Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

(၅၆)ကြိမ်မြောက် ကမ္ဘာ့လူမှုဆက်သွယ်ရေးနေ့အတွက်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ သတင်းစကား

နှလုံးသားဖြင့် နားထောင်ခြင်း

(သခင်ယေဇူး ကောင်းကင်ဘုံသို့ တက်ကြွတော်မူသောပွဲ)

 

ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့၊

လွန်ခဲ့တဲ့နှစ်တုန်းက အခြေအနေတစ်ခုခုကို အမှန်အတိုင်း သိရှိနိုင်ဖို့နဲ့ အဲဒီအခြေအနေအတိုင်း လိုက်ပါခံစားရင်း သက်ဆိုင်သူတွေကိုလည်း တွေ့နိုင်ဖို့အတွက် "လာ၍ ကြည့်ကြပါ" ဆိုတဲ့စကားနဲ့အညီ လုပ်ဆောင်ရမယ့်အကြောင်း ကျွန်ုပ်တို့ဆင်ခြင်ထောက်ရှုခဲ့ကြပါတယ်။ အဲဒီလုပ်ဆောင်ချက်ကို အခြေပြု ပြီးတော့ ဒီနှစ်မှာလည်း "နားထောင်ပေးကြဖို့" လိုအပ်တဲ့အကြောင်း ကျွန်ုပ်ထောက်ပြလိုပါတယ်။ နား ထောင်ခြင်းဆိုတာ လူမှုဆက်သွယ်ရေးကဏ္ဍမှာ အဓိကကျတဲ့အရာဖြစ်သလို စစ်မှန်တဲ့ဆွေးနွေးဖလှယ်မှု မှာလည်း မဖြစ်မနေ ပါဝင်ရမယ့်အရာဖြစ်ပါတယ်။

တကယ်တော့ ကျွန်ုပ်တို့ဟာ နေ့စဉ်ပြောဆိုဆက်ဆံတဲ့နေရာမှာဖြစ်ဖြစ်၊ အရေးကြီးအကြောင်း အရာနဲ့ပတ်သက်ပြီး အချေအတင် ပြောဆိုတဲ့နေရာမှာဖြစ်ဖြစ် ကိုယ့်ရဲ့ရှေ့တည့်တည့်မှာ ပြောဆိုနေတာ ကိုတောင် နားထောင်နိုင်စွမ်းမရှိသလို ဖြစ်နေကြပါတယ်။ အခုဆိုရင် နားထောင်ခြင်းဟာ ဆက်သွယ်ရေး နဲ့ သတင်းအချက်အလက်ကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်လာဖို့ တာဆူနေပါပြီ။ အသံထုတ်လွှင့်ချက်အမျိုးမျိုး ထွက်ပေါ်နေတာကိုကြည့်ရင် နားထောင်ခြင်းဆိုတာ လူသားတွေရဲ့ဆက်သွယ်ရေးကဏ္ဍမှာ မရှိမဖြစ် အနေအထားကို ရောက်လာပါပြီ။

စိတ်ဒဏ်ရာတွေကို သီးသန့်ကုသပေးနေတဲ့ အထင်ကရ ဆရာဝန်ကြီးတစ်ယောက်ကို "လူ့ဘ၀မှာ ဘယ်အရာ အလိုအပ်ဆုံးလဲ" လို့ မေးကြည့်တော့ သူက "လူတွေဟာ မိမိတို့ပြောတာကို နားထောင်စေလို တဲ့စိတ်ဆန္ဒပြင်းပြနေတယ်" လို့ ပြန်ဖြေခဲ့ပါတယ်။ ဒီလိုစိတ်ဆန္ဒပြင်းပြတာကို သိပ်ပြီးတော့ ထုတ်ဖော် ပြောလေ့မရှိပါဘူး။ ဒါဟာ လူမှုရေး၊ နိုင်ငံရေး အစရှိတဲ့ ဆက်သွယ်ရေးနယ်ပယ်မှာ ထဲထဲဝင်ဝင် ပါဝင် နေကြတဲ့ မိဘတွေ၊ ဆရာ ဆရာမတွေ၊ ဘုန်းတော်ကြီးတွေ၊ သာသနာ့ဝန်ထမ်းတွေ၊ ဆက်သွယ်ရေးကဏ္ဍ က ဝန်ထမ်းတွေအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။

