Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

နှလုံးသားတိုင်းမှ မျှော်လင့်ခြင်း ပေါက်ဖွါးလာပါစေ

ငြိမ်းချမ်းခြင်းနှင့် ပြည်လည်ကျေအေးခြင်းတို့၏

အသစ်သောပါစကားပွဲတော် သတင်းကောင်း

 

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို ၏

၂၀၂၃ အီစတာပွဲတော် သဝဏ်လွှာ

 

ချစ်ခင်လေးစားရပါသော မြန်မာပြည်သူပြည်သားအပေါင်းတို့

မွန်မြတ်သော အီစတာပွဲတော်၏ မင်္ဂလာအပေါင်း တစ်ယောက်စီတိုင်းအပေါ်

သက်ရောက်ပါစေ၊ ယေဇူးခရစ်တော် ရှင်ပြန်တော်မူပြီ၊ အာလေလုယာ။

 

ခရစ်တော်ရဲ့ကားတိုင်လမ်းဟာ အဆိုးအပေါ်အောင်မြင်နိုင်တဲ့အကောင်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ကျွန်ုပ် တို့ဟာ ကြီးကျယ်ခမ်းနားတဲ့ ပွဲတော်တစ်ခုကို ကျင်းပနေကြပါတယ်။ လူတိုင်း ခံစားနေရတဲ့ ဒုက္ခဝေဒနာရဲ့နာကျင်မှုတွေ ဒီနေ့ရက်မှာ ကုသမှုရရှိပြီး ပျောက်ကင်းကြပါစေ။ နှလုံးသား တိုင်းကနေ ငြိမ်းချမ်းခြင်းနှင့် ပြည်လည်ကျေအေးခြင်းတို့ရဲ့ မျှော်လင့်ခြင်း ပေါက်ဖွါးလာပါစေ။

ခရစ္စမတ်ပွဲတော်ရဲ့ သတင်းစကားက “အမှောင်ထဲတွင် ကျင်လည်နေကြသော လူတို့သည် အလင်း ရောင်ကို မြင်ကြရပြီ” ဖြစ်သလို အီစတာပွဲတော်ရဲ့ သတင်းစကားက သေခြင်းမှ ထမြောက်ခြင်း၊ ရှင်သန်ခြင်းရဲ့ ပြတ်သားတည်ကြည်ဖြစ်ပါတယ်။ ယေဇူးခရစ်တော်ဟာ လောကမှာရှိတဲ့ သေခြင်းရဲ့ အာဏာစက်ကို ချိုးဖျက်တဲ့ အရှင်သခင်တစ်ပါး ဖြစ်ပါတယ်။ အမှောင်ထုရဲ့ သင်္ချိုင်းများ ဖွင့်လှစ်ကြပါစေ။ ယေဇူးသခင်ဟာ ကျွန်ုပ်တို့ရဲ့ နှလုံးသားထဲမှာ ရှင်ပြန်ထမြောက်ပါပြီ။

နိုင်ငံတစ်ခုနနေနဲ့ တိုင်းသူပြည်သားတစ်စုအနေနဲ့ အမုန်းကျောက်တုံးနဲ့ လူသားတို့ရဲ့ ဒုက္ခ ဝေဒနာကို တွန်းလှိမ့်ပြီး  “ငြိမ်းချမ်းခြင်းရဲ့ဘုရင် ခရစ်တော်သခင် ရှင်ပြန်ပြီ” ဆိုတဲ့ သတင်း စကားကို ကျွန်ုပ်တို့ နှလုံးသားမှာ၊ ကျွန်ုပ်တို့ရဲ့ လမ်းမများထက်မှာ၊ ကျွန်ုပ်တို့နိုင်ငံရဲ့ မိသားစု တိုင်းမှာ ပဲ့တင်ထပ်စေပါ။ ကျွန်ုပ်ရဲ့ ချစ်လှစွာသောအမိမြန်မာပြည်ဟာ လွတ်လပ်ခြင်းနဲ့ ငြိမ်းချမ်း ခြင်း၌ ပြန်ရှင်ပါစေ၊ ဒုက္ခခံစားခြင်းရဲ့ အချိန်တွေ လွတ်မြောက်သွားပါပြီ။ ငြိမ်းချမ်းခြင်းရဲ့ ဘုရင် ရှင်ပြန်တော်မူပြီ။

အီစတာပွဲတော်ဟာ ဓမ္မဟောင်းရဲ့ ထုံးတမ်းစဉ်လာမှာ ကျင်းပခဲ့တဲ့ ပါစကားပွဲတော်ကို ပြန်ပြောင်း ကျင်းပခြင်းဖြစ်ပါတယ်။ ပါစကားပွဲတော်ရဲ့ သတင်းစကားက လွတ်မြောက်ခြင်း ဖြစ်ပါတယ်။ သနားကြင်နာတော်မူသော ဘုရားသခင်ရဲ့ အကူအညီနဲ့ လူသားတွေဟာ ဒုက္ခဝေဒနာ ခံထမ်းခြင်းမှ လွတ်မြောက်ခြင်း ဖြစ်ပါတယ်။ ဒါဟာ သမ္မာကျမ်းစာ တစ်အုပ်လုံးရဲ့ အဓိက သတင်းစကားလည်း ဖြစ်ပါတယ်။ ဘုရားသခင်ရွေးကောက်ထားတဲ့ အစ္စရာအဲလ် လူမျိုးတွေဟာ ရက်စက်ကြမ်း ကြုတ်တဲ့ ဖါရိုဘုရင်ရဲ့ လက်အောက်မှာ ကျွန်ခံနေခဲ့ရတယ်။ သူတို့ကို ဖိနှိပ်သူတွေက သူတို့ကို လွတ်လပ်ခြင်း ပေးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

