Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကက်သလစ်ဆရာတော်ကြီးများ၏ (၁၆)ကြိမ်မြောက် ဓမ္မညီလာခံ - ပထမပိုင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏အဖွင့်ဩဝါဒ

ညီအစ်ကိုမောင်နှမအပေါင်းတို့၊

ဒီဓမ္မညီလာခံမှာ ကျွန်ုပ်တို့နဲ့ အတူတကွ ပါဝင်လျှောက်လှမ်းနေကြတဲ့သင်တို့အားလုံးကို ကျွန်ုပ်နှုတ်ခွန်းဆက်ပါတယ်။

ပုပ်ရဟန်းမင်းကြီး စိန့်ဂျွန်(၆)က ‘‘အနောက်တိုင်းမှာ သာသနာတော်အတွင်း အတူတကွ ခရီးပြုလျှောက်လှမ်းရမယ်ဆိုတဲ့ စိတ်ထားမျိုး ပျောက်ဆုံးလာတယ်’’လို့ မိန့်ကြားခဲ့ဖူးတာကို ကျွန်ုပ်အမှတ်ရမိပါတယ်။ ဒီအတွက်ကြောင့်ပဲ​ သူက ဆရာ တော်ကြီးများရဲ့ဓမ္မညီလာခံကို စီစဉ်ဆောင်ရွက်ဖို့ အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒီအဖွဲ့ရဲ့စီစဉ်ဆောင် ရွက်မှုနဲ့ ဓမ္မညီလာခံများစွာကို ဦးတည်ချက်အမျိုးမျိုးထားရှိပြီး ကျင်းပလာခဲ့ကြပါတယ်။

ဒါပေမဲ့ အတူတကွ ခရီးပြုနေတဲ့အသင်းတော်အဖြစ် ဖော်ဆောင်တဲ့နေရာမှာ လိုအပ်ချက်တွေရှိနေပါသေးတယ်။ ကျွန်ုပ် ကိုယ်တိုင် ဒီလိုဓမ္မညီလာခံတစ်ခုမှာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်တုန်းက မဲပေးဆုံးဖြတ်ဖို့ စီစဉ်နေတဲ့ အချိန်မှာ ညီလာခံရဲ့အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ကာဒီနယ်က ‘‘ဘာလုပ်နေတာလဲ’’လို့ လာမေးတယ်။ သူက ဘယ်လ် ဂျီယံက သာသနာပြုပုဂ္ဂိုလ်မြတ်တစ်ပါးပါ။ ကျွန်ုပ်လည်း ‘‘မနက်ဖြန် မဲပေးဖို့အတွက် လုပ်နေတာပါ’’လို့ ပြန်ဖြေလိုက် တယ်။ ဒီအခါမှာ သူက ‘‘မလိုဘူးလေ။ ဒီကိစ္စကို မဲနဲ့မဆုံးဖြတ်ဘူး’’လို့ ပြန်ပြောတယ်။ ကျွန်ုပ်ကလည်း ‘‘ဒါက အားလုံးပါဝင်ရမယ့်ညီလာခံပဲလေ’’လို့ စောဒကတက်တော့ ‘‘မလိုဘူး၊​ မလိုဘူး၊ ဒါကို မဲနဲ့မဆုံးဖြတ်ဘူး’’လို့ ပြန်ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်ုပ်တို့ကိုယ်တိုင်က ညီလာခံမှာ အားလုံးလွတ်လွတ်လပ်လပ်နဲ့ မိမိရဲ့ထင်မြင်ချက်ကို ထုတ်ဖော်ခွင့်ရှိတယ်ဆိုတာ အသေအချာ နားမလည်ခဲ့ကြပါဘူး။ ဒီလိုနဲ့ နှစ်ပေါင်း(၆၀)နီးပါး ကာလအတွင်းမှာ ဓမ္မညီလာခံရဲ့လမ်းကြောင်းဟာ တဖြည်းဖြည်းနဲ့ပီပြင်လာပြီး အခုဆိုရင် အတူတကွ ခရီးပြုနေတဲ့ အသင်းတော်အနေနဲ့ ဒီဓမ္မညီလာခံကို ကျွန်ုပ်တို့ကျင်းပနေကြပါပြီ။