နှလုံးသားဖြင့် နားထောင်ခြင်း

သမ္မာကျမ်းစာကနေ ကျွန်ုပ်တို့သိလာတဲ့အချက်တစ်ခုကတော့ နားထောင်ခြင်းဆိုတာ အသံကြားရုံ သက်သက်မဟုတ်ဘဲ ဘုရားသခင်နဲ့ လူသားမျိုးနွယ်အကြား အပြန်အလှန် ပြောဆိုဆက်ဆံခြင်းနဲ့ ပိုပြီး သက်ဆိုင်တယ်ဆိုတာပါပဲ။ သမ္မာကျမ်းထဲက ပထမပညတ်တော်မှာ အစဖွင့်ထားတဲ့ "အိုအစ္စရာအဲလ် အမျိုးတို့၊ ကြားနာလော့" (တရား ၆း၄) ဆိုတဲ့ကျမ်းစကားကို သမ္မာကျမ်းထဲမှာ အကြိမ်ကြိမ်အသုံးပြုထား တာ တွေ့ရပါတယ်။ ရှင်ပေါလုကတောင် "ယုံကြည်ခြင်းသည် ကြားနာခဲ့ရသောအရာတို့မှလာ၍" (ရောမ ၁ဝး၁၇) လို့ ရေးသားခဲ့ပါတယ်။ တကယ်တော့ ဒါကို အစပြုသူဟာ ကျွန်ုပ်တို့ကို မိန့်မှာတော်မူတဲ့ ဘုရား ရှင်ကိုယ်တော်တိုင်ဖြစ်ပြီး ကျွန်ုပ်တို့ဟာလည်း ကိုယ်တော်ရှင်မိန့်မှာတာကို နားထောင်ကြပါတယ်။ အဆုံး မှာတော့ ဒီလိုနားထောင်နိုင်တာကလည်း ကိုယ်တော်ရှင်ရဲ့ကျေးဇူးတော်ကြောင့်သာဖြစ်ပါတယ်။ ဥပမာပြ ရရင် အဖေ၊ အမေရဲ့အသံနဲ့ ရွှန်းရွှန်းစားစားအကြည့်ကို တုံ့ပြန်တဲ့ မွေးကင်းစကလေးငယ်လိုမျိုးပါပဲ။ အာရုံငါးပါးထဲမှာ ဘုရားသခင်ကျေးဇူးတော်အထူးပေးထားတဲ့အာရုံဟာ အကြားအာရုံလို့ ပြောရင် ရမယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြားအာရုံဟာ သူများကို ထိခိုက်အောင် မလုပ်သလို အမြင်အာ ရုံထက် ပိုပြီးတော့ သိုသိုသိပ်သိပ် လုပ်ဆောင်တတ်ပါတယ်။ လူကို ချည်နှောင်ခြင်းလည်း မရှိပါဘူး။

နားထောင်ခြင်းဟာ ဘုရားသခင်ရဲ့နှိမ့်ချခြင်းပါရမီတော်ကို ဖော်ညွှန်းပါတယ်။ ဒီအကြားအာရုံရှိ နေတဲ့အတွက် ဘုရားသခင်ဟာ မိမိရဲ့ပုံသဏ္ဌာန်တော်အတိုင်း လူကို နှုတ်တော်ထွက်စကားနဲ့ ဖန်ဆင်း တော်မူခဲ့တဲ့အကြောင်း၊ သူတို့ပြောတာကို နားထောင်ခြင်းအားဖြင့် သူတို့ဟာ မိမိပြောဆိုဆက်ဆံရမယ့်သူ တွေဖြစ်တယ်ဆိုတာ အသိအမှတ်ပြုတဲ့အကြောင်း သိလာရပါတယ်။ ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို ချစ်မြတ်နိုးတော်မူတယ်။ ဒါကြောင့်မို့လို့လည်း ကိုယ်တော်ရှင်ဟာ လူသားတွေကို မိန့်မှာတော်မူခဲ့သလို သူတို့ပြောတာကို နားထောင်ဖို့အတွက်လည်း နားစွင့်တော်မူခဲ့ပါတယ်။

ဒါပေမဲ့ လူသားတွေကတော့ ဒီဆက်ဆံရေးကို ကျောခိုင်းပြီး ကိုယ်တော်ရှင်ရဲ့မိန့်မှာချက်တွေကို မကြားရစေဖို့အတွက် မိမိတို့ရဲ့နားတွေကို ပိတ်ထားခဲ့ကြပါတယ်။ ဒီလိုနားထောင်လိုစိတ်မရှိခြင်းဟာ မကြာခဏဆိုသလို တစ်ပါးသူအပေါ် ကြမ်းကြမ်းတမ်းတမ်းပြုမူတဲ့အဆင့်အထိ ရောက်သွားတတ်ပါ တယ်။ ဦးပဉ္စင်းကြီး စိန့်စတီးဖင်းရဲ့အဖြစ်အပျက်မှာဆိုရင် သူတို့ဟာ နားတွေကို ပိတ်ပြီး သူ့ဆီကို တစ်ပြိုင်တည်း ပြေးသွားခဲ့ကြပါတယ်။ (တမန် ၇း၅၇)