ဘုရားသခင်ကိုယ်တော်တိုင် ပါဝင်လုပ်ဆောင်ပေးခဲ့ပါတယ်။ ဘုရားသခင်က အစွမ်းမရှိ ဘူးလို့ ကိုယ့်ကိုယ်ကို သံသယဝင်နေတဲ့ မိုးဇယ်ကို ခေါ်ခဲ့ပါတယ်။ “ငါ့လူတွေရဲ့ ငိုယို အော်ဟစ် သံကို ငါကြားတယ်၊ သူတို့ရဲ့ ဒုက္ခဝေဒနာကို ငါမြင်တယ်၊ သူတိုရဲ့ ပင်ပန်းဆင်းရဲခြင်းကို ငါသိ တယ်။ သူတို့ရဲ့ ခေါင်းဆောင်လုပ်ပါ၊ သူတို့ကို လွတ်လပ်ခြင်းဆီခေါ်ဆောင်သွားပါ” လို့ အမိန့် ပေးခဲ့တယ်။ (ထွက်မြောက်ရာကျမ်း ၃:၇) အီစတာပွဲတော်ဆိုတာ ဒုက္ခဝေဒနာခံစားနေရတဲ့ လူသားထုအတွက် ဘုရားသခင်ရဲ့ အတိုင်းအဆမဲ့တဲ့ သနားကြင်နာခြင်းပဲ ဖြစ်ပါတယ်။ သင်တို့ ကျွန်ုပ်တို့နဲ့အတူ ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခမျိုးစုံတွေ့ကြုံခံစားနေရတဲ့လူတိုင်း ခွန်အားယူကြဖို့ ဖြစ်ပါတယ်။ ဘုရားသခင်ပေးနေတဲ့ သတင်းစကားက ဆင်းရဲဒုက္ခမျိုးစုံမှ လွတ်ငြိမ်းခွင့်ပဲ ဖြစ်ပါတယ်။

ပထမဦးဆုံး ကျင်းပခဲ့တဲ့ ပါစကားပွဲတော်ကို ထွက်မြောက်ရာကျမ်းမှာ ရေးထားသလိုပဲ အီဂျစ်ပြည်မှာ ကျွန်ခံရာကနေ လွတ်မြောက်လာခြင်းကို အောက်မေ့ဘွယ်ရာ အဖြစ်နဲ့ကျင်းပဖို့ ဘုရားသခင်က သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီပွဲတော်ဟာ ဘုရားသခင်ရဲ့ ကယ်တင်နိုင် စွမ်းသော တန်ခိုးအာနုဘော်တော်နဲ့ သူ့လူတွေအပေါ်ထားရှိတဲ့ ကတိတော်ကို တည်ကြည်တယ် ဆိုတာ တခမ်းတနား သတိပေးခြင်းလည်း ဖြစ်ပါတယ်။ ပါစကားသိုးငယ်တော်ရဲ့ သွေးတော်ကို သူတို့ရဲ့ အိမ်တံခါးတိုင်တွေမှာ ပက်ဖြန်းသုတ်လိမ်းထားခြင်းကြောင့် သေမင်းတမန်ကို ကာကွယ် ပေးခဲ့သလို သူတို့ကို ဘုရားရဲ့ရွေးကောက်ခြင်းခံရသောလူမျိုးတော်အဖြစ် သတ်မှတ်ခဲ့တဲ့ ပွဲတော် တစ်ခု ဖြစ်ပါတယ်။

