် လေ့ကျင့်သင်ယူခြင်းအစား သနားကြင်နာတော်မူသော ဘုရားသခင်ထံ ကနေ နူးညံ့သိမ်မွေ့သော နှလုံးသား ဖြစ်လာဖို့ သင်ယူကြမှာ ဖြစ်ပါတယ်။

 

“ကလေးတစ်ယောက်သည် ငါတို့အတွက် ဖွါးမြင်တော်မူပြီ၊ သားတော် ကိုငါတို့အား ပေးတော်မူပြီ” (ဟေရှာယ ၉:၅) လို့ဆိုထားတဲ့အတိုင်း ခမည်းတော်ရဲ့ လက်ဆောင်ကို လက်ခံယူကြပါစို့။ ဒီလက်ဆောင်ဟာ ကျွန်ုပ်တို့ရဲ့ဘဝထဲကို ဝင်လာပြီး ကျွန်ုပ်တို့တစ်ဦးစီကို ပြောင်းလဲဖို့ နှိုးဆော်ပါ လိမ့်မယ်။ ဒီသားတော်ဟာ ကျွန်ုပ်တို့ဘဝထဲကို ဝင်လာပြီး ကျွန်ုပ်တို့ကို ချစ်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ ပျော်ရွှင်ခြင်းတို့ကို သင်ကြားပေး ပါလိမ့်မယ်။

 

မက်ဆီးယားသခင် ကျွန်ုပ်တို့နဲ့ အတူရှိနေပြီဆိုရင် လောက ကမ္ဘာကြီးဟာ ထူးခြားစွာ ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်။ “ဖြောင့်မတ်ခြင်းတရားသည် သူ၏ခါးအတွက်ခါးပန်းကြိုးဖြစ်လိမ့်မည်။ ဝံပုလွေသည် သိုးသငယ်နှင့်အတူ နေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ လဲလျောင်း လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့ငယ်နှင့် ဆူဝသားကောင်တို့သည် အတူသွားလာကြ၍ ကလေး သူငယ် တစ်ယောက်သည် ယင်းတို့ကိုဦးဆောင်လိမ့်မည်။ နွားမနှင့်ဝက်ဝံ တို့သည် အတူကျက်စားကြ၍ သူတို့၏ သားငယ်များသည် အတူလဲလျောင်းကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ ကောက်ရိုးကိုစား လိမ့်မည်နို့စို့သူငယ်သည် မြွေဆိုးတွင်း ပေါ်၌ကစားလိမ့်မည်။ နို့ကွာသောသူငယ်သည်လည်း မြွေဟောက်တွင်းဝတွင် မိမိလက်ကို သွင်းလိမ့်မည်။ ငါ၏သန့်ရှင်းသော တောင်တခွင်လုံးတွင် သူတို့သည် အချင်းချင်းထိခိုက်ခြင်းနှင့် ဖျက်ဆီးခြင်း ပြုကြလိမ့်မည်မဟုတ်။” (ဟေရှာယ ၁၁:၅-၉)

 

ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့ ဒီခရစ္စမတ်မှာ ကျွန်ုပ်တို့ ဘဝတွေ အမှန်တကယ် ပြောင်းလဲဖို့အတွက် မက်ဆီးယားသခင်ကို ကျွန်ုပ်တို့ဘဝထဲဝင်ခွင့်ပြုရဖို့လိုပါတယ်။ ကျွန်ုပ်တို့ရဲ့ လူသားကမ္ဘာကြီး ဟာ ဘုရားသခင်လူ့အဖြစ်ယူခြင်းဆိုတဲ့ လက်ဆောင်ကို အထူး လိုအပ်နေပါတယ်။ ကျွန်ုပ်တို့ဟာ အချင်းချင်း ချစ်ခင်ခြင်းနဲ့ အစေ ခံတတ်ဖို့ ဘုရားသခင်ရဲ့ လူ့အဖြစ်ယူခြင်းက သင်ကြား ပေးပါလိမ့်မယ်။ လူသားကမ္ဘာဟာ အတ္တစိတ်နဲ့ မုန်းတီးခြင်းတို့ရဲ့ အကြမ်းဖက်မှု တွေကြောင့် ပျက်သုန်း မသွားရအောင် ကျွန်ုပ်တို့ရဲ့ အသက်တာ တံခါးများကို ဖွင့်လှစ်ထားပြီး အကြမ်းမဖက်သော မက်ဆီးယား သခင်ကို ဝင်ခွင့်ပြုလိုက်ပါ။

 

ခရစ္စမတ်ရဲ့ စိတ်သဘောထား ကျွန်ုပ်တို့ရဲ့ နှလုံးသားအတွင်း အစဉ်စွဲမြဲနေပါစေသား …

 

ကာဒီနယ် ချားလ်စ်ဘို

ဂိုဏ်းချုပ်ဆရာတော်ကြီး

ရန်ကုန်သာသာနာ

 


2023-12-22 21:13:23
NEWS AND EVENTS