ဘုရားသခင်ဟာ လူတွေကို အမြဲတစေ လွတ်လွတ်လပ်လပ် ဆက်သွယ်ပြီး မိမိကိုယ်ကို ဖော်ပြ တော်မူလေ့ရှိတဲ့အတွက် လူသားတွေအနေနဲ့လည်း ကိုယ်တော်ရှင်မိန့်မှာတာကို လိုလိုလားလားနဲ့ နား ထောင်ဖို့ လိုပါတယ်။ ဘုရားသခင်ဟာ လူသားတွေကို ချစ်ခြင်းမေတ္တာရဲ့ပဋိညာဉ်မှာ ပါဝင်ဖို့ အထင် အရှား ဖိတ်ခေါ်ထားပါတယ်။ ဒီလိုပါဝင်မှသာ လူသားတွေဟာ ကိုယ်တော်ရှင်ရဲ့ပုံသဏ္ဌာန်တော်အတိုင်း တစ်ပါးသူကို နားထောင်တာ၊ ကြိုဆိုလက်ခံတာ၊ နေရာပေးတာတွေကို အပြည့်အဝ လုပ်ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။ အဓိကကတော့ နားထောင်ခြင်းဆိုတာ ချစ်ခြင်းမေတ္တာရဲ့သွင်ပြင်လက္ခဏာတွေထဲက တစ်ခု ပဲဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ယေဇူးဘုရားရှင်ဟာ သူ့ရဲ့တပည့်တော်ကြီးတွေကို မိမိတို့နားထောင်နိုင်စွမ်းဘယ် လောက်ရှိသလဲဆိုတာ ဆန်းစစ်ဖို့ မိန့်တော်မူခဲ့ခြင်းဖြစ်ပါတယ်။ "သို့ဖြစ်၍ သင်တို့မည်ကဲ့သို့ကြားနာရ သည်ကို သတိပြုကြလော့။" (လု ၈း၁၈) မျိုးကြဲသူရဲ့ပုံဥပမာကို မိန့်ကြားပြီးတဲ့အခါမှာလည်း ကိုယ်တော် ရှင်ဟာ ကိုယ်တော်ရှင်ဟာ သူတို့ကို သာမန်နားထောက်ရုံလောက်နဲ့ မလုံလောက်ဘဲ ကောင်းမွန်စွာ နား ထောင်ဖို့ လိုအပ်တဲ့အကြောင်း တိုက်တွန်းခဲ့ခြင်းဖြစ်ပါတယ်။ နှုတ်ကပါဋ္ဌ်တော်ကို "ရိုးသားကောင်းမွန်တဲ့" စိတ်နှလုံးနဲ့ နာယူပြီး သစ္စာရှိရှိ ကျင့်ကြံတဲ့သူတွေသာလျှင် အသက်နဲ့ ကယ်တင်ခြင်းကျေးဇူးကို ရရှိခံစား ရမှာဖြစ်ပါတယ်။ (လု ၈း၁၅) ကျွန်ုပ်တို့ ဘယ်သူ့ကို နားထောင်တယ်၊ ဘာကို နားထောင်တယ်၊ ဘယ်လို နားထောင်တယ်ဆိုတဲ့အချက်ကို အထူးသတိပြုမယ်ဆိုရင် လူမှုဆက်သွယ်ရေးအနုပညာမှာ ကျွန်ုပ်တို့ပိုမို ကျွမ်းကျင်လာမှာဖြစ်ပါတယ်။ တကယ်တော့ စိတ်နှလုံးချည်းပဲသက်သက်ဆိုရင် ဘာသက်ရောက်မှုမှ မရှိ ပါဘူး။ အဲဒီစိတ်နှလုံးကို ဖွင့်ထားမှသာလျှင် လူသူချင်းအကြား နီးစပ်နွေးထွေးမှုကို ဖြစ်ပေါ်စေနိုင်ပါ တယ်။ (cf. Apostolic Exhortation Evangelii Gaudium, ၁၇၁)