ကျွန်ုပ်တို့သိကြတဲ့အတိုင်း ရှေးအချိန်ကာလများကတည်းက ကျင်းပခဲ့တဲ့ ဒီပွဲတော်ရဲ့ ဝိနည်း တွေဟာ သခင်ခရစ်တော် မိမိကိုယ်ကို ပူဇော်မယ့် ပူဇော်ခြင်းရဲ့ ရှေ့ပြေးနိမိတ်ဖြစ်ပါတယ်။ ယေဇူး သခင်ကိုယ်တော်တိုင်က ပါစကားသိုးငယ်တော်ဖြစ်တယ်။ လူသားတွေရဲ့ ကယ်တင်ခြင်း အတွက် သူ့ရဲ့ သွေးတော်ဟာ ကားတိုင်ပေါ်စီးကျခဲ့တယ်။ ကိုယ်တော့်ရဲ့ သေခြင်းနဲ့ ရှင်ပြန် ထမြောက်ခြင်းက အပြစ်နဲ့သေခြင်းကို အပြီးသတ်အနိုင်ယူ အောင်မြင်ခြင်းဖြစ်သလို ဘုရားနဲ့ လူသားတွေအကြား အသစ်သောပဠိညာဉ်ကို ဖွဲ့ဆိုခြင်းလည်း ဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ ခရစ်တော်က ကျွန်ုပ်တို့အတွက် အတွင်းစိတ်လွတ်မြောက်ခြင်းရယူပေးပြီး ဘုရားသခင် တစ်ပါး တည်းသာလျှင် ကျွန်ုပ်တို့အတွက် ဘုရားသခင်ကတိထားတဲ့ မြေနေရာဖြစ်တယ်ဆိုတာကို ထင်ရှားစေခဲ့ပါတယ်။ ဘုရားသခင်ရဲ့ သိုးငယ်တော်ဖြစ်တဲ့ ခရစ်တော်ရဲ့သွေးတော်မှာ ဆေး ကြောခြင်း ခံယူပြီး ဘုရားသခင်တစ်ပါးတည်းသာ ကျွန်ုပ်တို့ အလိုအပ်ဆုံးသူ ဖြစ်စေကြပါစို့။

ဓမ္မသစ်ကျမ်းမှာ ပါစကားပွဲတော်ဟာ ခရစ်တော်၌ အထွဋ်အထိပ်ထိရောက်တယ်ဆိုတာ တွေ့ကြရပါတယ်။ ဧဝံဂေလိကျမ်းစာမှာ သခင်ခရစ်တော်ဟာ ဂျေရုဆလင်မြို့ထဲကို အောင်မြင်စွာ ကြွဝင်ကြောင်း ကျွန်ုပ်တို့ ဖတ်ရှုကြရတယ်။ ကိုယ်တော့်ကို အစ္စရာအဲလ်ဘုရင်တစ်ပါးလို ကြွေးကြော် ကြိုဆိုခဲ့ကြတယ်။ လူတွေဟာ အနိုင်ရခြင်းနဲ့ အောင်မြင်ခြင်းတို့ရဲ့ အမှတ် လက္ခဏာ အဖြစ် သံလွင် အကိုင်းအခက်တွေ ကိုယ်တော့်မှာ ဖြန့်ကျဲခဲ့ကြတယ်။ မှန်ပါတယ် … ခရစ်တော် တစ်ပါးတည်းသာ ဆင်းရဲသားတွေနဲ့ ဒုက္ခဝေဒနာ ခံစားနေရသူတွေရဲ့ တစ်ပါးတည်းသော ကယ်တင်ရှင်ဖြစ်ပါတယ်။

ခရစ်တော်ရဲ့ အောင်နိုင်ခြင်းဟာ လောကီတန်ခိုးအာဏာတွေအပေါ် အနိုင်ယူခြင်း မဟုတ်ဘဲ အပြစ်နဲ့ သေခြင်းအပေါ် အောင်နိုင်ခြင်းဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့ သိကြပါတယ်။ ညီအစ်ကို မောင်နှမ အပေါင်းတို့ ဒီနေ့ ကျွန်ုပ်တို့ ကျင်းပနေတဲ့ပွဲတော်ရဲ့ အောင်မြင်ခြင်းဟာ ရှင်သန်ခြင်းက သေခြင်း အပေါ်၊ မျှော်လင့်ခြင်းက စိတ်ပျက်အားလျှော့ခြင်းအပေါ်၊ အလင်းက အမှောင်အပေါ် အောင်မြင်တဲ့ပွဲတော်ဖြစ်ပါတယ်။ ဒီပွဲတော်ရဲ့ ပင်မသတင်းစကားက “ကျွန်ုပ်တို့ အားလုံးရဲ့ သင်္ချိုင်ဝက ကျောက်တုံး တွေကို ဖယ်ရှားပြီး အီစတာပွဲတော်ကို ဆင်နွှဲကြပါစို့။” ခရစ်တော်ရဲ့ သင်္ချိုင်းဂူဝက ကျောက်တုံးကြီးကို ဖယ်ရှားလိုက်သလို ကျွန်ုပ်တို့အပေါ် ပိနေတဲ့ ကျောက်တုံးကိုလည်း ဖယ်ထုတ်ပြီး ခရစ်တော်၌ အသစ်သောအသက်တာမှာ ပျော်ရွှင်ခြင်းနဲ့ လွတ်လပ်ခြင်းကို တွေ့ကြုံခံစားဖို့  ဒီသတင်းစကားက ကျွန်ုပ်တို့ကို သတိပေးနေပါတယ်။

