Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မယ်တော်၏အပြစ်မဲ့နှလုံးတော်ထံပူဇော်အပ်နှံခြင်းမေတ္တာ

သံပေတရူးဘာစီလီကာကျောင်းတော်

၂၅ မတ် ၂၀၂၂

         ဘုရား၏မယ်တော်နှင့် ကျွန်ုပ်တို့၏မယ်တော်ဖြစ်သော အို - မာရီယား၊ ဒုက္ခဆင်းရဲကြုံရာ ဤကာလ၌ သခင်မထံတော်သို့ ကျွန်ုပ်တို့ချဉ်းကပ်ကြပါသည်။ ကျွန်ုပ်တို့အား ချစ်သနားတော်မူသော မယ်တော် ဖြစ်တော်မူသည့်အလျောက် သားသမီးတို့၏ နှလုံးသားမှ ခံစားချက်များကို မယ်တော်ထံမှ ဝှက်ကွယ်၍ မထားနိုင်ပါ။ မယ်တော်၏ ကြင်နာသနားခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်းနှင့် အေးအတူပူအမျှ သားသမီးတို့နှင့် အတူတကွရှိခြင်းတို့ကို ကြိမ်ဖန်များစွာ ခံစားခဲ့ကြရပါသည်။ ငြိမ်းချမ်းခြင်း၏သခင် သားတော်ယေဇူးရှင်ထံ မယ်တော်အစဉ် ဦးတည်ခေါ်ဆောင်တော်မူပေသည်။ 

သို့ရာတွင် ငြိမ်းချမ်းရေးလမ်းစဉ်မှ ကျွန်ုပ်တို့သွေဖယ်ခဲ့ကြပါသည်။ လွန်ခဲ့သည့်ရာစုအတွင်း သန်းနှင့်ချီသည့် ကမ္ဘာစစ်ဓါးစာခံတို့၏ ဝမ်းနည်းဖွယ်အတိတ်ဆိုးကို မေ့လျော့ခဲ့ကြပါသည်။ တစ်ကိုယ်ကောင်းဆန်မိကြပါသည်။ လူငယ်တို့၏ မျှော်လင့်ချက်နှင့် လူသားထု၏ ငြိမ်းချမ်းရေး အိပ်မက်များအပေါ် သစ္စာမဲ့ခဲ့ကြပါသည်။ လောဘလှိုက်စား အတ္တများခဲ့ကြပါသည်။ သူတစ်ပါးကို လစ်လျုရှုခဲ့ကြပါသည်။ ကိုယ်တော်ရှင်ကို ရှောင်ဖယ်ပြီး ဒေါသမာနရှေ့တန်းတင်ကာ အားနည်းသူကို ဖိနှိပ်လျက် လူသတ်လက်နက်များကိုသာ စုဆောင်းခဲ့ကြပါသည်။ နီးစပ်သူကိုဖေးမရန်၊ မြေကမ္ဘာကိုကာကွယ်ရန် ပျက်ကွက်ခဲ့ကြပါသည်။ သာယာလှပသည့် မြေကမ္ဘာတွင် စစ်ပွဲဆင်နွဲကာ ခမည်းတော်၏စိတ်နှလုံးကို ကျွန်ုပ်တို့အပြစ်များဖြင့် ညှိုးချုံးစေခဲ့ပါပြီ။ ငါနှင့်ငါသာ နှိုင်းယှဉ်စရာဟု ထင်မှတ်ခဲ့ကြပါ၏။ ထိုအပြစ်များအတွက် ယခု ရှက်ရွံ့စွာ အသနားခံလိုကြပါသည် - သားသမီးတို့အား ခွင့်လွှတ်တော်မူပါ။

