Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document
၂၀၂၁-ခုနှစ် ခရစ္စမတ်အကြို အာဒ်ဝင်တူးကာလအတွက် သတင်းစကား
မတရားအကြမ်းဖက်မှုများအားလုံး ရပ်တန်းက ရပ်ကြပါ
ဒီဇင်ဘာ ၉၊ ၂၀၂၁
ချစ်လှစွာသော မြန်မာပြည်သူပြည်သား ညီအစ်ကိုမောင်နှမအပေါင်းတို့၊
ကိုယ်စိတ်နှလုံး ငြိမ်းချမ်းကြပါစေကြောင်း ဦးစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ဒီကာလဟာ ငြိမ်းချမ်းခြင်းရဲ့အရှင်ဖြစ်တော်မူတဲ့ ယေဇူးဘုရားရှင်ရဲ့ မွေးနေ့တော်မြတ်ကို စောင့်မျှော်နေတဲ့ကာလ ဖြစ်တဲ့အတိုင်း အခုလို ငြိမ်းချမ်းခြင်းသတင်းစကားပါးလိုက်ရခြင်းဖြစ်ပါတယ်။ ဒီလိုငြိမ်းချမ်းခြင်းရာသီ အချိန်မှာ မျှော်လင့်စိတ်နဲ့ ကျွန်ုပ်တို့ရှင်သန်ကြရပါလိမ့်မယ်။
ကျွန်ုပ်တို့ဟာ ခက်ခဲကြမ်းတမ်းလွန်းတဲ့အချိန်တွေကို ရင်ဆိုင်ဖြတ်သန်းနေကြရပါတယ်။ ဒီလို အခြေအနေနဲ့ပတ်သက်လို့ ပရောဖက် အီဇာအိယက အခုလိုဟောကြားခဲ့ပါတယ်။
“မှောင်မိုက်ထဲမှာ သွားလာသောလူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍ သေမင်း၏ နိုင်ငံအရိပ်တွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။”(ဟေ ၉း၂)
သေမင်းရဲ့အရိပ်စိုးမိုးတဲ့နိုင်ငံက ဘယ်နိုင်ငံလဲ။ မြန်မာပြည်သူပြည်သားတိုင်းက စိတ်နှလုံးကြေ ကွဲစွာနဲ့ ပြောကြပါလိမ့်မယ်။ အဲဒါ ဒို့နိုင်ငံပါပဲလို့။ ဒီနိုင်ငံမှာ အမိုက်မှောင်ကျရောက်ခဲ့ပြီးတဲ့နောက် မတရားအကြမ်းဖက်မှုကြောင့် သေဆုံးရတာတွေဟာ ပုံမှန်လိုဖြစ်လာခဲ့ပါပြီ။ ငိုကြွေးသံတွေကိုလည်း အမြဲကြားနေရပါပြီ။ ပြီးခဲ့တဲ့(၁၀)လတာပတ်လုံး ကျူးလွန်ခဲ့တဲ့ မတရားအကြမ်းဖက်မှုတွေဟာ ကမ္ဘာ ကြီးကိုပါ စိတ်မချမ်းမသာဖြစ်စေခဲ့ပါတယ်။ ဒါတောင်မှ ကျွန်ုပ်တို့ဟာ အမုန်းတရားရဲ့အကျိုးဆက် မကောင်းဘူးဆိုတာကို လက်မခံကြသေးပါဘူး။ ယေဇူးဘုရားရှင်ကို တိုင်တည်ပြီး “ငြိမ်းချမ်းခြင်းစိုးမိုး ပါစေ”လို့ ကျွန်ုပ်တို့ကြေညာဟောပြောလိုပါတယ်။ ပြည်တွင်းပဋိပက္ခတွေနဲ့ ကျိုးပဲ့ကြေမွနေပြီဖြစ်တဲ့ ကျွန်ုပ်တို့ချစ်မြတ်နိုးရတဲ့မြန်မာနိုင်ငံမှာ မတရားအကြမ်းဖက်မှုတွေအားလုံး ရပ်တန်းက ရပ်ကြပါတော့ လို့ တောင်းဆိုချင်ပါတယ်။