ကျွန်ုပ်တို့ထဲက အချို့အတွက် ပိနေတဲ့ကျောက်တုံးက အပြစ်နဲ့ ရှက်ကြောက်ခြင်း ဖြစ်နိုင် သလို အတိတ်ရဲ့ အမှားများနဲ့ နောင်တ တရားတွေက ဘုရားသခင်ရဲ့ ပြည်ဝစသာ ချစ်ခြင်း မေတ္တာကို ဟန့်တားနေတာ ဖြစ်နိုင်တယ်။ အခြားသူတွေအတွက် မကျန်းမာခြင်း၊ ဆုံးရှုံးခြင်းနဲ့ ကျွန်ုပ်တို့ကို ခြောက်လှန့်နေတဲ့ အရာတွေကြောင့် ခံစားနေရတဲ့ နာကျင်မှုဝေဒနာတွေ ဖြစ်နိုင် ပါတယ်။ ဆာလံ ၄၂:၅ မှာ ရေးဖွဲ့ထားသလို  ကျွန်ုပ်တို့လည်း ရေရွတ်ကြရအောင် “အိုငါ့ဝိညာဉ် အဘယ်ကြောင့် ညှိုးငယ်ပူဆွေးနေရသနည်း၊ အဘယ်ကြောင့် ငါ့အတွင်း၌ မငြိမ်မသက် ဖြစ်နေရသနည်း။ ဘုရားသခင်၌မျှော်လင့်လော့၊ အကြောင်းမူကား ငါ၏ကယ်တင်ရှင် ငါ၏ ဘုရားသခင်ကို ငါချီးမွမ်းပါမည်”

လူအများအတွက် သမိုင်းရဲ့ သတင်းစကားက စိတ်ဓါတ်ကျဝမ်းနည်းခြင်း သင်္ချိုင်းဂူပဲ ဖြစ်နေတယ်။ အများက မုန်းတီးခြင်းသင်္ချိုင်းထဲမှာ၊ ကလဲ့စားချေခြင်း သင်္ချိုင်းထဲမှာ၊ စိတ်ပျက် အားငယ်ခြင်း သင်္ချိုင်းထဲမှာ သူတို့ကိုသူတို့ မြှုပ်နှံထားကြတယ်။ ယနေ့မျက်မှောက်ခေတ်ကာလရဲ့ သင်္ချိုင်းတွေက ဘာတွေလဲ၊ လူသားတွေရဲ့ မျှော်လင့်ခြင်းတွေကို မြှုပ်နှံထားတဲ့ သင်္ချိုင်းတွေက ဘာတွေလဲ။ ဝမ်းနည်းစရာကောင်းစွာနဲ့ ဝန်ခံရရင် သင်္ချိုင်းတွေက အများကြီးပါ။ ပိုမိုသာယာ ဝပြေတဲ့ ကမ္ဘာတစ်ခု ဖြစ်ဖို့ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ မျှော်လင့်ခြင်းတွေ၊ အိပ်မက်တွေကို မြှုပ်နှံပစ်ဖို့ ခြောက်လှန့်နေတဲ့ သင်္ချိုင်းတွေက ဆင်းရဲခြင်း၊ ကပ်ရောဂါတွေ၊ စစ်ပွဲတွေ၊ မမျှတခြင်းတွေ၊ မတရားမှုတွေ … စသဖြင့် အများကြီး ရှိနေပါတယ်။ ဒီအရာတွေက လူသားတိုင်းအတွက် ငြိမ်းချမ်းခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်ခြင်းဆိုတဲ့ လမ်းမထက်မှာ ပိတ်ဆို့နေတဲ့ အတားအဆီးတွေ ဖြစ်ပါတယ်။

အဲ့ဒီတော့ ဒီ “သင်္ချိုင်းဝက ကျောက်တုံးတွေ” ကို ဘယ်လိုဖယ်ရှားပြီး ငြိမ်းချမ်းခြင်းနဲ့ ဖွံ့ဖြိုး တိုးတက်ခြင်းတို့ရှိတဲ့ ကမ္ဘာအသစ်တစ်ခုကို ဘယ်လိုတည်ဆောက်ကြမှာလဲ။ သင်္ချိုင်းဝမှာ ရှိတဲ့ ကျောက်တုံးက အလွန်လေးလံလွန်းပါတယ်၊ လူတွေအများကြီးရဲ့ ရှင်သန်ခြင်း အသက်တာဟာ ဒီသင်္ချိုင်းထဲမှာ အချိန်အကြာကြီး ပိတ်မိနေပြီးပါပြီ။ ဒီလို လေးလံလွန်းတဲ့ ကျောက်တုံးကြီးနဲ့ ပိနေတဲ့ သင်္ချိုင်းကနေ ပြန်လည် ထမြောက်နိုင်ပါဦးမလား။