သန့်ရှင်းသောမယ်တော် ကျွန်ုပ်တို့၏အပြစ်နွံအတွင်း၊ ဒုက္ခနှင့် အားနည်းချက်များ၊ ဒုစရိုက်နှင့် အပြစ်၏ ဆိုးကျိုးများအလယ်တွင် ဘုရားသခင်သည် ကျွန်ုပ်တို့အား စွန့်ပစ်ထားတော်မမူဘဲ မေတ္တာထားကာ ခွင့်လွှတ်ရန်သာ အစဉ်စောင့်မျှော်နေကြောင်း မယ်တော်သတိပေးနေပါသည်။ ဘုရားရှင်သည် မယ်တော်သခင်မအား ကျွန်ုပ်တို့အတွက် ပေးသနားတော်မူ၍ သခင်မ၏ အပြစ်မဲ့သောနှလုံးတော်ကို သာသနာတော်နှင့် သားသမီးတို့၏ ခိုလှုံရာ ဖြစ်စေခဲ့ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် လူ့သမိုင်းဝင် အခက်ခဲဆုံးကာလများ၌ပင် မယ်တော်ရှင်သည် ကျွန်ုပ်တို့အား မေတ္တာနှင့်ရှေ့ဆောင်ကာ အစဉ်ရှိတော်မူခဲ့ပါ၏။ 

ကျွန်ုပ်တို့သည် ယခုပင်လျှင် မယ်တော်ရှင်ထံ ချဉ်းကပ်၍ နှလုံးသားတံခါးကို ခေါက်လိုကြပါသည်။ ကျွန်ုပ်တို့သည် မယ်တော်ရှင်၏ ချစ်သားသမီးများ ဖြစ်ကြပါ၏။ ခေတ်အဆက်ဆက်တွင် မယ်တော်ထင်ရှားပြလျှက် နောင်တစွဲယူကြရန် ဖိတ်ခေါ်ခဲ့ပါသည်။ ယခုကဲ့သို့ အမှောင်ထုဖုံးလွှမ်းချိန်တွင် သားသမီးတို့အား မယ်တော်နှစ်သိမ့်ပေးတော်မူပါ။ “သင်တို့၏မယ်တော်ဖြစ်သော ငါသည် သင်တို့နှင့်အတူ မရှိပြီလော” ဟု ထပ်မံမိန့်ကြားတော်မူပါ။ ကျွန်ုပ်တို့၏ ခေတ်သမယနှင့် နှလုံးသားမှ အနှောင်အဖွဲ့များကို ဖြေလွှတ်ပေးတော်မူပါ။ မယ်တော်၌ ယုံကြည်ကိုးစားကြပါ၏။ ကျွန်ုပ်တို့ခက်ခဲရာကာလ၌ မယ်တော်ထံဆုတောင်းရာကို ငြင်းပယ်သည်ဟု မကြားဖူးပါ။ 

ကာနန်မြို့လက်ထပ်ပွဲတွင် သားတော်ရှင်ကူညီပါရန် မယ်တော်ကြားဝင်ဆုပန်ပေးခဲ့ပါ၏။ မင်္ဂလာပွဲ ပျော်ရွှင်စွာ ဆက်လက်ဆင်နွဲနိုင်ရန် သူတို့၌စပျစ်ရည်ကုန်သွားကြောင်း သားတော်ဘုရားထံ အသိပေးခဲ့ပါ၏ (ယော ၂:၃)။  မေတ္တာခေါင်းပါး၊ ပျော်ရွှင်မှုရှားကာ မျှော်လင့်ချက်ဝေဝါးနေသည့် သားသမီးတို့အတွက် ထိုကဲ့သို့ ဆုတောင်းပေးတော်မူပါ။ ကျွန်ုပ်တို့သည် လူသားဖြစ်အင်ကို မထီမဲ့မြင်ပြုလျက် ငြိမ်းချမ်းရေးကို စတေးခဲ့ကြပါသည်။ အကြမ်းဖက် ဖျက်ဆီးခြင်း၌ ပျော်မွေ့ခဲ့ကြပါသည်။ မယ်တော်၏ ကူညီဖေးမမှု အထူးလိုအပ်လျှက်ရှိပါ၏။ 

အိုမယ်တော် - ကျွန်ုပ်တို့၏ ဆုတောင်းသံကို နာခံတော်မူပါ။

ပင်လယ်ကြယ်တော် - ကျွန်ုပ်တို့၏ ဘဝသင်္ဘောကို စစ်ပွဲမုန်တိုင်းအတွင်း သက်ဆင်းစေတော်မမူပါနှင့်။ 