ကျွန်ုပ်တို့အားလုံးမှာ နားတွေရှိပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ဟာ အကြားအာရုံကောင်းမွန်နေပါ လျက်နဲ့ တစ်ပါးသူကို မကြားနိုင်လောက်အောင် ဖြစ်နေတဲ့ အကြိမ်အရေအတွက် အတော်များပါတယ်။ တကယ်တော့ ကျွန်ုပ်တို့အတွင်းစိတ်နှလုံးထဲမှာ ဆွံအ နားမကြား ဖြစ်နေတာမျိုးရှိပါတယ်။ ဒါဟာ အပြင် မှာ မကြားတာထက် ပိုပြီးဆိုးပါတယ်။ နားထောင်ခြင်းဆိုတာ အကြားအာရုံရဲ့လုပ်ဆောင်ချက်သက်သက် မဟုတ်ဘဲ လူကိုယ်တိုင် စိတ်ရောကိုယ်ပါ ပါဝင်လုပ်ဆောင်ဖို့ အမှန်တကယ်လိုအပ်ပါတယ်။ ကောင်းမွန် စွာ နားထောင်တတ်တဲ့အလေ့အကျင့်ဟာ နှလုံးသားကနေ လာပါတယ်။ ဆော်လမွန်ဘုရင်ဟာ လွန်စွာ ငယ်ရွယ်တဲ့အချိန်ကတည်းက "နားထောင်တတ်သောစိတ်နှလုံး" ကို ပေးဖို့ ဘုရားသခင်ဆီမှာ တောင်းခံခဲ့ တဲ့အတွက် (cf. 1 Kings ၃:၉) သူဟာ တကယ်ပဲ ပညာရှိတယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ စိန့်ဩဂတ် စတင်းကလည်း နှလုံးသားနဲ့ နားထောင်ဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ဆိုလိုတာက နားနဲ့ နားထောင်ရုံ မဟုတ်ဘဲ ဝိညာဉ်နှလုံးသားနဲ့ နားထောင်ဖို့ အရေးကြီးကြောင်း ပြောချင်တာပါ။ စိန်ဖရန်စစ်အစီစီက လည်း သူ့ရဲ့ညီအစ်ကိုရသေ့တွေကို "နှလုံးသားနဲ့ နားထောင်တတ်ဖို့" တိုက်တွန်းခဲ့ပါတယ်။

ဒါကြောင့် စစ်မှန်တဲ့လူမှုဆက်ဆံရေးရှိဖို့အတွက် ကြိုးစားတဲ့နေရာမှာ မိမိကိုယ်ကို သိရှိဖို့၊ မိမိရဲ့ အမှန်တကယ်လိုအပ်ချက်တွေကို သိရှိဖို့ အရင်ဦးဆုံး မိမိရဲ့အတွင်းစိတ်နှလုံးကို ပြန်နားထောင်နိုင်ရပါ မယ်။ ဖန်ဆင်းခံသတ္တဝါတွေထဲမှာမှ ကျွန်ုပ်တို့ကို ဘယ်အရာက တထူးတခြားဖြစ်စေသလဲဆိုတာကို ကျွန်ုပ်တို့နားလည်နိုင်အောင် လုပ်ရပါမယ်။ တစ်ပါးသူတွေနဲ့ပေါင်းသင်းဆက်ဆံလိုစိတ်၊ ကိုယ်တော်ရှင်နဲ့ ပေါင်းသင်းဆက်ဆံလိုစိတ်ရှိရပါမယ်။ ကျွန်ုပ်တို့ဟာ လူ့သဘာ၀အရ တသီးတခြား နေထိုင်လို့မရဘဲ ပေါင်းသင်းဆက်ဆံကြရပါမယ်။

ကောင်းမွန်တဲ့ဆက်သွယ်ရေးအင်္ဂါရပ်တစ်ခုဖြစ်တဲ့ နားထောင်ခြင်း

အမှန်တကယ် နားထောင်ခြင်းလို့ သတ်မှတ်မရနိုင်တဲ့ နားထောင်နည်းတစ်မျိုးရှိပါတယ်။ အဲဒါက တော့ ခိုးနားထောင်ခြင်းပါပဲ။ ခိုးနားထောင်တာ၊ လျှို့ဝှက်စုံစမ်းတာ၊ ကိုယ်ကျိုးအတွက် တစ်ပါးသူအပေါ် အမြတ်ထုတ်တာတွေဟာ လူတွေ အမြဲတစေလုပ်နေခဲ့ကြတဲ့အရာတွေဖြစ်တဲ့အလျောက် မျက်မှောက် ခေတ် လူမှုကွန်ယက်ပေါ်မှာ ဒီကိစ္စတွေဟာ ပိုပြီးဆိုးဝါးလာသလိုဖြစ်နေပါတယ်။ တကယ်တော့ လူသား ပီပီသသနဲ့ ကောင်းမွန်တဲ့ဆက်သွယ်ရေးဖြစ်စေချင်ရင် ကိုယ့်ရှေ့မှာရှိတဲ့သူကို မျက်နှာချင်းဆိုင်ပြီး ပွင့်ပွင့် လင်းလင်း မျှမျှတတနဲ့ ယုံယုံကြည်ကြည် ဆက်ဆံဖို့ လိုပါတယ်။

