Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကျွန်ုပ်တို့ရဲ့ ပြည်သူပြည်သားတွေဟာ ငြိမ်းချမ်းရေးကို ဆာငတ်လွန်းနေပါပြီ၊

ငြိမ်းချမ်းရေးကို အလှည့်ပေးကြပါ။

ဒီဇင်ဘာ ၃၁၊ ၂၀၂၂

နှစ်သစ် နောက်တစ်နှစ်ဟာ ကမ္ဘာကြီးရဲ့ လက်တစ်ကမ်းမှာ ရောက်နေပါပြီ

ကမ္ဘာအနှံ့မှာ လူတွေကပျော်ရွင်စရာ နှစ်သစ်ဆိုပြီး ပျော်ရွှင်မြူးတူးစွာ အချင်းအချင်း နှုတ်ဆက် ကြပါလိမ့်မယ်။ ပဠိပက္ခတွေ၊ အဓိပ္ပါယ်မဲ့ စစ်ပွဲတွေ ထဲမှာရောက်နေတဲ ဒေသတွေမှာအဟောင်းကို ချန်ရစ်ပြီး အသစ်သောအာရုဏ်တက်ချိန်အတွက် ခေါင်းလောင်းသံပေးဖို့စိန်ခေါ်မှုများစွာ ရင်ဆိုင် နေရပါတယ်။ နေရာအတော်များများလို ယူကရိန်းနိုင်ငံကို စိတ်ထဲမှာ ရောက်လာပါလိမ့်မယ်။ အဲ့ဒီ နိုင်ငံကငြိမ်းချမ်းရေး ငတ်မွတ်ခေါင်းပါးခြင်းဒုက္ခခံစားနေရတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကရုဏာသက်ဖွယ် အမည်တပ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ပုပ်ရဟန်းမင်းကြီးက ဒေသများစွာနဲ့ တတိယကမ္ဘာစစ်ရဲ့ စင်မြင့်ထက်ရောက်နေကြတဲ့ နေရာများစွာမှာလည်း ငြိမ်းချမ်းရေး ငတ်မွတ်ခေါင်းပါခြင်းကို ကြီးမားစွာ ရင်ဆိုင်ဆိုင်နေရတယ်လို့ထောက်ပြပါတယ်။ အဲ့ဒီလို ပဠိပက္ခနဲ့ လူသားရေးရာအကျပ်အတည်းများနဲ့ ရင်ဆိုင်နေရတဲ့ အရှေ့ အလယ်ပိုင်းဒေသ၊ မြန်မာနိုင်ငံ၊ ဟေတီနဲ့ အာဖရိကရဲ့ အကြမ်းတမ်းဆုံး ဒေသများကို ပုပ်ရဟန်း မင်းကြီးက ကောက်နှုတ်ဖေါ်ပြခဲ့ပါတယ်။ မှန်ပါတယ်၊ ကရုဏာသနားခြင်းနဲ့ ပြည့်ဝတဲ့ ပုပ်ရဟန်းမင်း ကြီးရဲ့နှလုံးသားက အပြစ်မဲ့စွာ ဒုက္ခခံရတဲ့ လူတွေရဲ့ မျက်ရည်စက်တွေကြောင့် ထိခိုက်နာကျင်ရပါတယ်။ သူဟာ ငြိမ်းချမ်းရေးတွက် မေတ္တာရပ်ခံခြင်း ပြုလုပ်တိုင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်း တောင်းဆိုလေ့ရှိပါတယ်။

နှစ်သစ်ရဲ့ အာရုဏ်ဦးမှာ မြန်မာနိုင်ငံအတွက် အသစ်သောမျှော်လင့်ခြင်းက ဘာဖြစ်နိုင်မလဲ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ရဲ့ ငြိမ်းချမ်းရေး ကြားကာလဟာ ညတွင်းချင်းမှာ အငွေ့ပျံ ကွယ်ပျောက်သွား ခဲ့ရပါတယ်။ ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ ကျွန်ုပ်တို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေဟာ သူတို့ အပေါ် ကျရောက်လာခဲ့တဲ့ ကြမ္မာဆိုးကြီးနဲ့ ထိုက်တန်ပါရဲ့လား။