ပဋိညာဉ်ဖွဲ့ရာသေတ္တာတော် - ကျေအေးသင့်မြတ်ခြင်းလမ်းသို့ ဦးဆောင်လမ်းညွှန်တော်မူပါ။

ကောင်းကင်ဘုံ၏ဘုရင်မ - ဤမြေကမ္ဘာတွင် ခမည်းတော်ဘုရား၏ ငြိမ်းချမ်းခြင်းတရား ပြန်လည်ထွန်းကားစေတော်မူပါ။ ကလဲ့စားခြေလိုသည့် အမုန်းတရားကို ဖယ်ရှား၍ ခွင့်လွှတ်တတ်ရန် သင်ကြားပေးတော်မူပါ။ အနုမြူစစ်ပွဲရန်မှ ကာကွယ်ပေးတော်မူပါ။

စိတ်ပုတီး၏သခင်မ - ဆုတောင်းခြင်း၊ ချစ်ခြင်း လိုအပ်နေသည့် ကျွန်ုပ်တို့၏အဖြစ်ကို ပြန်လည်သတိရစေတော်မူပါ။

မိသားစုများ၏ဘုရင်မ - လူသားထုအား မေတ္တာလမ်းကို ပြတော်မူပါ။

ငြိမ်းချမ်းခြင်း၏ဘုရင်မ - ကျွန်ုပ်တို့ကမ္ဘာအား ငြိမ်းချမ်းခြင်းကို ရယူပေးတော်မူပါ။

 

အိုမိခင်မယ်တော် - ကျွန်ုပ်တို့၏ ပူဆွေးညှိုးငယ်သောအသနားခံခြင်းသည် မာကျောသော နှလုံးသားများကို လှုပ်ရှားစေတော်မူပါ။ အမုန်းတရားဖြင့် ပူလောင်နေသည့် ကျွန်ုပ်တို့၏ကမ္ဘာအား မယ်တော်၏ မျက်ရည်များဖြင့် အေးမြစေတော်မူပါ။ လက်နက်ခြင်း ပြိုင်ဆိုင်နေသူတို့အား ငြိမ်းချမ်းရေးတရားကို သတိရစေတော်မူပါ။ စစ်ဘေးရန်မှ ပုန်းရှောင်နေရသူတို့၏ ဒုက္ခကို မိခင်မေတ္တာဖြင့် ကူမတော်မူပါ။ နေရပ်၊ အိမ်ယာ စွန့်ခွာလာရသူတို့အား ထွေးပွေ့နှစ်သိမ့်ပေးတော်မူပါ။ အတိဒုက္ခနှင့် ဒဏ်ရာရနေကြသည့် ညီအစ်ကို မောင်နှမတို့အား ကိုယ်ချင်းစာတရားဖြင့် တံခါးဖွင့်လက်ခံနိုင်ရန် သားသမီးတို့၏ နှလုံးသားကို ပြုပြင်ပေးတော်မူပါ။

ဘုရား၏သန့်ရှင်းသောမယ်တော် - ကားတိုင်ရင်းရှိသခင်မအား “သင်၏သားကိုကြည့်လော့” ဟု သခင်ဘုရား မှာကြားတော်မူခဲ့ပေသည် (ယော ၁၉:၂၆)။ ဤနည်းအားဖြင့် သားသမီးတို့သည် သခင်မထံ အပ်နှံခြင်း ခံကြရပါသည်။ တပည့်တော်ကြီးများနှင့် ကျွန်ုပ်တို့အားလည်း “သင်၏အမိကိုကြည့်”ရန် မိန့်မှာခဲ့ပါသည်။ မိခင်မာရီယား - သင့်အား ကျွန်ုပ်တို့၏ဘဝနှင့် ကျွန်ုပ်တို့၏သမိုင်းတွင် ပါဝင်ရန် ဖိတ်ခေါ်လိုကြပါ၏။ ယခုတွင် ကူကယ်ရာမဲ့ လူသားထုသည် မိခင်နှင့်အတူ ကားတိုင်ရင်းတွင် ရပ်လျှက်ရှိကြပါသည်။ မိခင်မှတဆင့် သားတော်ဘုရားထံ ပူဇော်အပ်နှံလိုကြပါသည်။ ယူကရိန်းနှင့် ရုရှားမှ မယ်တော်အား ကြည်ညိုကိုးစားကြသူများသည် စစ်ဘေး၊ အငတ်ဘေး၊ မရားမှုနှင့် ဆင်းရဲခြင်းကြောင့် အသက်ပေးကြရသူများအား ကြင်နာသနားသည့် မယ်တော့်နှလုံးသားထံ ခိုလှုံကိုးစားကြပါသည်။ 