နားထောင်ပေးခြင်းမရှိတဲ့အဖြစ်ကို နေ့စဉ်ဘ၀မှာ ကျွန်ုပ်ကြုံတွေ့နေရသလို ပြင်ပလောကမှာ လည်း စိတ်မကောင်းစွာ မြင်တွေ့နေရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားထောင်ပေး ရမယ့်အစား မဆိုင်တဲ့အရာတွေကိုပဲ ပြောနေကြပါတယ်။ အမှန်တရားနဲ့ ကောင်းမြတ်ခြင်းကို ရှာဖွေရ မယ့်အစား အားလုံးသဘောတူညီမှုရှိတာကိုပဲ လိုချင်နေကြတယ်။ နားထောင်ပေးရမယ့်အစား ပရိသတ် အားပေးမှုရဖို့ကိုပဲ အာရုံစိုက်နေကြတယ်။ ကောင်းမွန်တဲ့ဆက်သွယ်ရေးမှာ ပရိသတ်အထင်ကြီးဖို့အတွက် တစ်ပါးသူကိုခုတုံးလုပ်ပြီး ရယ်စရာမလုပ်ပါဘူး။ ကောင်းမွန်တဲ့ဆက်သွယ်ရေးဟာ တစ်ပါးသူပြောဆိုတာ ကို အလေးအနက်ထား နားထောင်ပြီး လက်တွေ့ဘ၀က ရှုပ်ထွေးတဲ့အခြေအနေကို နားလည်နိုင်အောင် ကြိုးစားပါတယ်။ ဝမ်းနည်းဖို့ ကောင်းတာက အသင်းတော်ထဲမှာတောင် မူဝါဒတူသူတွေ အချင်းချင်း မဟာမိတ်ဖွဲ့ပြီးတဲ့နောက်မှာ တစ်ပါးသူကို နားထောင်ခြင်းဆိတ်သုန်းသွားရသလို ဆန့်ကျင်ဘက်အတိုက် အခံတွေကိုလည်း မွေးထုတ်ပေးပြီးသား ဖြစ်နေပါတယ်။

လက်တွေ့ဘ၀က တွေ့ဆုံဆွေးနွေးပွဲတွေမှာ ကျွန်ုပ်တို့ဟာ ထိထိရောက်ရောက် ဆက်သွယ်ပြော ဆိုတာမျိုး မရှိသလောက်ပါပဲ။ တစ်ဖက်က ပြောလို့ပြီးတာနဲ့တစ်ပြိုင်နက် ကိုယ့်အယူအဆကို ပြောကြ တာများပါတယ်။ အတွေးအခေါ်ပညာရှင်ကြီး အာဘရာဟံကပ်ပလန်က ဒီလိုပြောဆိုတာမျိုးကို တွေ့ဆုံ ဆွေးနွေးခြင်းလို့ မခေါ်ဘဲ နှစ်ဘက်စလုံးက ကိုယ်ပြောချင်တာကို ပြောဆိုခြင်းလို့ မှတ်ချက်ပြုခဲ့ပါတယ်။ တကယ်စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးပွဲတွေမှာ အတ္တစိတ်တွေကို ရှေ့တန်းမတင်ဘဲ တစ်ဖက်သားပြောချင် တာ၊ ဖြစ်ချင်တာကို အလေးထားဆွေးနွေးပြောဆိုကြပါတယ်။

ဒါကြောင့် တွေ့ဆုံဆွေးနွေးပွဲတွေမှာ ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုဖို့ဆိုရင် တစ်ပါးသူ ကို နားထောင်ပေးခြင်းဟာ မဖြစ်မနေလိုအပ်ပါတယ်။ နားထောင်ပေးတာမရှိရင် ထိရောက်တဲ့ဆက်သွယ် မှုလို့ မခေါ်နိုင်ပါဘူး။ ထိုနည်းလည်းကောင်းပဲ၊ တစ်ပါးသူပြောတာကို နားထောင်ပေးလိုစိတ်မရှိတဲ့ သတင်းသမားဟာလည်း ကျင့်ဝတ်နဲ့ မညီပါဘူး။ ခိုင်မာတိကျပြီး မျှတတဲ့ သတင်းအချက်အလက်ကို လို ချင်ရင် အချိန်ကောင်းကောင်းပေးပြီး နားထောင်ရပါတယ်။ အဖြစ်အပျက်တစ်ခု၊ အတွေ့အကြုံတစ်ခုကို သတင်းတင်ပြတဲ့နေရာမှာ တစ်ပါးသူပြောတာကို နားထောင်နိုင်ရပါမယ်။ ကိုယ်ကြိုတင်တွေးဆထားတဲ့ အရာတွေမှားယွင်းခဲ့ရင်လည်း ကိုယ့်စိတ်ကို ချက်ချင်းပြောင်းလဲပြီး အမှန်အတိုင်း တင်ပြနိုင်ရပါမယ်။