ခရစ္စမတ်ရဲ့ သတင်းစကားက ခရစ္စမတ်သစ်ပင်တွေ၊ ရောင်စုံမီးတွေ၊ ဆန်တာကလော့စ်ရုပ်ပုံတွေ၊ ဈေးရောင်းပွဲတွေပဲ မဟုတ်ပါဘူး။သမ္မာကျမ်းစာရဲ့ ခရစ္စမတ်က အဲ့ဒါတွေနဲ့ မတူပါဘူး။ ခရစ္စမတ်က ဆင်းရဲတဲ့ မိသားစုတစ်စု အနိုင်ကျင့်ခံရတဲ့ အကြောင်းပါ။ ရိုးသားဖြူစင်သူတွေရဲ့ အာဏာအစွမ်းမဲ့ခြင်း အကြောင်းဖြစ်ပါတယ်။ ခရစ္စမတ်သီတင်းပတ်မှာ ဒေါသထွက်နေတဲ့ ဟေရုဒ်က အပြစ်မဲ့  ကလေးငယ်တွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပါတယ်။ ဟုတ်ပါတယ်။ စာသင်ကျောင်းတွေ တိုက်ခိုက် ဖျက်စီးခံရခြင်းတွေ၊ စစ်ပွဲတွေ၊ လူမမယ်ကလေးတွေ၊ ကလေးသူငယ်တွေနဲ့ လူငယ်တွေရဲ့ အသက်ကို ခြွေယူနေတဲ့ အဖြစ်သနစ်တွေထဲမှာ ယနေ့ကမ္ဘာရဲ့ နေရာအနှံ့ဟာ ငြိမ်းချမ်းရေးအတွက် ထိတ်လန့် ခြင်းတွေ၊ စက်ဆုတ်မုန်းတီးခြင်းတွေနဲ့ အသက်ငင်နေရပါတယ်။ ငြိမ်းချမ်းရေး ငတ်မွတ်ခေါင်းပါးခြင်း ကပ်ဘေးဟာ အမှန်တကယ် ရှိနေပါတယ်။ မျှော်လင့်ခြင်းတွေအားလုံး လည်ပင်းညစ်ခံနေရပါတယ်။

ပထမဦးဆုံးခရစ္စမတ်ဖြစ်ခဲ့စဉ်အခါက ကျိုးပဲ့ကြေကွဲခြင်းအဖြစ်အနေကို ကျွန်ုပ်တို့မြင်ယောင်ကြည့် နိုင်ပါတယ်။ ကယ်တင်ရှင်မက်ဆီးယားသခင်အဖြစ် ဘုရားသခင်က မိမိရဲ့သားတော်ကို စေလွှတ် ပေးလိုက်တဲ့ ကမ္ဘာလောကကြီးရဲ့ ကျိုးပဲ့ကြေမွနေတဲ့အဖြစ်ကိုမြင်ယောင်ကြည့်ပါ။ ချမ်းသာကြွယ်ဝ သူတွေနဲ့ နိုင်ငံရေးမှာခွန်အားကြီးသူတွေက အန္တရာယ်ကြီးလှတဲ့ စွမ်းအားတွေပိုင်ဆိုင်တော့ သူတို့ အလိုကို မလိုက်နာတဲ့ မိသားစုတွေကို အလွယ်တကူဖျက်စီးပစ်နိုင်တယ်။ အစ္စရာအဲလ်နိုင်ငံဟာ ရောမအင်ပါယာရဲ့ စစ်သူကြီးတွေကိုသာမက ရောမတွေ ကျွေးတာစားပြီး ရောမတွေတိုက်တဲ့ ဂုဏ်အာဏာယစ်မူးပြီး အားကိုးရာမဲ့ဖြစ်နေတဲ့ ကိုယ့်လူမျိုးကိုယ်ပြန် ဂုတ်သွေးစုတ်တဲ့ ကြမ်း ကြုတ်ရက်စက်သူ ကိုယ့်လူမျိုးထဲကခေါင်းဆောင်တွေရဲ့ ဖိနှိပ်မှုကိုပါ ခါးစည်းခံနေခဲ့ရတဲ့ အချိန် ဖြစ်ပါတယ်။