အီစတာပွဲတော်ရဲ့ သတင်းကောင်းက ဘယ်ကျောက်တုံးမှ လေးလံလွန်းတယ်လို့မရှိပါဘူး၊ ဘယ်ဝန်ထုတ်ဝန်ပိုးမှ ကြီးမားလွန်းတယ်မရှိပါဘူး။ ဘာဖြစ်လို့လဲ့ဆိုတော့ ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာက အားလုံးကို အောင်မြင်ကျော်လွှားနိုင်ပါတယ်။ ယေဇူးခရစ်တော်ဟာ သေခြင်းက ရှင်ပြန် ထမြောက်ခဲ့သလိုပဲ ကျွန်ုပ်တို့ရဲ့ အဖြစ်အနေတွေအပေါ်၊ ကျွန်ုပ်တို့ရဲ့ ရုန်းကန်နေရခြင်းတွေအပေါ်၊ ကျွန်ုပ်တို့ရဲ့ သောကစိတ်တွေအပေါ်၊ လူသားတွေခံစားနေရတဲ့ ဒုက္ခဝေဒနာတွေအပေါ်၊ ကျွန်ုပ် တို့ရဲ့ ကြောက်ရွံခြင်းတွေအပေါ် ကျော်တက်နိုင်ကြပါလိမ့်မယ်။ ဘုရားသခင်ရဲ့ သနားခြင်းနဲ့ ချစ်ခင် ခြင်း အပေါ်ထားရှိတဲ့ ယုံကြည်ကိုးစားမှုကနေရရှိတဲ့ အသစ်သောအသက်တာ အသစ်သော မျှော်လင့်ခြင်းတွေကို တွေ့ကြုံခံစားရမှာ အမှန်ပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်တည်ဆောက်ထားတဲ့ သင်္ချိုင်းတွင်းကနေ၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ငြင်းဆန်တဲ့ သင်္ချိုင်းထဲကနေ ထွက်လာဖို့ ဖိတ်ခေါ်နေပါတယ်။

ယခု အီစတာပွဲတော်အချိန်ကာလမှာ ကျွန်ုပ်တို့ကို ဖိထားတဲ့ကျောက်တုံးကြီးကို ဖယ်ရှား ခွင့်ပြုလိုက်ပါ။ အဲ့ဒါမှ ကျွန်ုပ်တို့ဟာ ခရစ်တော်၌ရရှိတဲ့ အသစ်သောအသက်တာမှာ ဘုရား သခင်ရဲ့ ပြည့်ဝစုံလင်တဲ့ ချစ်ခြင်းနဲ့ ပျော်ရွှင်ခြင်းကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေနဲ့ တွေ့ဆုံရတိုင်း ကျွန်ုပ်တို့ဟာ တစ်ဦးတည်း တစ်ယောက်တည်း မဟုတ်ဘူး၊ ရှင်ပြန်သော ခရစ်တော်ဟာ ကျွန်ုပ်တို့နဲ့ အစဉ်အမြဲအတူရှိနေတယ်၊ ကျွန်ုပ်တို့ကို လမ်းပြနေတယ်၊ နှစ်သိမ့်ပေး နေတယ်၊ အသစ်သော အသက်တာနဲ့ မျှော်လင့်ခြင်းဆီ ခေါ်ဆောင်သွားနေတယ် ဆိုတာကို သတိရနေဖို့ လိုပါတယ်။

ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းပွဲတော် အဖိတ်ည မစ္ဆားတရားတော်မြတ်မှာ ကြားနာ ရတဲ့ နှုတ်ကပါဌ်တော်က နက်နဲဖွယ်ရာကောင်းလှတဲ့ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာတော် အကြောင်းကို သတိပေးပါတယ်။ အသက်ရှင်သော၊ ချစ်ခင်သော၊ ကယ်တင်သော ဘုရားသခင်က လူသားတွေ ဖန်တီးထားတဲ့ ဘေးအန္တရာယ်ထဲမှာ ကျွန်ုပ်တို့ကို ဘယ်တော့မှ ပျက်စီးခွင့်ပေးမှာ မဟုတ်ပါဘူး။

ပထမဖတ်ရှုခြင်းကို ကမ္ဘာဦးကျမ်းက ကောက်နှုတ်ထားတာဖြစ်ပါတယ်၊ ဘုရားသခင်က လူကို ဖန်ဆင်းပြီး အသက်လေကို မှုတ်သွင်းပေးခဲ့တဲ့ အကြောင်းကြားခဲ့ကြရတယ်။ ဘုရားသခင်က လူကို မြေစေးကနေပုံသွင်းပြီး အသက်လေကို မှုတ်သွင်းတဲ့အခါ လူဟာ အသက်ရှင်သော သတ္တဝါ ဖြစ်လာ တယ်ဆိုတဲ့ အချက်က မြေမှုန့်ကနေ အသက်ကို ဖန်ဆင်းနိုင်တဲ့ ဘုရားသခင်ရဲ့ အံ့ဩ ဖွယ်ရာ အစွမ်းတန်ခိုးကို အမှတ်ရစေပါတယ်။ မှန်ပါတယ် ဘုရားသခင်ဟာ ကျွန်ပ်တို့ အတွက် မြေမှုန့်ကနေတောင် အသက်ကို ဖန်ဆင်းပေးနိုင်ပါတယ်။