ကိုဗစ်ရောဂါဒဏ်နဲ့ စစ်ဘေးဒဏ်ခံရတဲ့ လူနာတွေဟာ ဆင်းရဲချမ်းသာမရွေး ကုသမှုကို ခံယူ နိုင်ခဲ့တဲ့အချိန်တွေရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ မတရားအကြမ်းဖက်မှုတွေသာ ကြီးစိုးနေပါပြီ။ အပြစ်မဲ့ပြည်သူတွေခံစားရတဲ့ ဆင်းရဲဒုက္ခတွေ၊ မတရားမှုတွေကို ကျွန်ုပ်တို့ဖုံးကွယ်ထားလို့ မရပါဘူး။ ကျွန်ုပ်တို့ပြည်သူပြည်သားတွေရဲ့ဘ၀နဲ့ လုံခြုံရေးအတွက် အကာအကွယ်ပေးရမယ့်သူတွေက ကြောက် လန့်ဖွယ်ရာ၊ စိတ်သောကရောက်စေရာ အကြောင်းရင်းတွေဖြစ်လာခဲ့ပါပြီ။ သူတို့တွေကို မေတ္တာတရား ရဲ့စွမ်းအားက ကြီးမားတဲ့အကြောင်း ကျွန်ုပ်တို့ပြောကြားလိုပါတယ်။ ဒါဟာ ယေဇူးဘုရားရှင်ရဲ့သတင်း စကားတော်နဲ့ ခရစ္စမတ်သတင်းစကားလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်က ကျွန်ုပ်တို့နိုင်ငံဟာ အိပ်မက်သစ်တွေနဲ့ တက်ကြွနေခဲ့ပြီး မကြာခင်မှာပဲ အဲ ဒါတွေအားလုံးဟာ အိပ်မက်ဆိုးတွေဖြစ်ကုန်ပါတယ်။ ဒီနိုင်ငံဟာ ဧဒင်ဥယျာဉ်လိုပဲ လှပသာယာပြီး သယံဇာတပေါကြွယ်၀တာ၊ လူမျိုးပေါင်းစုံတာ၊ သဒ္ဓါရက်ရောတာ၊ ပျော်ပျော်နေတတ်တာတွေကြောင့် နိုင်ငံအတော်များများက အားကျခဲ့ရပါတယ်။
အခုအခါမှာ ဧဒင်ဥယျာဉ်လို လှပခဲ့တဲ့နိုင်ငံဟာ ဒုက္ခကားတိုင်လမ်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး ငိုကြွေးသံစိုးမိုးတဲ့ဌာနေတစ်ခုဖြစ်ခဲ့ရပါပြီ။ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုကြည့်ရင် ကပ်ကမ္ဘာကုန် ဆုံးမယ့်အကြောင်း ယေဇူးဘုရားရှင်ရဲ့သတိပေးမိန့်ကြားချက်ကို ပြန်လည်ကြားယောင်စေပါတယ်။
“သင်တို့သည် စစ်ပွဲများနှင့် ပုန်ကန်ထကြွခြင်းအကြောင်းများကို ကြားရသောအခါ... လူမျိုး တစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ နေရာအရပ်ရပ်တို့၌ မြေငလျင် ပြင်းစွာလှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါများကျရောက်ခြင်းတို့ ဖြစ်ပေါ်လိမ့်မည်။”(လု ၂၁း၅-၁၁)