ဘုရားသခင်က ဒီလို အာဏာရူးသွပ်ခြင်းကို ဘယ်လိုဘယ်ပုံခြေမှုန်းခဲ့ပါသလဲ။ ချစ်ခြင်းမေတ္တာနဲ့ပါ၊ အာဏာက ဘယ်လိုမှယှဉ်မတိုက်နိုင်တဲ့အရာ၊ အာဏာက အကြောက်ဆုံးသောအရာ။ အဲ့ဒါဟာ အကန့်အသတ်မရှိတဲ့ ချစ်ခြင်းမေတ္တာပါ။ ခရစ္စမတ်ဆိုတာ တရားမျှတခြင်းဆိုတဲ့ဖခင်နဲ့ ချစ်ခြင်း မေတ္တာရဲ့ ဝမ်းဗိုက်ထဲမှာ ငြိမ်းချမ်းရေးဟာ သန္ဓေတည် ခြင်းဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို လိုလား သော၊ နူးညံ့သိမ်မွေ့သော ခရစ္စမတ်ရဲ့ သတင်းစကားကို ကျွန်ုပ်၏ချစ်လှစွာသော နိုင်ငံတော်က ကြား နိုင်ပါစေ

အမြင့်ဆုံးသော အရပ်၌ ဘုရားသခင်အား ဘုန်းဂုဏ်တော်ရှိပါစေ။

မြေကြီးပေါ်၌ စိတ်နှလုံးကောင်း ရှိသူတို့အား ငြိမ်းချမ်းခြင်း ရှိပါစေ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိခဲ့စဉ်က ငြိမ်းချမ်းရေးကို မဆုတ် မနစ် ဖေါ်ဆောင်လိုတဲ့ဆန္ဒနဲ့ မြန်မာပြည်ကက်သလစ်အသင်းတော်ကိုငြိမ်းချမ်းရေးကို တည် ဆောက်ပါ - ကမ္ဘာကြီးကို ကုသပါဆိုပြီး တာဝန်အပ်နှင်းခဲ့ပါတယ်။ ဤတာဝန်ကို ဦးထိပ်ထားပြီး မြန်မာပြည် ကက်သလစ်အသင်းတော်အနေနဲ့ လေးလေးနက်နက် အနူးအညွတ်တောင်းဆို လိုက် ပါတယ်။ကျွန်ုပ်တို့ရဲ့ ပြည်သူပြည်သားတွေဟာ ငြိမ်းချမ်းရေးကို ဆာငတ်လွန်းနေပါပြီ၊ ငြိမ်းချမ်း ရေးကို အလှည့်ပေးကြပါ။ပုပ်ရဟန်းမင်းကြီးက ကမ္ဘာပေါ်မှာ ပျံ့နှံ့နေတဲ့ ငြိမ်းချမ်းရေး ငတ်မွတ် ခေါင်းပါးမှု အကြောင်းပြောတယ်။ မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ ကျွန်ုပ်တို့အားလုံး တစ်ခုတည်းသော အရာအတွက်ပဲ တိုက်ပွဲဝင်ကြရအောင်၊ အဲ့ဒီအရာက ငြိမ်းချမ်းရေးပါ။

ဒီနိုင်ငံအတွင်းမှာ ဆယ်စုနှစ် ရှစ်စု ကြာအောင်ဖြစ်နေခဲ့တဲ့ တိုက်ပွဲတွေဟာ ကျူးကျော်လာတဲ့ ပြည်ပ နိုင်ငံတွေနဲ့တိုက်နေခဲ့တာ မဟုတ်ပါဘူး။ ညီအစ်ကိုအချင်းအချင်းပြန်တိုက်နေတယ်။ ညီမတွေ အမတွေရဲ့ သောကမျက်ရည်တွေသာ ဝေနေတယ်။ ကျွန်ုပ်တို့ရဲ့ သားသမီးတွေသာ ဆင်းရဲမွဲတေပြီး အခြေအနေမဲ့တွေ ဖြစ်လာခဲ့တယ်။ ရပ်တည်နေတဲ့ စစ်တပ်တွေ၊ ပဠိပက္ခထဲမှာ ပါဝင်နေရတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေ၊ စစ်လက်နက်တွေအတွက် သန်းပေါင်းများစွာသော နှစ်စဉ်ကုန်ကျစရိတ်တွေ၊ တိုက်ပွဲအတွင်းမှာ သေဆုံးခဲရတဲ့ ထောင်ချီတဲ့အသက်တွေ၊ ပြည်တွင်း ပြည်ပမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သန်းချီတဲ့ ပြည်သူတွေ စတဲ့အရာတွေက ပဠိပက္ခတစ်ခုကို လက်နက်နဲ့ အဖြရှာလို့ မရဘူးဆိုတာကို မီးမောင်းထိုးပြနေခြင်း ဖြစ်ပါတယ်။ ဘယ်သူမှ ပြီးပြည့်စုံ သော အောင်ပွဲမရနိုင်သလို ထိန်းချုပ်နိုင်စွမ်းလည်းမရနိုင်ပါဘူး။ နယ်စပ်ဖြတ်ကျော် စစ်ဆင်နွှဲခြင်း တစ်ခုမှ မရှိပါဘဲနဲ့ လတ်တလော သမိုင်းစာမျက်နှာမှာ စစ်ပွဲတွေနဲ့ လူ့ဆင်းရဲဒုက္ခတွေဟာ နာတာရှည် ရောဂါတစ်ခုလို ကပ်စွဲနေခဲ့ပါတယ်။

