Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (စီဘီစီအမ်

၂၀၂၂ ခုနှစ် ဇန္နဝါရီလ ၁၁ ရက်မှ ၁၄ ရက်နေ့ထိ ပြုလုပ်သော 

ပထမအကြိမ် အထွေထွေညီလာခံမှ သဘောထား ထုတ်ပြန်ချက်

၁။           ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (စီဘီစီအမ်)သည် နိုင်ငံတော်အတွင်း ဖြစ်ပွားနေသော လက်ရှိအခြေအနေများကြောင့် အင်မတန် ဝမ်းနည်းကြေကွဲရပါသည်။ လူဦးရေ ထောင်ချီ ရွေ့ပြောင်းနေကြရပြီး သန်းနှင့်ချီ၍လည်း ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေကြရ၍ စီဘီစီအမ်သည် လူမျိုးဘာသာမရွေး ပဋိပက္ခဖြစ်ပွားနေသော အရပ်ဒေသများရှိ အပြစ်မဲ့ပြည်သူများ၊ ပြည်တွင်း ရွေ့ပြောင်းနေထိုင်ရသူများ၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ အမျိုးသမီးများ၊ မကျန်းမာသူများ၏ အသက်အိုးအိမ်နှင့် လုံခြုံမှုအတွက် များစွာစိုးရိမ်မိပါသည်။

 

၂။            စီဘီစီအမ်သည် အသက်ဘေးလွတ်ရာသို့ ပြောင်းရွေ့လာကြသော ပြည်သူများ၊ ယုံကြည်သူများအတွက် ဝိညာဉ်ရေးနှင့် ကာယရေးဆိုင်ရာများတွင် ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြသော ကက်သလစ် ဘုန်းတော်ကြီးများ၊ ကိုရင်ကြီးများ၊ သီလရှင်များနှင့် ဓမ္မဆရာ/ဆရာမများ၊ စေတနာ့ဝန်ထမ်းများကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ ဆက်လက်၍ လူမျိုးဘာသာမရွေး၊ နေရာဒေသမခွဲခြား ဒုက္ခသည်အားလုံးအတွက်လည်း မိမိတို့၏ မေတ္တာစေတနာလုပ်ငန်းများ၊ အနစ်နာခံမှုများကို ပြုလုပ်ကူညီသွားပေးရန် စီဘီစီအမ်အနေဖြင့် အထူးပင် အားပေးတောင်းဆိုပါသည်။

၃။           စီဘီစီအမ်အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ ကက်သလစ် သာသနာတော်ကြီးနှင့်သာမက ကူညီလှူဒါန်းပေးလိုသော အဖွဲ့အစည်းများနှင့် ဆက်လက် မိတ်သဟာရဖွဲ့၍ မြန်မာပြည်သူပြည်သားများအား ကျောသားရင်သား မခွဲခြား ကူညီသွားပါမည်။

၄။           တရားမျှတမှု၊ ငြိမ်းချမ်းသာယာမှု၊ ပြန်လည်ကျေအေးမှုကို လက်ကိုင်ထားသော စီဘီစီအမ်အနေဖြင့် ဒုက္ခသည်များ၊ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူများအတွက် အခြေခံလိုအပ်သော လူသားချင်းစာနာမှု အထောက်အကူပြု ပစ္စည်းများကို ပို့ဆောင်ထောက်ပံ့နိုင်ရန်အတွက် တာဝန်ရှိသူအားလုံးမှ စီစဉ်ဆောင်ရွက်ပေးပါရန် အလေးအနက် တောင်းဆိုပါသည်။ လူ့ဂုဏ်သိက္ခာနှင့် အသက်ရှင်သန်မှု အခွင့်အရေးတို့သည် ဘယ်သောအခါမှ၊ မည်သည့်အရာနှင့်မျှ လဲလှယ်၍မရပါ။ သို့ဖြစ်ပါ၍ လူ့အသက်ကို တန်ဘိုးထားရန်နှင့် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ သန့်ရှင်းမြင့်မြတ်သော ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို အထူးပင်လေးစားရန် ကျွန်ု်ပတို့ တောင်းဆိုပါသည်။

၅။           ယုံကြည်မှုကိုအခြေခံသော ဘာသာရေးအဖွဲ့အစည်းဖြစ်သည့် စီဘီစီအမ်သည် ဘုရားသခင်၌ အရာအားလုံးဖြစ်နိုင်သည်ကို အလေးအနက်ယုံကြည်သည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအတွင်း၌ ငြိမ်းချမ်းမှုတည်ဆောက်နိုင်ရန် ဒေသဆိုင်ရာ ကက်သလစ်သာသနာနယ်အသီးသီးအနေဖြင့် မိမိတို့ တတ်နိုင်သော နည်းလမ်းမျိုးစုံ၊ အထူးသဖြင့် စဉ်ဆက်မပြတ် ဆုတောင်းခြင်းများ ပြုလုပ်ပေးကြရန် အထူးပင် အားပေးတိုက်တွန်းပါသည်။ ကျွန်ု်ပတို့သည် ပြည်သူများနှင့် အတူတကွ ရပ်တည်နေထိုင်၍ ပြည်သူတို့၏ လိုအပ်ချက်များကို လူမျိုးဘာသာမခွဲခြား တစ်ဦးချင်းစီအတွက် ဖြည့်တင်းလုပ်ဆောင်သွားပါမည်။ 


2022-01-14 04:56:49
NEWS AND EVENTS