ဒါလွယ်လွယ်ကူကူနဲ့ ဖြစ်လာတာတော့မဟုတ်ပါဘူး။ ကောင်းတာတော့ အရမ်းကောင်းပါတယ်။ တစ်ကမ္ဘာလုံးက ဆရာ တော်တွေက ဒီလိုဓမ္မညီလာခံမျိုး လုပ်ချင်နေကြတာပါ။ အမေဇုံဒေသကောင်းကျိုးအတွက် ကျင်းပခဲ့တဲ့ ဓမ္မညီလာခံအပြီး လေ့လာချက်တစ်ခုလုပ်ခဲ့တဲ့အခါ ဆရာတော်တွေ ဒုတိယဦးစားပေးလုပ်ချင်တဲ့နောက်ထပ်ဓမ္မညီလာခံက အတူတကွခရီးပြု လျှောက်လှမ်းတဲ့ အခုလိုဓမ္မညီလာခံမျိုးပါ။ ပထမဦးစားပေးက ရဟန်းတော်တွေရဲ့အရေးပါ။ တတိယဦးစားပေးက လူမှု ရေးရာကိစ္စလို့ ကျွန်ုပ်ထင်တယ်။ အခုကျွန်ုပ်တို့ကျင်းပနေတဲ့ဓမ္မညီလာခံက ဒုတိယဦးစားပေးလုပ်ချင်တဲ့အရာပါ။ ကမ္ဘာတစ်ဝန်းလုံးက ဆရာတော်တွေက အတူတကွခရီးပြုခြင်းနဲ့ပတ်သက်ပြီး အသေအချာထောက်ရှုသုံးသပ်ဖို့ လိုနေတာ ကို သိရှိနေခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲ။ ဒီလိုဓမ္မညီလာခံမျိုးလုပ်ဖို့အတွက် အချိန်ကျရောက်ပြီဆိုတာ ဆရာတော်တွေအားလုံးသိလာကြတဲ့အတွက်ပဲဖြစ်ပါတယ်။

ဒီဦးတည်ချက်နဲ့ ဓမ္မညီလာခံကို ကျင်းပနေကြတာပါ။ ကျွန်ုပ်အနေနဲ့ ပြောလိုတာကတော့ ဓမ္မညီလာခံဆိုတာ လွှတ်တော်ခေါ်ယူကျင်းပနေတာမဟုတ်ပါဘူး။ မတူပါဘူး။ အဲဒီလိုပဲ၊ ဓမ္မညီလာခံဆိုတာ နီးစပ်ရာမိတ်ဆွေတွေစုဝေးပြီး လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့၊ မိမိတို့ရဲ့အယူအဆကို ပြောဆိုဖို့ လုပ်နေတာမျိုးလည်း မဟုတ်ပါဘူး။ မတူပါဘူး။ ညီအစ်ကိုမောင်နှမအပေါင်းတို့၊ ကျွန်ုပ်တို့အထူးသတိထားရမှာက ဒီဓမ္မညီလာခံကို ဦးဆောင်သူဟာ ကျွန်ုပ်တို့ မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်သာဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ ကျွန်ုပ်တို့ကို အလင်းပေးလမ်းညွှန်တော်မူတဲ့ ဝိညာဉ်တော်ဘုရားဟာ ကျွန်ုပ်တို့အလယ်မှာ ရှိနေပြီဆိုရင် ဒီဓမ္မညီလာခံဟာ ကောင်းမွန်တဲ့ဓမ္မညီလာခံဖြစ်ပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးထင်မြင်ချက်နဲ့ ဝါဒရေးရာတွေကိုပဲ ဦးစားပေး စည်းရုံးပြောဆိုကြမယ်ဆိုရင် ဒါဟာ ဓမ္မညီလာခံမဟုတ်တော့ဘဲ လွှတ်တော်ကျင်းပနေတာနဲ့ပဲ တူသွားပါလိမ့်မယ်။ ပုံစံလုံး၀မတူတော့ပါဘူး။ ဓမ္မညီလာခံဆို တာ သန့်ရှင်းသောဝိညာဉ်တော်ဖော်ဆောင်ပေးတဲ့ခရီးတစ်ခုပါ။ ဒီဓမ္မညီလာခံစတင်ကျင်းပတဲ့အခါ သင်တို့ကို အထောက် အကူပြုစေဖို့ဆိုပြီး အသင်းတော်ရဲ့ရှေးဦးဖခင်ကြီးတွေရေးသားခဲ့တဲ့စာတွေကို ပေးခဲ့ပါတယ်။ အဲဒီစာတွေဟာ သန့်ရှင်း သောဝိညာဉ်တော်အကြောင်း စိန့်ဘာဆေးရေးသားခဲ့တဲ့စာတမ်းကနေ ကောက်နုတ်ထားတာဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီစာ တွေကို ပေးရသလဲဆိုတော့ လက်တွေ့ဖြစ်ပျက်နေတဲ့အခြေအနေကို နားလည်ထားဖို့ လိုအပ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါ တယ်။ ဒီလိုနားလည်ဖို့ဆိုတာကလည်း လွယ်လွယ်ကူကူနဲ့ဖြစ်မလာပါဘူး။