တပ်မတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့အား အောက်ပါအချက်များကို ကျွန်ုပ်တို့ လေးလေးနက်နက် အနူးအညွတ် မေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်။

 

၁။ နှစ်ဦးနှစ်ဖက် အပြန်အလှန်သဘောတူညီမှုရယူပြီး ဇန္နဝါရီလကို အပစ်အခတ်ရပ်စဲရေးလ အဖြစ် သတ်မှတ်ပေးပါ။ ဆက်လက်ပြီး အပစ်အခတ်ရပ်စဲရေးကာလကို အချိန်တိုးဖို့ နည်း လမ်းများရှာဖွေကြပါ။ စစ်လက်နက်များ အသံတိတ်သွားပါစေ။ ပဠိပက္ခများကို ဆွေးနွေး ခြင်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်တယ်ဆိုတာကို ယုံကြည်ကြပါ။

၂။ လူသားချင်းစာနာမှု အလွန်အကြပ်အတည်းဖြစ်နေသော ဒေသများတွင် လူသားချင်းစာနာမှု စင်္ကြန်များ ဖေါ်ဆောင်ပေးပြီး လေးစားလိုက်နာခြင်းဖြင့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်း များအား လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပြုကြပါ။

၃။ ပင်လုံငြိမ်းချမ်းရေးအစီအစည်များကို ပြည်လည်အသက်သွင်းပြီး ဘာသာရေးခေါင်း ဆောင်များ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အစုအဖွဲ့များကိုလည်း ပိုပြီး ပီပြင်စွာ ပါဝင်ခွင့်ပြုပါ။

၄။ ကမ္ဘာကပ်ရောဂါတိုက်ဖျက်ရေး၊ ရာသီဥတု ပြောင်းလဲခြင်း၊ စီးပွါးရေး ကမောက်ကမဖြစ်ခြင်း၊ တရားမဝင် စီးပွါးရေး စသည့် အခြားသောစစ်ပွဲများကိုသာ တိုက်ခိုက်ကြပါ။ငြိမ်းချမ်းရေး ငတ်မွတ်ခေါင်းခြင်းဒဏ်ကို အလူးအလဲခံနေရတဲ့ မိမိတို့၏ နေအိမ်များမှ ဝေးရာ ထွက်ပြေးပြီး လူပီသသောနေရာထိုင်ခင်းကို လိုလားနေသည့် သန်းချီသော သားကောင် များ၏ ဒုက္ခဆင်းရဲခြင်းကို လျှော့ချနိုင်ရေး ဝိုင်းဝန်းကူညီကြပါ။ တောတောင်များအတွင်း ဆင်းရဲဒုက္ခမျိုးစုံတွေ့ကြုံနေရသော ကလေးငယ်များနှင့် ငယ်ရွယ်သူမိခင်များရဲ့ သောကမျက်ရည်များအတွက် စာနာ စဉ်းစားပေးကြပါ။

 

ငြိမ်းချမ်းရေးဟာ ဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းရေးသည်သာ တစ်ခုတည်းသော ထွက်ရပ်လမ်း

ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်တွင် အသစ်သောမြန်မာနိုင်ငံ၏ မျှော်လင့်ချက်များ အသစ်တဖန် ထွန်းလင်းလာပါစေ။

 

ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များစွာဖြင့်

အားလုံးကို ပြန်လည်ကျေအေးခြင်းနှစ်သစ် ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

 

 

ကာဒီနယ် ချားလ်စ် ဘို

ဥက္ကဌ - မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်


2022-12-30 22:54:20
NEWS AND EVENTS