Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ်၏

ဒုတိယအကြိမ်မြောက် အထွေထွေအစည်းအဝေးပွဲ မှတ်တမ်း

၂၀၂၂ခုနှစ် ဇွန်လ ၇ရက်နေ့မှ ၁ဝရက်အထိ

 

အထွေထွေအစည်းအဝေးပွဲသို့ မြန်မာနိုင်ငံကက်သလစ်ဆရာတော်များ အဖွဲ့ချုပ်၏ ဥက္ကဌဆရာတော် ဖြစ်သော ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်၍ မြန်မာနိုင်ငံရှိ ဂိုဏ်းချုပ် ဂိုဏ်းအုပ်သာသနာ ၁၆ခုမှ ဆရာတော်ကြီးများ တာဝန်ခံ ဘုန်းတော်ကြီးများ စုစုပေါင်း (၂၁)ပါး တက်ရောက်ခဲ့ကြသည်။ 

ပထမရက်တွင် ကာဒီနယ် ချားလ်စ်ဘိုမှ ကြိုဆို အမှာစကားပြောကြားရာတွင် မော်လမြိုင်ဂိုဏ်းအုပ်သာသနာအတွက် တာဝန်ဆက်ခံယူမည့် ဆရာတော်သစ် မွန်ဆီညော် မောရစ် ညွှန့်ဝေကို ရရှိသည့်အတွက် ဝမ်းမြောက်ကြောင်း၊ လက်ရှိ ခက်ခဲ ကြပ်တည်းသောအချိန်ကာလတွင် ပုံစံအမျိုးမျိုးဖြင့် ဒုက္ခရောက်နေကြသော သူများအား ကူညီပေးနေကြသော ရဟန်းရှင်လူများအား ကျေးဇူး အထူးတင်ရှိကြောင်း၊ တိုင်းပြည် ပြန်လည် ငြိမ်းချမ်း ရင်ကြားစေ့နိုင်ရေးအတွက် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံမှ တွေ့ဆုံဆွေးနွေးမှုများ ပိုမိုပြုလုပ်ရန် လိုအပ်ကြောင်း မိန့်ကြားခဲ့ပြီး အထူးသဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ ဆရာတော်ကြီးများ ညီလာခံ၏ လမ်းညွန်ချက်အတိုင်း ကက်သလစ် သာသနာတော်အတွင်း၌ ရဟန်းရှင်လူများ တစ်ဦး၏အသံကိုတစ်ဦး အလေးထား နားထောင်ပေးရန် တိုက်တွန်းခဲ့ပြီး ဆရာတော်ကြီးများအဖွဲ့ချုပ် ရန်ကုန်၌ (၃) နှစ်တာ တာဝန်ထမ်းဆောင်ပြီးစီးခဲ့ကြသော ရဟန်း၊ ကိုရင်၊ သီလရှင်များကို ကျေးဇူးတင်ကာ အသစ်ရောက်ရှိ တာဝန်ထမ်းဆောင်မည့် သူများကိုလည်း လှိုက်လှဲစွာကြိုဆိုခဲ့ပါသည်။ 

ဆက်လက်ပြီး ရဟန်းမင်းကြီး၏ သာသနာပြုရေးဆိုင်ရာ အဖွဲ့အစည်း တာဝန်ခံမှ လုပ်ဆောင်ချက်များကို တင်ပြခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သစ္စာသုံးပါးခံ သီလသည်များအဖွဲ့ချုပ်မှ လုပ်ဆောင်မှုများကို တင်ပြခြင်းများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်နှင့် ပိုမို ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။ 

၎င်းနောက် ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ် ဂိုဏ်းချုပ်ဆရာတော်ကြီး Paul Tschang In-Nam နှင့် ၎င်း၏ အတွင်းရေးမှူး မွန်ဆီညော် Daniel Tumiel တို့မှ မိတ်ဆက်အမှာစကားပြောကြားပြီး မြန်မာပြည် ကက်သလစ်အသင်းတော်နှင့် တစ်လုံးတစ်ဝတည်း ရှိကြောင်း၊ မြန်မာပြည် ငြိမ်းချမ်းသာယာရေးအတွက် ဆုတောင်းမေတ္တာများ ပြုလုပ်ပေးလျှက်ရှိကြောင်း အားပေးတိုက်တွန်းခဲ့ပါသည်။

ကျမ်းစာဖတ်အမှုတော်ဆောင်၊ ယာဇ်ပလ္လင်အမှုတော်ဆောင် ကိစ္စများနှင့် သက်ဆိုင်သော ပုပ်ရဟန်းမင်းကြီး အရှင်မြတ် ဖရန်စစ်၏ Antiquum Ministerium ကို လေ့လာ၍ ဒေသနှင့် ကိုက်ညီစွာ အသုံးပြုနိုင်ရေး လမ်းညွန်ချက်များ ပြုလုပ်နိုင်ရန် သဘောတူညီခဲ့ကြသည်။ 

ဒုတိယရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ရဟန်းဖြစ် တက္ကသိုလ် သီအိုလော်ဂျီ ရန်ကုန်၌ ၂၀၂၂ ခုနှစ်အတွက် ပညာသင်ကြားနေသော ရဟန်းဖြစ်သင် ကိုရင် (၇၉)ပါး နှင့် စာချ ဘုန်းတော်ကြီးများ၏ အခြေအနေ၊ စာသင်ဆောင်များ၏ အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ကိုရင်များ ပညာသင်ကြားရေးနှင့် ပုံသွင်းပြုစုပျိုးထောင်ခြင်း လုပ်ငန်းများကို လက်ရှိ အခြေအနေများနှင့်အညီ သီးသန့်စီ အစပျိုး ခွဲခြားလုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။ ၂၀၂၂ ခုနှစ် ပညာသင်နှစ်မှာ ဇန္နဝါရီလမှ အောက်တိုဘာလကုန်အထိဖြစ်သည်။

၂၀၂၂ ခုနှစ်အတွက် ကိုရင်များ၏ ဝိညာဉ်ရေးဆိုင်ရာ ပျိုးထောင်ခြင်း သင်တန်းကို ၂၀၂၂ ခုနှစ် ဇွန်လမှ နိုဝင်ဘာလအထိ သက်မှတ်ပေးခဲ့သည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ရဟန်းဖြစ် တက္ကသိုလ် ဖီလော်ဆော်ဖီ ပြင်ဦးလွင်တွင် ပညာသင်ကြားနေသော ရဟန်းဖြစ်သင် ကိုရင် (၅၂) ပါးရှိပြီး ပညာသင်နှစ်မှာ ၂၀၂၂ ခုနှစ် ဇန္နဝါရီလမှ အောက်တိုဘာလအထိဖြစ်ကြောင်း၊ Human Formation and Psycho-Spiritual Counselling တို့နှင့် ပါတ်သက်၍ တတ်ကျွမ်းသောသူများ လိုအပ်မှုကို တင်ပြခဲ့သည်။ 

မြန်မာတစ်နိုင်ငံလုံးတွင် ဝတ်ပြုကိုးကွယ်မှုပုံစံ တစ်လုံးတစ်ဝတည်းဖြစ်နိုင်ရေးအတွက် ၂၀၂၃ ခုနှစ် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ အစည်းအဝေးတွင် တစ်ရက်တာ အချိန်ယူ၍ ညှိနှိုင်းသဘောတူညီမှု ရယူရန် ဆုံးဖြတ်ခဲ့ကြသည်။ 

မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ညီလာခံတင်ပြချက်များကို အနှစ်ချုပ် ပြုစုခြင်းအား ၂၀၂၂ ခုနှစ် ဇန္နဝါရီလ ၁၄၊ ၁၅ ရက်များတွင် ဂိုဏ်းချုပ် ဂိုဏ်းအုပ်သာသနာ (၁၆) ခုမှ ကိုယ်စားလှယ်များနှင့် ပြုလုပ်သွားမည်ဖြစ်သည်။ 

တတိယရက်တွင် မြန်မာနိုင်ငံ၏ လက်ရှိ ပကတိအခြေအနေများကို ဝေမျှသုံးသပ်ခဲ့ကြသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ မိသားစုများ၏ နေ့ကို ၂၀၂၂ ခုနှစ် ဇွန်လ (၂၅) ရက်နေ့တွင် ကျင်းပရန်၊ တစ်ကမ္ဘာလုံးဆိုင်ရာ ဘိုးဘွားများ သက်ကြီးရွယ်အိုများ၏ နေ့ကို ၂၀၂၂ ခုနှစ် ဇူလိုင် (၂၄) ရက်နေ့တွင် မိဘများပွဲနေ့နှင့် အတူ ကျင်းပရန် သဘောတူညီခဲ့ကြသည်။ 

စတုတ္ထ နောက်ဆုံးနေ့တွင် ခရစ်ယာန်အသင်းတော်များ (MCC, MCMC, MECA) တို့နှင့် တွေ့ဆုံ၍ ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းရှိရေး၊ ဘာသာပေါင်းစုံနှင့် သဟဇာတဖြစ်ရေး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တိုးတက်သာယာရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဖလှယ်ခဲ့ကြသည်။ ၎င်းနောက် Kolping Myanmar မှ ဆောင်ရွက်လျှက်ရှိသော အခြေအနေများကို တင်ပြ၍ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်ပြီး ကက်သလစ်ရဟန်းဖြစ် တက္ကသိုလ် ရန်ကုန်နှင့် ပူးတွဲ၍ ပြုလုပ်မည့် Diploma program in Socio-Pastoral Studies နှင့် ပါတ်သက်ပြီး သင်ကြားပို့ချမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြခဲ့ကြသည်။ လူမှုရေးဆိုင်ရာ ပညာရေးဆိုင်ရာများနှင့် ပါတ်သက်၍လည်း ဝေမျှခဲ့ကြပြီး အစည်းအဝေးကို အဆုံးသတ်ခဲ့ကြပါသည်။

 


2022-06-11 22:25:53
NEWS AND EVENTS