ကမ္ဘာတစ်ဝန်းလုံးက ဆရာတော်ကြီးတွေ အတူစုဝေးကျင်းပတဲ့ ဓမ္မညီလာခံစတင်ပေါ်ပေါက်လာခြင်း နှစ်ပေါင်း(၅၀)ပြည့် မြောက်တဲ့နှစ်ပတ်လည်အတွက် ဓမ္မပညာရှင်တချို့ ပြင်ဆင်ပေးခဲ့တဲ့ ကြေညာချက်တစ်စောင်ကို ကျွန်ုပ်လက်မှတ်ထိုးခဲ့ပါ တယ်။ ဒါဟာ ကောင်းမွန်တဲ့ခြေလှမ်းသစ်တစ်ခုပါ။ အခုဆိုရင် ဒီလမ်းကို အသုံးပြုပြီး ကျွန်ုပ်တို့အဖြေရှာကြရပါလိမ့်မယ်။ ဒီဓမ္မညီလာခံကို ဦးဆောင်သူဟာ ကျွန်ုပ်တို့မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်သာဖြစ်ပါတယ်။ သန့်ရှင်းသောဝိညာဉ် တော်ဘုရားကို နေရာပေးမယ်ဆိုရင် ဓမ္မညီလာခံကျင်းပတာ အောင်မြင်ပါလိမ့်မယ်။ စိန့်ဘာဆေးရေးသားခဲ့တဲ့စာတွေကို အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီ၊ စပိန် စတဲ့ဘာသာစကားတွေနဲ့ ဝေထားတာဖြစ်တဲ့အတွက် သင်တို့လက်ထဲ ရောက်နေပါ ပြီ။ ဒါနဲ့ပတ်သက်လို့ ကျွန်ုပ်ပြောမှာမဟုတ်တဲ့အတွက် သင်တို့ကိုယ်တိုင်ဖတ်ရှုပြီး ထောက်ရှုဆင်ခြင်ကြဖို့ ကျွန်ုပ်တောင်း ဆိုပါတယ်။

သာသနာတော်ရဲ့လမ်းစဉ်မှာ သန့်ရှင်းသောဝိညာဉ်တော်ဘုရားက အဓိကလှုပ်ရှားသူဖြစ်ပါတယ်။ ဝိညာဉ်တော်ဘုရားရဲ့ ကျေးဇူးတော်ရရှိမှသာလျှင် လူသားတွေ ကယ်တင်ခြင်းရရှိနိုင်ပါလိမ့်မယ်။ ကိုယ်တော်ရှင်ဟာ ဦးဆောင်လှုပ်ရှားတဲ့အရှင် ဖြစ်ပါတယ်။ ဒီအချက်ကို ကျွန်ုပ်တို့နားမလည်ဘူးဆိုရင် ကျွန်ုပ်တို့ဟာ တမန်တော်ဝတ္ထုထဲက "ဝိညာဉ်တော်မြတ်ကို ခံယူ ခဲ့ကြသလော"၊  "ဝိညာဉ်တော်မြတ်ရှိတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့မကြားဖူးပါ" လို့ ပြောဆိုကြတဲ့သူတို့လိုပဲဖြစ်ပါ လိမ့်မယ်။ ကျွန်ုပ်တို့အနေနဲ့ ဝိညာဉ်တော်ဘုရားဟာ သာသနာတော်ကို ဦးဆောင်ပြီး သက်ဝင်လှုပ်ရှားစေသူဖြစ်တယ်ဆို တာကို ကောင်းကောင်းနားလည်ဖို့ လိုပါတယ်။

သန့်ရှင်းသောဝိညာဉ်ဘုရားဟာ အမျိုးမျိုးကွဲပြားနေကြပေမဲ့ ခိုင်မာတဲ့လမ်းစဉ်တစ်ခုကို အသင်းတော်ထဲက ဘာသာဝင် များကြားမှာ ချမှတ်ပေးခဲ့ပါတယ်။ အဲဒါကတော့ ပင်တေကော့စ်ပွဲနေ့မှာ ဖြစ်ခဲ့တဲ့ ရှုပ်ထွေးတဲ့ဖြစ်ရပ်မျိုးပါပဲ။ ပင်တေ ကော့စ်ပွဲနေ့မှာ ပထမတော့ အစီအစဉ်တကျနဲ့ အေးအေးဆေးဆေးပါပဲ။ နောက်တော့ ထူးခြားစွာနဲ့ ဆူဆူညံညံ အသံတွေ ထွက်လာပြီး လူတိုင်းက ကိုယ့်ဘာသာစကားနဲ့ကိုယ်ပြောဆိုကြတယ်။ အားလုံးကလည်း နားလည်နေကြတယ်။ ပထမ တော့ ဘာဖြစ်မှန်း အသေအချာမသိကြဘူး။ ဒါပေမဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့တန်ခိုးတော်နဲ့လုပ်ဆောင်ချက်ကို တွေ့ လာကြရတယ်။ အဲဒါကတော့ ပေါင်းစည်းခြင်းမဟုတ်ဘဲ သဟဇာတရှိခြင်းပဲဖြစ်ပါတယ်။ ကိုယ်တော်ရှင်က အားလုံးကို တစ်ပုံစံထဲဖြစ်အောင် လုပ်ဆောင်ခဲ့တာမဟုတ်ဘဲ တစ်ဦးနဲ့တစ်ဦး မတူကွဲပြားမှုတွေရှိနေပေမဲ့ အချင်းချင်းအကြားမှာ သဟဇာတရှိအောင် လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ကျွန်ုပ်တို့ကြားမှာ သဟဇာတရှိမနေဘူးဆိုရင် ဝိညာဉ်တော်ဘုရား ရှိမနေလို့ပဲဖြစ်ပါတယ်။ ဒါဟာ ကိုယ်တော်ရှင်ဟာ အလုပ်လုပ်တဲ့ပုံစံဖြစ်ပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်ဘုရားဟာ လူသားတို့ရဲ့ကယ်တင်ခြင်းသမိုင်းကို သဟဇာတရှိရှိ ဖော်ဆောင်ပေးတဲ့အရှင်လည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်ုပ်တို့သတိထားရမှာက သဟဇာတရှိတယ်ဆိုတာ အားလုံးကို တစ်ခုတည်းဖြစ်သွားအောင် ပေါင်းစည်းပစ်လိုက်တာမျိုးမဟုတ်ဘဲ မတူညီတဲ့အရာတွေ အတူတကွ တည်ရှိနေတာမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီ

ဓမ္မညီလာခံအပြီးမှာ ကွဲပြားမှုလုံး၀မရှိဘဲ အားလုံးတစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်ဆိုတဲ့ ကြေညာစာတမ်း ထွက်လာရင် ဝိညာဉ်တော်ဘုရားပါရှိတဲ့ ဓမ္မညီလာခံမဟုတ်တော့ပါဘူး။ ဝိညာဉ်တော်ဘုရားဟာ မတူညီတဲ့အရာတွေကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းလိုက်တာမဟုတ်ဘဲ လိုက်လျောညီထွေမှုရှိရှိနဲ့ အတူတကွရှိနေအောင် လုပ်ဆောင်ပေး သူဖြစ်ပါတယ်။

အသင်းတော်ဟာ ဝိညာဉ်တော်ဘုရားရဲ့လက်ရာတော်နဲ့ များစွာသောအသံတွေ အတူတကွ သဟဇာတရှိရှိ နေထိုင်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ အသင်းတော်ကို ဒီလိုမျိုးပဲ ရှုမြင်ရပါမယ်။ သာသနာနယ်တစ်ခုစီတိုင်း၊ ဘာသာဝင်တစ်ဦးစီတိုင်းမှာ ကွဲပြားမှုတွေရှိနေပါတယ်။ ကွဲပြားတယ်ဆိုပေမဲ့လည်း အသင်းတော်ထဲမှာ အများတကာနဲ့ သဟဇာတရှိရှိ လျှောက်လှမ်းနေရပါမယ်။ ဒီလိုသဟဇာတရှိရှိ လျှောက်လှမ်းနိုင်အောင် လုပ်ဆောင်သူဟာ သန့်ရှင်းသော ဝိညာဉ်ဘုရားပဲဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ဆိုတာ ကျွန်ုပ်တို့လူသားတွေမတတ်နိုင်ပါဘူး။ ကျွန်ုပ်တို့ဟာ လွှတ်တော် မဟုတ်သလို ကမ္ဘာ့ကုလသမ္မဂလည်း မဟုတ်ပါဘူး။ သူတို့နဲ့ ကွဲပြားခြားနားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