ဒုတိယဖတ်ရှုခြင်းကို ထွက်မြောက်ရာကျမ်းက ကောက်နှုတ်ထားပြီး ဘုရားသခင်က အစ္စရာအဲလ်လူမျိုးတွေကို အီဂျစ်ပြည်မှာ ကျွန်ခံရာဘဝကနေ ကယ်ထုတ်ခဲ့တဲ့အခါ ပင်လယ်နီဟာ နှစ်ခြမ်းကွဲသွားပြီး ခြေကို ရေမဆိုဘဲ ဖြတ်ကျော်လွတ်မြောက်ခဲ့တဲ့အကြောင်း ကြားကြရပါတယ်။ အစ္စရာအဲလ် လူမျိုးတွေ ဖြတ်သန်းပြီးတဲ့နောက် ပင်လယ်ရေဟာ ပြန်ပေါင်းစပ်သွားတယ်။ သူတို့ နောက်ကို လိုက်ပါလာတဲ့ ဖါရိုဘုရင်ရဲ့ မြင်းရထားတွေ နဲ့ မြင်းစီးစစ်သည်တော်တွေ ‌ရေအောက် နစ်မြုပ်သွားကြရတဲ့ အကြောင်းကြားနာခဲ့ကြရတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဘယ်လိုမှ မဖြစ်နိုင် တော့ဘူးဆိုတဲ့ အခြေအနေတွေကို ဖြစ်အောင်လုပ်နိုင်တယ်၊ ကမ္ဘာမြေပေါ်မှာ တန်ခိုး အာဏာ အကြီးမားဆုံးဆိုတဲ့ မောက်မာသူတွေကို အောင်မြင်စွာနင်းခြေနိုင်တယ်။ ယူကရိန်းနိုင်ငံနဲ့ ကမ္ဘာ့နေရာ များစွာမှာ ရှင်ပြန်ထမြောက်ခြင်းရဲ့ မျှော်လင့်ခြင်းကို အမှန်တကယ် တွေ့မြင်ကြရ ပါလိမ့်မယ်။

တတိယဖတ်ရှုခြင်းကို ပရောဖက်ဟေရှာယ ကျမ်းစာကဖတ်ရှုခဲ့တာ ဖြစ်ပါတယ်။ ပရောဖက်ဟေရှာယက ကယ်တင်ရှင် မက်ဆီးယသခင် ကြွလာမယ့်အကြောင်းကို ဟောကြားခဲ့ပါ တယ်။ အမှောင်ထဲမှာ ကျင်လည်နေကြသူတွေအပေါ် မဟာ အလင်းတန်းကြီး ထွန်းလင်းလေပြီ။ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းတွင် နေထိုင်သူတို့အတွက် အလင်းရောင်ပေါ်ထွန်းလေပြီ။ ဒီကျမ်းပိုဒ်က ယေဇူးခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းနဲ့အတူ ရောက်လာမယ် မျှော်လင့်ခြင်းနဲ့ ကယ်တင်ခြင်း ကတိတော်ကို သတိပေးနေပါတယ်။

စတုထ္ထဖတ်ရှုခြင်းကိုတော့ ပရောဖက် အီဇက်ကီအဲလ် မှ နာကြားခဲ့ကြရပါတယ်၊ ပရောဖက် အီဇက်ကီအဲလ်က အရိုးခြောက်တွေနဲ့ ပြည့်နေတဲ့ ချိုင့်ဝှမ်းတစ်ခုကို ရူပါရုံမှာ မြင်ခဲ့ရပါတယ်။ အဲ့ဒီအရိုးတွေကို ဟောကြားဖို့ ဘုရားသခင်က ပရောဖက်ကို ခိုင်စေခဲ့ပြီး အရိုးတွေမှာ အသားတွေ ပြည့်လာပြီး အသက်ပြန်ဝင်လာစေခဲ့ပါတယ်။ “သင်တို့ အသက်ရှင်ဖို့ ငါ့ဝိညာဉ်ကို သင်တို့အထဲ ငါထည့်ပေးမယ်” ဆိုတဲ့ နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့ဟာ မျှော်လင့်ခြင်း ကင်းမဲ့တဲ့ ဘဝရောက် နေခဲ့ ရင်လည်းပဲ အသစ်သောအသက်တာနဲ့ ပြောင်းလဲခြင်းကို ရရှိစေဖို့ ဝိညာဉ်တော်ဘုရားက လုပ်ဆောင် ပေးနိုင်စွမ်းရှိပါတယ်။

ဧဝံဂေလိကျမ်းမှာ ယေဇူးသခင်ကို မြှုပ်နှံထားတဲ့ သင်္ချိုင်းဆီသွားခဲ့ကြတဲ့ အမျိုးသမီးတွေ ဟာ အလောင်းမရှိတဲ့ သင်္ချိုင်းတွင်းကိုသာ တွေ့ခဲ့ရတဲ့အကြောင်း ဖတ်ရှုရပါတယ်။ “ကိုယ်တော် ရှင်ပြန် ထမြောက်တော်မူပြီ၊ သူသည် ဤနေရာတွင် မရှိပါ” ဆိုတဲ့ ကောင်းကင်တမန်ရဲ့ သတင်းစကားကိုသာ သူတို့ ကြားခဲ့ကြရတယ်။ ရှင်ပြန်ထမြောက်ခြင်းရဲ့ခမ်းနားတဲ့အမှန်တရားကို ကျွန်ုပ်တို့ သတိရစေတယ်။ ယုံကြည်သူတိုင်းအတွက် ပျော်ရွှင်ခြင်းနဲ့ မျှော်လင့်ခြင်းတွေ ယူဆောင် လာပေးတယ်။ မှန်ပါတယ်… သခင်ခရစ်တော်ဟာ ရှင်သန်ခြင်းအသက်တာရဲ့ အရှင်သခင် ဖြစ်ပါတယ်။ ဒီနေ့ ကျွန်ုပ်တို့ဟာ အသက်တာရဲ့ ပွဲတော်ကို ကျင်းပနေကြတာ ဖြစ်ပါတယ်။

ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းပွဲတော်ကို ကျင်းပရင်း ဒီပွဲတော်ရဲ့ ဘုန်းတန်ခိုးနဲ့ ခမ်းနားခြင်းကို အသိအမှတ်ပြုကြပါစို့။ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကိုလည်း အသစ်ဖြစ်စေကြပါစို။ သေခြင်းကို အောင်မြင်ပြီး ကျွန်ုပ်တို့အတွက် အသစ်သောအသက်တာကို ရယူပေးတဲ့ ကယ်တင်ရှင် ခရစ်တော်ထံမှရရှိတဲ့ မျှော်လင့်ခြင်းနဲ့ ပျော်ရွှင်ခြင်းတွေနဲ့ ရှင်သန်နေထိုင်ကြပါစို့။ ခရစ္စယာန် ယုံကြည်ခြင်းမှာ ထာဝရဖြစ်တည်နေတဲ့ သင်္ချိုင်းဆိုတာ မရှိပါဘူး။ ထာဝရရှင်သန်ခြင်းသာ ရှိ ပါတယ်။

သို့သော် ခရစ်တော်သည် အမှန်ပင် သေခြင်းမှရှင်ပြန်ထမြောက်တော်မူသဖြင့် အိပ် ပျော်ခဲ့သော သူတို့တွင် အဦးဆုံးသီးသောအသီးဖြစ်၏။ သေခြင်းသည် လူတစ်ယောက် အားဖြင့် ဖြစ်ပေါ်လာသကဲ့သို့ သေခြင်းမှရှင်ပြန်ထမြောက်ခြင်းသည်လည်း လူတစ် ယောက် အားဖြင့်ပင် ဖြစ်ပေါ်လာလေပြီ။ လူအပေါင်းတို့သည် အာဒံ၌ သေကြရသကဲ့သို့ ထိုသူအားလုံး တို့သည်  ခရစ်တော်၌  အသက်ရှင်ကြရလိမ့်မည်။” (၁ ကော်ရိန်သု ၁၅:၂၀-၂၂)

ညီအစ်ကိုမောင်နှအပေါင်းတို့ အထက်က ရှင်ပေါလုမိန့်ဆိုခဲ့သလို ကျွန်ုပ်တို့အားလုံး ထာဝရ အသက်ရှင်ကြရမှာ ဖြစ်ပါတယ်။ နောက်ကို ပြန်လှည့်ကြည့်ရင် လွန်ခဲ့တဲ့ နှစ်တွေမှာ စိန်ခေါ်မှုတွေ ပြည့်နေပါတယ်။ သေခြင်းက ကျွန်ုပ်တို့ရဲ့အိမ်တံခါးကို လာခေါက်နေခဲ့တယ်။ ဒါပေမဲ့ ခရစ်တော်လိုပဲ ကျွန်ုပ်တို့ဟာ သေခြင်းရဲ့ လူတွေမဟုတ်ပါဘူး။ ကျွန်ုပ်တို့ဟာ ရှင်သန်ခြင်းရဲ့ လူတွေ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ ရှင်ပြန်ထမြောက်ခြင်းရဲ့ လူသားတွေ ဖြစ်ပါတယ်။

ဒါပေမဲ့ ကျွန်ုပ်တို့ဟာ ဘယ်လိုဘယ်ပုံ ရှင်ပြန်ထမြောက်ခြင်းရဲ့ လူသားတွေ ဖြစ်နိုင်ပါ သလဲ။

ပထမအနေနဲ့ - ကျွန်ုပ်တို့ဟာ တရားမျှတခြင်းနဲ့ တန်းတူရည်တူဖြစ်ခြင်းအတွက် ရှေ့နေ ရှေ့ရပ် လုပ်ပေးကြရမယ်။ အပယ်ခံတွေနဲ့ အနိုင်ကျင့်ခံတွေဘက်ကနေ ကျွန်ုပ်တို့ မားမားမတ်မတ် ရပ်တည်ပေးကြရမယ်။ အပြစ်မဲ့တဲ့လူတွေကို မသခင်ကတည်းက မြေမြှုပ်တဲ့ ဆင်းရဲမွဲတေခြင်းနဲ့ ဒုက္ခဝေဒနာတွေကို ဖန်တီးနေတဲ့ စနစ်ဆိုးကြီး အပြီးသတ်ရှင်းလင်းဖို့ လုပ်ဆောင်ကြရမယ်။