သို့ဖြစ်၍ ဘုရား၏မယ်တော်နှင့် ကျွန်ုပ်တို့၏မယ်တော်ဖြစ်သော သခင်မ၏အပြစ်မဲ့သည့် နှလုံးတော်ထံ သာသနာတော်နှင့်တကွ လူသားထုတစ်ရပ်လုံး၊ အထူးသဖြင့် ယူကရိန်းနှင့် ရုရှားကို ကျွန်ုပ်တို့ ပူဇော်ဆက်ကပ် အပ်နှံကြပါသည်။ ယုံကြည်ကိုးစားလျှက် ဆက်ကပ်သည့် ဤပူဇော်ခြင်းကို လက်ခံတော်မူပါ။ စစ်ပွဲများရပ်ဆိုင်းပြီး ကမ္ဘာအနှံ့အပြား ငြိမ်းချမ်းခြင်းတရား ထွန်းကားစေတော်မူပါ။ “ကိုယ်တော်၏ အလိုတော်အတိုင်း ဖြစ်စေရန်” မယ်တော်၏နှလုံးသားမှ ဝန်ခံချက်သည် သမိုင်းစာမျက်နှာသစ်အဖြစ် ငြိမ်းချမ်းခြင်း၏သခင်ထံ၌ ဖွင့်လှစ်နိုင်ပါစေ။ သခင်မ၏ နှလုံးတော်အားဖြင့် ငြိမ်းချမ်းခြင်းတရား အသစ်တဖန် ပြန်လည်ထွန်းကားရမည်ဟု ကျွန်ုပ်တို့ယုံကြည်ကြပါသည်။ လူသားတို့၏အနာဂတ်၊ လူတစ်ဦးစီ၏ လိုအပ်ချက်နှင့် မျှော်လင့်ချက်များ၊ ကမ္ဘာလောက၏ စိုးရိမ်ပူပန်မှုများအားလုံးကို သခင်မထံ ကျွန်ုပ်တို့ အပ်နှံကြပါသည်။ 

မယ်တော်၏ကြားဝင်ဆုပန်ခြင်းအားဖြင့် ဘုရားသခင်၏ ကရုဏာတော်ကို ခံစားရပြီး ငြိမ်းချမ်းသောတေး သီကြွေးလိုကြပါသည်။ မယ်တော်အား အလင်းပေးခဲ့သည့် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် ကျွန်ုပ်တို့အပေါ်သို့ ဆင်းသက်၍ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံစားကြရပါစေသော်။ “ရှင်သန်သော မျှော်လင့်ခြင်းစမ်းရေတော်” နွမ်းခြောက်နေသည့် ကျွန်ုပ်တို့၏ နှလုံးသားများကို စွတ်စိုစေတော်မူပါ။ သူငယ်တော် ယေဇူးသည် မယ်တော်၏ဝမ်းတွင် လူ့အဖြစ်ကို ယူတော်မူခဲ့သည့်နည်းတူ လူသားများကြား ချစ်ခြင်းတရား ကြီးထွားစေတော်မူပါ။ အတိတ်က မြေကမ္ဘာပေါ်တွင် လျှောက်လှမ်းတော်မူခဲ့သော အို - သခင်ဘုရား၊ ယခု သားသမီးတို့အား ငြိမ်းချမ်းသို့လမ်းများသို့ ဦးဆောင်သွားတော်မူပါ၊ အာမင်။


2022-03-23 21:24:47
NEWS AND EVENTS