သာသနာနယ်တွေ လိုက်လျောညီထွေမှုရှိရှိ လျှောက်လှမ်းနိုင်တဲ့အဓိကအကြောင်းတရားက ဝိညာဉ်တော်ဘုရားပဲဖြစ်ပါ တယ်။ စိန့်ဘာဆေးက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဆရာတော်တွေကို အခုလိုပြောခဲ့ပါတယ်။ "ဒါကြောင့်မို့လို့ ကျွန်ုပ်တို့ရဲ့ ကောင်းကျိုးနဲ့၊ လိုက်လျော်ညီထွေစွာ ပေါင်းစပ်မှုအတွက် စဉ်းစားရသလိုမျိုးပဲ မတူကွဲပြားမှုတွေကြောင့် ကြုံတွေ့ရတဲ့ ဒုက္ခ အခက်အခဲတွေကိုလည်း မျှဝေခံထမ်းကြဖို့ ကျွန်ုပ်တိုက်တွန်းလိုပါတယ်။ ကွဲပြားမှုတွေကြောင့် ကျွန်ုပ်တို့ လမ်းခွဲရတာမျိုး မဖြစ်ဘဲ တစ်ဦးကိုတစ်ဦး ပွေ့ဖက်ရင်း အသင်းတော်ထဲမှာ သဟဇာတရှိရှိ အတူလျှောက်လှမ်းနိုင်ဖို့ လိုအပ်ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ကျွန်ုပ်တို့ဟာ ဝိညာဉ်တော်ဘုရားရဲ့ကျေးဇူးတော်အတိုင်း အဖွဲ့အစည်းတစ်ခုအဖြစ် အတူတကွလျှောက် လှမ်းနေကြတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်ဘုရားဟာ ကျွန်ုပ်တို့ကို လက်က ကိုင်စွဲပြီးတော့ နှစ်သိမ့်ပေးတတ်တဲ့အရှင်ဖြစ်ပါတယ်။ ဝိညာဉ်တော်ဘုရားတည်ရှိတော်မူခြင်းဟာ မိခင်တစ်ယောက်ရှိနေသလိုမျိုးပဲလို့ ကျွန်ုပ်ဆိုချင်ပါတယ်။ ကိုယ်တော်ရှင်ဟာ မိခင်တစ်ယောက်ပြုမူသလိုပဲ ကျွန်ုပ်တို့ကို လမ်းပြခေါ်ဆောင်တယ်၊ နှစ်သိမ့်ပေးတယ်။ ကိုယ်တော်ရှင်ဟာ နှစ်သိမ့်ပေး တော်မူသောအရှင်ဖြစ်ပါတယ်။ ဒါဟာ ဝိညာဉ်တော်မြတ်ရဲ့နာမတော်တွေထဲက တစ်ခုပါပဲ။ သန့်ရှင်းသောဝိညာဉ်တော် ဘုရားရဲ့ နှစ်သိမ့်ပေးခြင်းလုပ်ရပ်ဟာ ဓားပြတွေလက်ထဲ ကျရောက်ခဲ့သူကို ပြုစုပေးတဲ့ တည်းခိုခန်းပိုင်ရှင်နဲ့အလား သဏ္ဍာန်တူပါတယ်။ (လု ၁၀:၃၄-၃၅) ကောင်းသောဆမာရိတန်ပုံဥပမာထဲက တည်းခိုခန်းပိုင်ရှင်ကို စိန့်ဘာဆေးက သန့်ရှင်းသောဝိညာဉ်တော်အဖြစ် ရှုမြင်တယ်။ ဝိညာဉ်တော်ဘုရားဟာ တစ်ယောက်သောသူရဲ့ စိတ်ကောင်းစေတနာနဲ့ အခြားသူတစ်ယောက်ရဲ့ကျရှုံးမှုကို အတွဲအဖက်မိအောင် စီစဉ်ဆောင်ရွက်ပေးတော်မူတဲ့အရှင်ဖြစ်ပါတယ်။

အသင်းတော်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့အရှင်ဟာလည်း ဝိညာဉ်တော်ဘုရားပဲဖြစ်ပါတယ်။ သန့်ရှင်းသောဝိညာဉ် တော်ဘုရားဟာ အမျိုးမျိုးအဖုံဖုံသောနည်းလမ်းတွေနဲ့ "နှစ်သိမ့်မှု"ပေးလျက်ရှိပါတယ်။ ကျွန်ုပ်တို့ဟာ ဝိညာဉ်တော်ဘုရား ရဲ့ မတူကွဲပြားတဲ့ အမျိုးမျိုးသောအသံတော်တွေကို နားထောင်တတ်ဖို့ လေ့လာသင်ယူရပါလိမ့်မယ်။