ဒုတိယနေနဲ့ - ကျွန်ုပ်တို့ဟာ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမယ်။ လူသား ချင်း ဆက်ဆံရေးနဲ့ ကမ္ဘာလောကကြီး တစ်ခုလုံး အတွင်းမှာ ပဠိပက္ခတွေ ချုပ်ငြိမ်းပြီး ပြန်လည် ကျေအေး သင့်မြတ်ရေးအတွက် လုပ်ဆောင်ကြရမယ်။ ကလဲ့စားချေခြင်းဆိုတဲ့ သင်္ချိုင်းကနေ လူအချို့သာ အသက်ရှင်လျက်ပြန်လာနိုင်ပါတယ်။ ခရစ်တော် ရှင်ပြန်ခဲ့တာက သူဟာ ကလဲ့စား ချေခြင်းကို ကျော်လွန်နိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ - ကျွန်ုပ်တို့ဟာ ယုံကြည်ခြင်းနဲ့ ဆုတောင်းခြင်း၌ ရှင်သန်သူများဖြစ်ကြ ရမယ်။ ညီအစ်ကိုမောင်နှအပေါင်းတို့ ယခုအချိန်ဟာ ဆုတောင်းရမယ့်အချိန်… အများကြီးပိုပြီး ဆုတောင်းရမယ့်အချိန် … အဆက်မပြတ်ဆုတောင်းရမယ့် အချိန် ဖြစ်ပါတယ်။ သေမင်းတမန်ကို ဆန့်ကျင်ဆုတောင်းရမယ်၊ သေခြင်းနဲ့ မှောင်မိုက်ခြင်းတို့ရဲ့ အစွမ်းတန်ခိုးတွေကို ဆန့်ကျင် ဆုတောင်း ကြရမှာ ဖြစ်ပါတယ်။

 အမှောင်မိုက်ဆုံး အခြနေအချိန်အခါတွေရဲ့ ကြားထဲကနေ အသစ်သောအသက်ကို မွေးဖွါး ပေးနိုင်စွမ်းရှိပြီး ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်တဲ့ ဘုရားသခင်ရဲ့ ဘုန်းတန်ခိုးတော်ကို ကျွန်ုပ်တို့ ယုံကြည်ကြရအောင်။ ပရောဖက် ဟေရှာယ သက်သေခံတဲ့အတိုင်း “ဘုရားသခင်၌ မျှော်လင့် ကိုးစား သူတို့သည် ခွန်အားအသစ်ကို ရရှိကြလိမ့်မည်၊ သူတို့သည် သိန်းငှက်၏ အတောင်ဖြင့် အမြင့်ဆုံး ထိတိုင် ပျံတက်ကြလိမ့်မည်။ သူတို့သည် ပြေးလွှားကြသော်လည်း မမောပန်းကြ၊ သူတို့သည် လျှောက်လှမ်းသွားကြသော်လည်း အင်အား ချိနဲ့မည်မဟုတ်ပေ။” (ဟေရှာယ ၄၀:၃၁)

ညီအစ်ကိုမောင်နှမအပေါင်းတို့ ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် အလင်း ကျေးဇူးတော်ကို ခံယူကြပါစို့ … ကမ္ဘာအသစ်အတွက်ထားရှိတဲ့ ကျွန်ုပ်တို့ရဲ့ မျှော်လင့်ချက် အိပ်မက်တွေကို မြေမြှုပ်ပစ်ဖို့ ခြိမ်းခြောက်နေတဲ့ သင်္ချိုင်းပိတ်ကျောက်တုံးတွေကိုဖယ်ရှားကြပါစို့ … ဖျားနာနေတဲ့ ကမ္ဘာမြေကြီးကိုကုသဖို့ တရားမျှတခြင်းနဲ့ ငြိမ်းချမ်းခြင်းအတွက် ကျိုး ပမ်းလုပ်ဆောင်ရင်း ကမ္ဘာမြေရဲ့ အပြောင်းအလဲကို ဖေါ်ဆောင်သူများ ဖြစ်ကြပါစို့ … ဘုရားသခင်ရဲ့ ကူညီစောင်မမှုအားဖြင့်  ငြိမ်းချမ်း သာယာဝပြောတဲ့ ကမ္ဘာသစ်ကြီး ဖြစ်ပေါ်လာ မယ်ဆိုတာ အခိုင်အမာ ယုံကြည်ကြပါစို့ …

အီစတာပွဲတော် ရက်မြတ်မှာ ကျွန်ုပ်တို့အားလုံးကို ဘုရားရှင် ကောင်းကြီးပေးပါစေ …

(ယောဟန် ၁၁:၂၅-၂၆) ကျမ်းပိုဒ်လေးက ကျွန်ုပ်တို့အား ဆက်လက် အလင်းပေးပါစေ …

“ငါသည် ရှင်ပြန်ထမြောက်ခြင်းနှင့် အသက် ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေပြီးသော်လည်း အသက်ရှင်လိမ့်မည်၊ ငါ့ကို ယုံကြည်၍ ရှင်သန်နေထိုင်သူ တို့သည် မည်သည့်အခါမျှ သေရလိမ့်မည်မဟုတ်”

 

 


2023-04-05 22:21:07
NEWS AND EVENTS