ကိုယ်ပြောချင်တာချည်းပဲ ပြောတတ်တဲ့အကျင့်ကို ဖျောက်မှသာလျှင် ထိရောက်တဲ့ဆက်သွယ် ပြောဆိုမှုဖြစ်လာမှာပါ။ နားလည်တတ်ကျွမ်းသူတွေပြောပြချက်အရ သတင်းဇစ်မြစ်တစ်ခုတည်းကို အခြေ မခံဘဲ တတ်နိုင်သမျှ သတင်းဇစ်မြစ်များများဆီမှာ စုံစမ်းပြီး တင်ပြနိုင်မှသာ ယုံကြည်နိုင်လောက်တဲ့ သတင်းအချက်အလက်ကို ကျွန်ုပ်တင်ပြနိုင်မှာဖြစ်ပါတယ်။ တစ်ပါးသူတွေရဲ့အသံကို နားထောင်တာ၊ အသင်းတော်ထဲမှာလည်း ညီအစ်ကို မောင်နှမအချင်းချင်း အတွေးအမြင်ဖလှယ်တာမျိုး ရှိမှသာလျှင် ကျွန်ုပ်တို့ဟာ အမှန်တရားနဲ့ မသွေဖည်ဘဲ သေသေချာချာ လေ့လာဆန်းစစ်နိုင်မှာဖြစ်ပါတယ်။

ဒါဆိုရင် နားထောင်ခြင်းဟာ ဘာလို့အရေးကြီးရတာလဲ။ အသင်းတော်ရဲ့ အထင်ကရ သံတမန် တစ်ပါးဖြစ်တဲ့ ကာဒီနယ် အာဂုတ်စတီးနိုက လွတ်လပ်မျှတမှုနည်းပါးတဲ့အခြေအနေနဲ့ နှစ်ဖက်အကြား တင်းမာနေတဲ့အခါ အတတ်နိုင်ဆုံး ကောင်းကျိုးထွက်ပေါ်စေဖို့အတွက် စိတ်ရှည်ရှည်နဲ့ နားထောင်ပေးဖို့ လိုအပ်သလို တစ်ဖက်လူနားလည်အောင် ပြောဆိုတတ်ဖို့လည်း လိုအပ်တယ်လို့ မှတ်ချက်ပြုခဲ့ဖူးပါတယ်။ အဲဒီလောက် တင်းမာမှုမရှိတဲ့အခြေအနေမျိုးမှာတောင် စိတ်ရှည်ဖို့ အရေးကြီးပြီး တစ်ဖက်က ပြောလာ တာတွေကို အမှန်အတိုင်း လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုလက်ခံနိုင်မှသာ အသိအမြင်ပိုကျယ်လာမှာ ဖြစ်ပါတယ်။ ကလေးငယ်တစ်ယောက် သူ့ပတ်ဝန်းကျင်ကို မျက်လုံးအဝိုင်းသားနဲ့ အဆက်မပြတ် စူးစမ်း ကြည့်ရှုနေတဲ့ပုံမျိုးကို မြင်ယောင်ကြည့်လိုက်ပါ။ ဒီလိုစိတ်မျိုးထားရှိမှသာလျှင် ကျွန်ုပ်တို့ဟာ အသိအမြင် တိုးပွားလာမှဖြစ်ပါတယ်။ တစ်ဖက်လူပြောတဲ့အရာက အသေးအဖွဲကိစ္စလေးဖြစ်နေပါစေ ကျွန်ုပ်တို့ဟာ သူ့ဆီကနေ သင်ယူနိုင်ပြီး ကျွန်ုပ်တို့ဘ၀တိုးတက်ရေးအတွက် ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ကြာရှည်လာပြီဖြစ်တဲ့ ကပ်ရောဂါကာလမှာ တစ်ဖက်လူ့အဖွဲ့အစည်းရဲ့တင်ပြချက်ကို နားထောင် နိုင်ခြင်းဟာ ယခင်ကထက် များစွာအကျိုးပွားစေပါတယ်။ တရားဝင်သတင်းထုတ်ပြန်ချက်တွေအပေါ် အယုံအကြည်ကင်းမဲ့လာတဲ့ပြဿနာဟာ ပွင့်လင်းခိုင်မာပြီး ယုံကြည်နိုင်လောက်တဲ့ သတင်းလောကကို တည်ဆောက်ဖို့ အခက်အခဲဖြစ်ပေါ်စေပါတယ်။ ကျွန်ုပ်တို့ဟာ စီးပွားရေးအလုပ်အကိုင် ခက်ခဲကျပ်တည်း တဲ့ အခုလိုကာလမျိုးမှာ တစ်ပါးသူအပေါ် အလေးအနက်ထား နားထောင်တတ်ဖို့ လိုနေပါပြီ။