အသင်းတော်ကို မွေးဖွားပေးခဲ့တဲ့အရှင်ကလည်း ဝိညာဉ်တော်ဘုရားပဲဖြစ်ပါတယ်။ ဒီနေရာမှာ နှုတ်ကပါဌ်တော်နဲ့ ဝိညာဉ် တော်အကြား အလွန်အရေးပါတဲ့ဆက်နွယ်မှုရှိနေပါတယ်။ နှုတ်ကပါဌ်တော်နဲ့ ဝိညာဉ်တော်အ‌ကြောင်းဆိုပြီးတော့ ကျွန်ုပ် တို့ဆင်ခြင်ထောက်ရှုနိုင်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ကြေကွဲဝမ်းနည်းရတဲ့အကြောင်းကို သမ္မာကျမ်းစာ၊ ဝတ်ပြုကိုး ကွယ်ခြင်းဝိနည်းတော်နဲ့ ရှေးထုံးသက်သေတွေကနေတစ်ဆင့် ကျွန်ုပ်တို့သိရှိရပါတယ်။ ဝိညာဉ်တော်ဘုရားကို ကြေကွဲဝမ်း နည်းစေတဲ့အရာတွေထဲမှာ အဆိုးဆုံးကတော့ အကျိုးမဲ့တဲ့စကားပြောဆိုခြင်းပဲဖြစ်ပါတယ်။ အကျိုးမဲ့တဲ့စကား၊ လောကီ ဆန်တဲ့စကား၊ လူတို့ရဲ့စရိုက်အတိုင်း မကောင်းတဲ့အလေ့အကျင့်ဖြစ်တဲ့ အတင်းအဖျင်းစကား စတာတွေပဲဖြစ်ပါတယ်။ နောက်ကွယ်မှာ ပုတ်ခတ်ပြောဆိုခြင်းဟာ သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်တဲ့အပြုအမူဖြစ်ပါတယ်။ ဒီအလေ့အထ ဟာ ကျွန်ုပ်တို့ကြားမှာ အရိုးစွဲသလိုတောင် ဖြစ်နေပါပြီ။ အကျိုးမဲ့တဲ့စကားပြောဆိုခြင်းဟာ သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်ကြေကွဲစေပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျမ်းစာထဲမှာ "ကယ်တင်ခြင်းခံရမည့်နေ့အတွက် သင်တို့ကို တံဆိပ်ခပ်နှိပ်ပေးတော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်မြတ်ကို စိတ်ကြေကွဲစေရန် မပြုလုပ်ကြနှင့်" (ဧဖက်ဆု ၄:၃၀) လို့ သတိပေးထားပါတယ်။ ဘုရားသခင်ရဲ့ဝိညာဉ်တော်မြတ်ကို စိတ်ကြေကွဲရအောင် လုပ်ဆောင်ခြင်းဟာ အတော့် ကို ဆိုးရွားတဲ့ပြစ်မှုတစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုအတင်းအဖျင်းပြောဖို့၊ တစ်ပါးသူကို ပုတ်ခတ်ပြောဖို့ တကယ်ပဲလိုအပ် ပါသလား။ အသင်းတော်ထဲမှာလည်း ဒီအလေ့အထက အတော်လေးပျံ့နှံ့နေပါတယ်။ ကျွန်ုပ်တို့ဟာ ဒီရောဂါကို ကုစားဖို့ ဝိညာဉ်တော်မြတ်ကို ခွင့်မပြုဘူးဆိုရင် အတူတကွ ခရီးပြုနေတဲ့ အသင်းတော်ကို ဖော်ဆောင်ဖို့ အတော်ခက်ခဲပါလိမ့်မယ်။ အနည်းဆုံးတော့ အခုဓမ္မညီလာခံကျင်းပနေစဉ်မှာ ဒီဆရာတော်ပြောတာ၊ ဒီသီလရှင်ပြောတာ၊ ဒီလူပြောတာကို လက်မခံရင် သူ့ရှေ့မှာပဲ တည့်တည့်ပြောလိုက်ပါ။ ဒီအတွက်ပဲ ဓမ္မညီလာခံကို ကျင်းပနေကြတာဖြစ်ပါတယ်။ ဒီနေရာဟာ သူတစ်ပါးနောက်ကွယ်မှာ ပုတ်ခတ်ပြောဆိုဖို့မဟုတ်ဘဲ အမှန်အတိုင်း ပြောဆိုဖို့ နေရာဖြစ်ပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်ဘုရားဟာ ကျွန်ုပ်တို့ကို ယုံကြည်ခြင်းမှာ ခိုင်မာဖို့ လုပ်ဆောင်ပေးတော်မူတဲ့အရှင်လည်း ဖြစ်ပါ တယ်။ ကိုယ်တော်ရှင်ဟာ ဒီအမှုကို အမြဲမပြတ်လုပ်ဆောင်တော်မူတဲ့အရှင်လည်းဖြစ်ပါတယ်။

စိန့်ဘာဆေးရေးခဲ့တဲ့စာတွေကို ဖတ်ကြည့်ပါ။ အဲဒီစာတွေကို သင်တို့ရဲ့ဘာသာစကားအလိုက် ဝေပေးထားပြီးဖြစ်ပါတယ်။ ဒီစာတမ်းတွေဟာ သင်တို့ရဲ့စိတ်နှလုံးထဲမှာ ဝိညာဉ်တော်ဘုရားကို နေရာပေးဖို့ လုပ်ဆောင်တဲ့နေရာမှာ အထောက်အကူ ပြုပါလိမ့်မယ်။ ကျွန်ုပ်ထပ်ပြောပါမယ်။ ဒီဓမ္မညီလာခံဟာ လွှတ်တော်အစည်းအဝေးမဟုတ်ပါဘူး။ ကိုယ့်ရဲ့သာသနာအတွင်း လုပ်ဆောင်မယ့်အရာကို ဆွေးနွေးနေကြတာလည်း မဟုတ်ပါဘူး။ ဒီဓမ္မညီလာခံဟာ အတူတကွ ခရီးပြုတဲ့အစီအစဉ်ဖြစ်ပါ တယ်။ ကာဒီနယ် ဂရက်ပြောခဲ့သလို ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့သားသမီးတွေနဲ့ ဆွေးနွေးပြီး အကြံဉာဏ်တွေအများကြီး ရယူခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒါတွေကို စီစဉ်ပြီး ကျွန်ုပ်တို့ကို လမ်းညွှန်မယ့်သူက ဝိညာဉ်တော်ဘုရားပဲဖြစ်ပါတယ်။ ကိုယ်တော် ရှင်မပါရှိရင် ရလဒ်ကောင်း မထွက်နိုင်ပါဘူး။

ဒါကြောင့် ဝိညာဉ်တော်ဘုရား စိတ်ကြေကွဲအောင် မလုပ်ကြဖို့ ကျွန်ုပ်အထူးမှာကြားလိုပါတယ်။ ကျွန်ုပ်တို့ရဲ့ဓမ္မပညာနဲ့ပတ် သက်လာရင်လည်း ဝိညာဉ်တော်ဘုရားကို မမေ့လျော့ဖို့ လိုပါတယ်။ ဒီဓမ္မညီလာခံမှာလည်း ဝိညာဉ်တော်နဲ့မသက်ဆိုင်တဲ့ လောကီအရာတွေကနေ ဝိညာဉ်တော်ရဲ့အသံကို နားထောင်တတ်ဖို့ ကြိုးစားပါ။ ကျွန်ုပ်အထင်အရတော့ အသင်းတော်ထဲ မှာ အစဉ်အဆက်ရှိနေတဲ့ အဆိုးဝါးဆုံးရောဂါက လောကီရေးကိုသာ စိတ်ဝင်စားခြင်းဖြစ်ပါတယ်။ ဒါဟာ ဝိညာဉ်တော် ဘုရားကို ဆန့်ကျင်တဲ့လုပ်ရပ်လည်း ဖြစ်ပါတယ်။ ဝိညာဉ်တော်ဘုရားထက် လောကီအရာတွေကို ဦးစားပေးတာတွေ မလုပ်ကြဖို့ သတိပြုပါ။ အတွေ့အကြုံကနေ ရလာတဲ့အသိဉာဏ်ကိုတောင် ဦးစားမပေးပါနဲ့။ အဲဒီအသိဉာဏ်ဟာ အများကြီး အထောက်အကူပြုတာမှန်ပေမဲ့ ဝိညာဉ်တော်ဘုရားက အဲဒီထက် အများကြီးပိုပါတယ်။ ကျွန်ုပ်တို့ဟာ အသင်းတော်ထဲမှာ ဝိညာဉ်တော်ဘုရားနဲ့အတူ နေတတ်ဖို့ လေ့လာသင်ယူရပါမယ်။ စိန့်ဘာဆေးရေးထားတဲ့စာတွေကို ဆင်ခြင်ထောက်ရှုဖို့ သင်တို့ကို ကျွန်ုပ်တိုက်တွန်းပါတယ်။ အဲဒီစာတွေက သင်တို့ကို အများကြီးအထောက်အကူပြုပါလိမ့်မယ်။

ဒီဓမ္မညီလာခံမှာ ဝိညာဉ်တော်ဘုရားကို နေရာပေးပြီး နားထောင်တတ်တဲ့အလေ့အကျင့်ကောင်း မွေးမြူကြဖို့ကိုလည်း ကျွန်ုပ်တိုက်တွန်းလိုပါတယ်။ နားထောင်ခြင်းဟာ ဦးစားပေးရမယ့်အရာဖြစ်ပါတယ်။ ကောင်းမွန်တဲ့အလုပ်ကို လုပ်နေ ကြတဲ့ မီဒီယာတွေ၊ ဂျာနယ်လစ်တွေဆီကို ဒီသတင်းစကားပေးဖို့ လိုပါတယ်။ ဝိညာဉ်တော်၌ တည်သောအသက်တာကို လူအများသိအောင် ထုတ်ဖော်ပြောဆိုဖို့ လိုပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် ခြိုးခြံခြင်းကို ကျင့်ကြံရပါမယ်။ ဒါကို ပီပီ ပြင်ပြင် လုပ်နိုင်ဖို့အတွက် ပရိသတ်အရှေ့ထွက်ပြီး စကားပြောတာမျိုးကို ခဏရပ်ထားရပါတယ်။ လူအများသိအောင် ထုတ်ဝေမယ့်အရာမှန်သမျှ ဒီလိုမျိုးပဲ လုပ်ရပါလိမ့်မယ်။ ဆရာတော်တွေက ဂျာနယ်လစ်တွေနဲ့ စကားပြောဖို့ကို ကြောက် နေကြတယ်လို့ တချို့က ပြောကြတယ်။ မဟုတ်ပါဘူး။ ဂျာနယ်လစ်တွေလုပ်နေတဲ့အလုပ်က အရမ်းကို အရေးကြီးပါ တယ်။ ဝိညာဉ်တော်ဘုရား၌ အတူတကွ ခရီးပြုနေတဲ့အကြောင်းကို သူတို့တွေပြောဆိုရေးသားလာကြဖို့ သူတို့ကို ကျွန်ုပ် တို့ကူညီရပါလိမ့်မယ်။ ပြောဆိုခြင်းထက် နားထောင်ခြင်းကို ဦးစားပေးတတ်ရပါမယ်။ ဒီအချက်ကို လူအများသိရှိလာ အောင် မီဒီယာသမားများကလည်း ကူညီလုပ်ဆောင်ပေးကြဖို့ ကျွန်ုပ်တောင်းဆိုလိုပါတယ်။