နေရပ်စွန့်ခွာထွက်ပြေးဖို့ အတင်းအကြပ် ဖိအားပေးခံရတဲ့ကိစ္စရပ်တွေမှာ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်တဲ့ဖြေဆေးဆိုတာ မရှိပါဘူး။ ဒီလိုနေရပ်စွန့်ခွာသူတွေရဲ့အဖြစ်အပျက်တွေကို နားထောင် ပြီး နွေးထွေးတဲ့စိတ်ထားမျိုးမွေးမြူနိုင်မှသာ သူတို့အပေါ် လွဲမှားတဲ့အမြင်နဲ့ ကြည့်ပြီးဆုံးဖြတ်တာကို အဆုံးသတ်နိုင်ပါလိမ့်မယ်။ သူတို့တွေရဲ့နာမည်နဲ့ ပြောကြားချက်တွေကို လေ့လာမှတ်သားပါ။ သတင်း သမားကောင်းတွေကတော့ ဒီလိုပဲလုပ်ဆောင်နေကြပါတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်ကိုကြည့်ပြီး တခြား သူတွေလည်း အဲဒီအတိုင်း ထပ်တူလုပ်ဆောင်လာကြပါလိမ့်မယ်။ သူတို့ကို အားပေးနှစ်သိမ့်ပါ။ သူတို့ ပြောတာတွေကို ဂရုစိုက်နားထောင်ပါ။ ဒီလိုစိတ်မျိုးထားမယ်ဆိုရင် ကိုယ့်နိုင်ငံအတွက် သင့်တော်မယ့် ရွှေ့ပြောင်းအခြေချခြင်းမူဝါဒကို ချမှတ်နိုင်ပါလိမ့်မယ်။ ကျွန်ုပ်တို့သတိပြုရမှာက ဒီလူတွေကို အရေ အတွက် ကိန်းဂဏန်းတွေ၊ အန္တရာယ်ပေးမယ့်သူတွေအဖြစ် မသတ်မှတ်ဘဲ ဘ၀ပေးအခြေအနေအမျိုးမျိုး က လာတဲ့လူသားအစစ်အမှန်တွေ၊ ကျွန်ုပ်တို့နားထောင်ပေးရမယ့်သူတွေအဖြစ် ရှုမြင်နိုင်ဖို့ပဲဖြစ်ပါတယ်။

အသင်းတော်ထဲမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားထောင်ပေးခြင်း

အသင်းတော်ထဲမှာ ဒီလိုမျိုး အပြန်အလှန်နားထောင်ပေးဖို့ လိုအပ်နေပါတယ်။ ဒါဟာ ကျွန်ုပ်တို့ အချင်းချင်းအကြား ပေးနိုင်တဲ့ အဖိုးတန်လက်ဆောင်တစ်ခုပါပဲ။ "ခရစ်ယာန်တွေအနေနဲ့ မေ့လျော့နေတဲ့ အချက်က မိမိတို့ဟာ တစ်ပါးသူရဲ့ခံစားချက်ကို အလေးထားနားထောင်တဲ့ ကိုယ်တော်ဘုရားရှင်ရဲ့အမှု တော်ကို ထမ်းဆောင်သူတွေဖြစ်တဲ့အတွက် ကိုယ်တော်ရှင်ကဲ့သို့ အလေးအနက်ထားပြီး နားထောင်ပေးဖို့ တာဝန်ရှိတယ်ဆိုတာပါပဲ။ ဘုရားသခင်ရဲ့နှုတ်ကပါဋ္ဌ်တော်ကို ဟောပြောဖို့ဆိုရင် ဘုရားသခင်ရဲ့နားမျိုးနဲ့ နားထောင်တတ်ဖို့ လိုအပ်ပါတယ်။" ဒါကြောင့် ထင်ရှားတဲ့ ပရိုတက်စတင့်ဓမ္မပညာရှင် ဒီယေထရစ်ဘွန် ဟိုဖာက အသင်းအဖွဲ့တစ်ခုမှာ တစ်ပါးသူအတွက် ကျွန်ုပ်တို့လုပ်ပေးရမယ့်အရာတစ်ခုကတော့ သူတို့ ပြောတာကို နားထောင်ပေးခြင်းပါပဲလို့ သတိပေးခဲ့ပါတယ်။ ကိုယ့်ရဲ့ညီအစ်ကို မောင်နှမတွေကို နား ထောင်ပေးဖို့ ပျက်ကွက်သူဟာ မကြာခင်မှာ ဘုရားသခင်ကို နားထောင်ဖို့လည်း ပျက်ကွက်လာပါလိမ့် မယ်။