မိသားစုအရေးဆိုင်ရာဓမ္မညီလာခံမှာ လင်မယားကွာရှင်းထားတဲ့သူတွေကို ကိုယ်တော်မြတ်ပေးတော့မယ်လို့ အများက ထင်ကြတယ်။ ဒါလောကီအတွေးပေါ့။ အဲဒီထင်မြင်တွေးဆချက်တွေကြားမှာ ဓမ္မညီလာခံကို ကျွန်ုပ်တို့စတင်ခဲ့ကြတယ်။ အမေဇုန်ဒေသဆိုင်ရာဓမ္မညီလာခံမှာကျတော့လည်း အိမ်ထောင်ပြုပြီးသားအမျိုးသားတွေကို ရဟန်းသိက္ခာပေးတော့မယ် လို့ အများက တွေးကြပြန်တယ်။ ဖိအားတွေလည်း ပေးကြတယ်။ အဲဒီဖိအားတွေကြားမှာပဲ ဓမ္မညီလာခံကို ကျွန်ုပ်တို့ ကျင်းပခဲ့ကြတယ်။ အခုတစ်ခါ ဒီဓမ္မညီလာခံနဲ့ပတ်သက်ပြီးတော့လည်း "သူတို့ဘာလုပ်ကြမှာလဲ"၊ "အမျိုးသမီးတွေကို ရဟန်းသိက္ခာပေးဖို့ ဆုံးဖြတ်တော့မှာလား"ဆိုပြီး ပြောဆိုနေကြပြန်တယ်။ ကျွန်ုပ်မသိဘူး။ ဒါ သူတို့ပြောနေကြတဲ့အရာ တွေ။ ပြီးတော့ ဆရာတော်တွေက လက်ရှိဖြစ်ပျက်နေတဲ့အကြောင်းတွေကို ပြောဆိုဖို့ ကြောက်နေကြတယ်လို့ ခဏခဏ ပြောတတ်ကြတယ်။ ဒါကြောင့်မို့လို့ မီဒီယာသမားတွေကို ကျွန်ုပ်တောင်းဆိုချင်ပါတယ်။ တချို့သောသူတွေက သူတို့ပြော ချင်တာ ပြောကြမှာဖြစ်ပေမဲ့ သင်တို့လုပ်ရမယ့်အလုပ်ကို ကောင်းမွန်အောင် လုပ်ပါ။ ဘက်မလိုက်ဘဲ မျှမျှတတ ရေးသား ဖော်ပြပါ။ ဒါမှသာ အသင်းတော်ထဲမှာ နားထောင်တတ်ဖို့ ဦးစားပေးလုပ်ဆောင်နေတာကို ဘာသာဝင်တွေရော၊ စိတ် ကောင်းနှလုံးကောင်းရှိသူတွေရော နားလည်လာမှာဖြစ်ပါတယ်။ ဒီအချက်က အရမ်းအရေးကြီးပါတယ်။ ဒါကို လူအများ သိအောင် ဖော်ပြပေးကြပါ။

အသင်းတော်အနေနဲ့ ခေတ္တအချိန်ယူပြီး စုဝေးနေတဲ့အချိန်မှာ ကျွန်ုပ်တို့ကို ကူညီတဲ့အတွက် သင်တို့အားလုံးကို ကျေးဇူး တင်ပါတယ်။ ယေဇူးသခင်အသေခံပြီး နောက်တစ်နေ့မှာ တမန်တော်ကြီးတွေဟာ တိတ်ဆိတ်ငြိမ်သက်သွားသလို ကျွန်ုပ် တို့လည်း တိတ်ဆိတ်ငြိမ်သက်နေကြပါတယ်။ တမန်တော်ကြီးက ကြောက်စိတ်နဲ့ ငြိမ်သက်ခဲ့ကြပေမဲ့ ကျွန်ုပ်တို့ကတော့ တစ်ဦးကို တစ်ဦး နားထောင်ဖို့ ငြိမ်သက်သွားကြတာဖြစ်ပါတယ်။ ဒီအချက်ဟာ အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။

သင်တို့ရဲ့ ကြိုးပမ်းလုပ်ဆောင်ခဲ့တာတွေအတွက်နဲ့ ယခုလုပ်ဆောင်နေတာတွေအတွက် ကျေးဇူးအထူးတင်ကြောင်း ကျွန်ုပ်ပြောကြားလိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် စိန့်ဘာဆေးရေးထားတဲ့စာတွေကို ဖတ်ကြဖို့ ကျွန်ုပ်ထပ်ပြီးတိုက်တွန်းလိုပါ တယ်။ အဲဒီစာတွေက သင်တို့ကို အထောက်အကူပြုပါလိမ့်မယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Translated by Francis Aung Min Naung


2023-10-09 23:32:58
NEWS AND EVENTS