သာသနာ့အမှုထမ်းဘ၀မှာ ပြုလုပ်ရမယ့် အရေးအကြီးဆုံးအလုပ်တစ်ခုကတော့ ပြောဆိုတာ မလုပ်ခင် အရင်ဆုံး နားထောင်တတ်ဖို့ပါပဲ။ တမန်တော်ကြီး ရှင်ယာကုပ်က "ညီအစ်ကိုတို့၊ ဤအချက်ကို သိမှတ်ကြလော့။ လူတိုင်းသည် ကြားနာခြင်း၌ လျင်မြန်ကြရမည်။ ပြောဆိုခြင်းနှင့် အမျက်ထွက်ခြင်း၌ ကား နှေးကွေးကြရမည်" (ယာ ၁း၁၉) လို့ တိုက်တွန်းထားပါတယ်။ တစ်ပါးသူကို နားထောင်ဖို့ အချိန် ပေးခြင်းဟာ ချစ်ခြင်းမေတ္တာရဲ့ ပထမဆုံးခြေလှမ်းပဲဖြစ်ပါတယ်။

အသင်းတော်တစ်ခုလုံးပါဝင်ရမယ့်ညီလာခံကို ကျွန်ုပ်တို့အစပြုခဲ့ပြီးဖြစ်ပါတယ်။ ဒီညီလာခံဟာ တစ်ဦးကိုတစ်ဦး နားထောင်တတ်ဖို့ အခွင့်အရေးပေးတဲ့ညီလာခံဖြစ်လာအောင် ဆုတောင်းကြပါစို့။ အသင်းအဖွဲ့ဆိုတာ မဟာဗျူဟာတွေ၊ လုပ်ဆောင်ချက်တွေကနေ ထွက်ပေါ်လာတာမဟုတ်ဘဲ ညီအစ်ကို မောင်နှမအကြား အပြန်အလှန်နားထောင်ပြီး တည်ဆောက်ရာကနေ ထွက်ပေါ်လာတဲ့အရာဖြစ်ပါတယ်။ ကွာယာဆိုတဲ့အဖွဲ့လိုပဲ ကျွန်ုပ်တို့ဟာလည်း အားလုံးတစ်သံတည်း ထွက်နေဖို့ မလိုပါဘူး။ အသံအနိမ့် အမြင့်ကွဲပြားပေမဲ့ လိုက်လျောညီထွေမှုရှိရင် အလုပ်ဖြစ်ပါပြီ။ မိမိဆိုရမယ့်သံစဉ်အတိုင်း ဆိုနေစဉ်မှာပဲ တခြားသူတွေဆိုနေတဲ့အသံကိုလည်း နားထောင်နေရပါတယ်။ ဒါမှသာ ကောင်းမွန်တဲ့သံစုံသီချင်းအဖွဲ့ ဖြစ်လာမှာပါ။ တေးရေးသူက လိုက်လျောညီထွေမှုရှိတဲ့သံစုံသီချင်းထွက်ပေါ်လာအောင် ရေးစပ်ထားပေမဲ့ သီဆိုသူတစ်ဦးတစ်ယောက်ချင်းစီက တစ်ဦးရဲ့အသံကို တစ်ဦးက နားထောင်ပြီး လိုက်လျောညီထွေစွာ သီဆိုနိုင်မှသာ ကောင်းမွန်တဲ့သံစုံသီချင်းသံထွက်ပေါ်လာမှာဖြစ်ပါတယ်။

ဦးဆောင်ပြီး လက်တွဲခေါ်တဲ့အသင်းအဖွဲ့ထဲမှာ ကျွန်ုပ်တို့ပါဝင်နေတယ်ဆိုတဲ့အချက်ကို သတိပြု  လုပ်ဆောင်ကြမယ်ဆိုရင် ညီညာလှပတဲ့အသင်းတော်တစ်ခုကို ကျွန်ုပ်တို့ပြန်လည်ဖော်ဆောင်နိုင်ကြပါ လိမ့်မယ်။ အဲဒီအခါမှာ တစ်ဦးရဲ့အသံကို တစ်ဦးက နားထောင်ရင်း၊ မိမိသီဆိုရမယ့်အပိုင်းကိုလည်း သီဆိုရင်း ဝိညာဉ်တော်မြတ်ဘုရားအစပြုပေးခဲ့တဲ့ လိုက်လျောညီထွေမှုကို ကျွန်ုပ်တို့အားလုံးအတူတကွ ဖော်ဆောင်နိုင်မှာပဲ ဖြစ်ပါတော့တယ်။

 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

စိန့်ဂျွန်လာတဲရန်ဘာစီလီကာကျောင်းတော်ကြီး၊ 

ရောမမြို့

ဇန်နဝါရီ ၂၄၊ ၂၀၂၂

စိန့်ဖရန်စစ်ဒီဆေးလ်ပွဲနေ့

 


2022-05-27 22:14:07
NEWS AND EVENTS