ကျွန်ုပ်တို့ချစ်မြတ်နိုးရတဲ့မြန်မာနိုင်ငံမှာ မတရားအကြမ်းဖက်မှုတွေအားလုံး ရပ်တန်းက ရပ်ကြ ပါ။ ခရစ္စမတ်အချိန်ဟာ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ဆန်းစစ်ရမယ့်အချိန်လည်း ဖြစ်ပါတယ်။ အကြမ်း ဖက်မှုလမ်းစဉ်ကိုသာ ဆုပ်ကိုင်ထားတဲ့သူတွေ၊ မတရားအကြမ်းဖက်မှုကို ကျူးလွန်တဲ့သူတွေဟာ မိမိတို့ ရဲ့လုပ်ရပ်ကို ပြန်ပြီးစဉ်းစားဖို့ လိုနေပါပြီ။ အကြမ်းဖက်မှုကြောင့် သေကြေပျက်စီးခဲ့ရသူတွေဘက်ကို လည်း ထည့်သွင်းစဉ်းစားဖို့ လိုနေပါပြီ။ မတရားအကြမ်းဖက်မှုတွေကို စိတ်လိုလက်ရကျူးလွန်ခဲ့သူတွေ၊ သနားညှာတာစိတ်ကင်းမဲ့စွာနဲ့ နှိပ်စက်ညှဉ်းပန်းခဲ့သူတွေ၊ သတ်ဖြတ်ခဲ့သူတွေဟာ ငိုကြွေးသံတွေကို ဖြစ်ပေါ်စေခဲ့တဲ့ တရားခံတွေပါပဲ။
နိုင်ငံရဲ့လူငယ်တွေအတွက်ကိုလည်း ကျွန်ုပ်အများကြီးစိုးရိမ်သောကဖြစ်ရပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က သူတို့မှာ အနာဂတ်အိပ်မက်ကိုယ်စီရှိခဲ့ကြပါလိမ့်မယ်။ အနာဂတ်အိပ်မက်ဆိုတာ သေနတ် နဲ့ ပစ်သတ်ရမယ့်အရာတွေ မဟုတ်ပါဘူး။ လူမဆန်တဲ့ မတရားအကြမ်းဖက်မှုတွေများပြားလာတဲ့အခါ ပြန်လည်တုံ့ပြန်တိုက်ခိုက်တာဟာ ဖြစ်ပေါ်တတ်စမြဲပါ။ သေနတ်ကိုင်တာတစ်ခုတည်းနဲ့ အောင်ပွဲမရ နိုင်ပါဘူး။ အမှန်တရားနဲ့ မေတ္တာတရားကိုလည်း လက်ကိုင်ထားဖို့ လိုအပ်ပါတယ်။ အကြမ်းမဖက် တဲ့လမ်းစဉ်၊ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာတဲ့လမ်းစဉ်ဆိုတာ အမြဲရှိနေပါတယ်။ ဒါကြောင့် အကြမ်း ဖက်လမ်းစဉ်ကို ဆုပ်ကိုင်မထားဖို့ ကျွန်ုပ်တစ်ဖန်တောင်းဆိုပါတယ်။ ကိုယ့်ရဲ့လမ်းကြောင်းကို ပြောင်း ကြည့်ပါ။ အမှန်တရားနဲ့ မေတ္တာတရားရဲ့စွမ်းအားအပေါ် ယုံကြည်ပါ။ မတရားအကြမ်းဖက်မှုဒဏ်ကို ခံစားနေတဲ့သူတွေအတွက် မဟတ္တမဂန္ဒီရဲ့အကြံပေးစကားတစ်ခွန်းရှိပါတယ်။ အကြမ်းမဖက်လမ်းစဉ်ဆို တာ အားနည်းသူတွေအတွက် ထားထားတာမဟုတ်ပါဘူး။ ဒီလမ်းစဉ်ဟာ စိတ်ဓာတ်ကြံ့ခိုင်သန်မာသူ တို့စွဲကိုင်တဲ့လက်နက်ပါ။
“သူရဲဘောကြောင်တဲ့သူတွေဟာ မေတ္တာမပြနိုင်ပါဘူး။ ရဲရင့်သူတို့သာလျှင် မေတ္တာပြနိုင်ကြပါ တယ်။ အမှန်တရားကို သင်တို့ထုတ်ဖော်တာ၊ တရားတဲ့ဘက်မှာ ရပ်တည်တာ၊ မိမိလွတ်လပ်ခွင့်နဲ့ အညီ ပြုမူပြောဆိုတဲ့အခါ ဆင်ခြင်ဉာဏ်ကင်းမဲ့သူတွေဟာ သင်တို့ကို အပြစ်ပေးချင်ကြပါတယ်။ ကိုယ် မှန်ကန်တဲ့အရာအတွက်တော့ ဘယ်တော့မှ မတောင်းပန်ပါနဲ့။”
“သမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်”လို့ သမ္မာကျမ်းက ဆိုထားပါတယ်။ အမှန်တရားမပေါ်ပေါက်ခင်အချိန်မှာ ကျွန်ုပ်တို့စိတ်ထဲကို အမုန်းတွေ၊ အညှိုးတွေနဲ့ပြည့်နေတဲ့စကား တွေ အလွယ်တကူ ဝင်ရောက်နေရာယူတတ်ပါတယ်။ အဲဒီအခါမှာ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု ပျောက်ဆုံးပြီး စည်းလုံးမှုပြိုကွဲလာတာနဲ့အမျှ ပျက်စီးခြင်းလည်း ရောက်လာပါလိမ့်မယ်။
ကျွန်ုပ်တို့နဲ့ ရပ်တည်ချက်ချင်းမတူတဲ့ ပြည်သူပြည်သားချင်း သတ်ဖြတ်တာမျိုးကိုလည်း သတိ ထားဖို့ လိုပါတယ်။ တိုင်းပြည်ရဲ့မျိုးဆက်သစ်လူငယ်အပေါင်းတို့၊ သင်တို့ရဲ့နာကျင်မှုကို ကျွန်ုပ်နား လည်ပါတယ်။ ဒါပေမဲ့ သင်တို့အပေါ်မှာဖြစ်စေ၊ တစ်ပါးသူအပေါ်မှာဖြစ်စေ ထပ်မံနာကျင်အောင် ပြု လုပ်ခြင်းနဲ့ ဒီပြဿနာက မချုပ်ငြိမ်းသွားပါဘူး။
ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်နဲ့ ဝိညာဉ် တော်ဘုရားရဲ့ အလင်းပေးလမ်းညွှန်မှုကို ခံယူကြရပါမယ်။ ခရစ်တော်ဘုရားရှင်ဟာ ကျွန်ုပ်တို့ရဲ့ ဦး ဆောင်သူဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ ကိုယ်တော်ဘုရားရှင်ရဲ့ဖွားမြင်တော်မူခြင်း၊ ဘ၀လမ်းစဉ်နဲ့ မျှော် လင့်ခြင်းပေးတဲ့သတင်းစကားတော်ကနေ လမ်းညွှန်မှုကို နာခံကြရပါမယ်။
သူငယ်တော်ယေဇူးဖွားမြင်တော်မူတဲ့ကာလဟာလည်း နိုင်ငံရေးမငြိမ်သက်ဘဲ အမုန်းတရား တွေ ရှိနေတဲ့ကာလဖြစ်ပါတယ်။ ရောမအင်ပါယာရဲ့ နယ်ချဲ့အရင်းရှင်စိတ်ကြောင့် ဖြစ်ပေါ်တဲ့ သက် ရောက်မှုဒဏ်ကို သူငယ်တော်ယေဇူးခံခဲ့ရပါတယ်။ ယေဇူးဘုရားရှင်ငယ်စဉ်ဘ၀မှာ လူအများအပြား သတ်ဖြတ်ခံရတာမျိုးဟာ ထူးဆန်းတဲ့အရာမဟုတ်ပါဘူး။ ဟေရုဒ်မင်းကိုယ်တိုင်က ကလေးသူငယ်အား လုံးကို မျိုးဖြုတ်သတ်ဖြတ်ပစ်ခဲ့တာပါ။ သူငယ်တော်ယေဇူးလည်း ထွက်ပြေးရပြီး ဒုက္ခသည်ဘ၀ရောက် ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ အောင်နိုင်သူဟာ ဟေရုဒ်မင်းမဟုတ်သလို ပီလာတုမင်းလည်း မဟုတ်ဘဲ နွားစားခွက်ထဲမှာ ဆင်းရဲချို့တဲ့စွာ မွေးဖွားလာတဲ့၊ လူ့အဖြစ်ကို ခံယူခဲ့တဲ့ မေတ္တာတော်ရှင် ဘုရားသခင်၊ ယေဇူးသူငယ်တော်သာဖြစ်ပါတယ်။ အဆုံးသတ်မှာ ဘက်သလေဟင်က နွားစားခွက်က ရောမအင်ပါယာကြီးရဲ့အာဏာစက်ကို အောင်နိုင်ခဲ့ပါတယ်။ အမိုက်မှောင်နဲ့ စိတ်ပျက်ခြင်းတို့ ကြီးစိုးရာ ကာလဖြစ်နေပေမဲ့ ကိုယ်တော်ဘုရားရှင်ဖွားမြင်ချိန်မှာ ကောင်းကင်တမန်တော်တွေဟာ နွားစားခွက်အထက်မှာ ငြိမ်းချမ်းရေးတေးသီကျူးနေခဲ့ပါတယ်။
“အမြင့်ဆုံးသောအရပ်၌ ဘုရားသခင်အား ဘုန်းတော်ဂုဏ်တော်ရှိစေသတည်း။ မြေကြီးပေါ်၌ လည်း စိတ်ကောင်းနှလုံးကောင်းရှိသူတို့အား ငြိမ်းချမ်းခြင်းရှိစေသတည်း။”
မှန်ပါတယ်။ ခရစ္စမတ်သတင်းစကားက ငြိမ်းချမ်းခြင်းသတင်းစကားပါ။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ဟာလည်း မြန်မာပြည်သူပြည်သားတွေအတွက် အမြဲမပြတ် ပြောဆိုပေးနေပါတယ်။ သူ မြန်မာပြည်ကို အလည်အပတ်ကြွလာတုန်းကလည်း ငြိမ်းချမ်းရေးအကျိုးကို ရှေးရှုပြီး အားလုံးကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော်ဖို့ မြန်မာပြည် ကက်သလစ်သာသနာတော်ကို တာဝန်ပေးခဲ့ပါတယ်။ အခုရေးသားတဲ့ အာဒ်ဝင်တူးသတင်းစကားဟာလည်း ပုပ်ရဟန်းမင်းကြီးရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းချက်ကို ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်ပါ တယ်။ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ကျွန်ုပ်တို့ကြိုးစားကြပါစို့။ တံခါးရှိသမျှပွင့်စေဖို့ အတွက် လုပ်ပိုင်ခွင့်နဲ့ အာဏာရှိသူတိုင်းကို ကျွန်ုပ်တို့တိုက်တွန်းနှိုးဆော်ရပါလိမ့်မယ်။ ငြိမ်းချမ်းရေး လမ်းစဉ်ကို ရွေးချယ်ခြင်းဟာ လူ့အခွင့်အရေးလျော့ပါးပျောက်ဆုံးအောင် လုပ်တာမဟုတ်ပါဘူးဆိုတာ ကို သမိုင်းကလည်း သက်သေခံနေပါတယ်။
ကက်သလစ်သာသနာတော်ရဲ့ငြိမ်းချမ်းရေးလမ်းစဉ်ဟာ “တရားမျှတမှုကို ရှာဖွေခြင်း”နဲ့ အစပြု ပါတယ်။ တစ်နည်းပြောရရင် အနှစ်မပါတဲ့ ငြိမ်းချမ်းရေးကို ရှာဖွေခြင်းမဟုတ်ဘဲ တရားမျှတမှုကနေ ထွက်ပေါ်လာတဲ့ ငြိမ်းချမ်းရေးကို ရှာဖွေခြင်းဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ တရားမျှတမှုမရှိဘဲနဲ့ ရေရည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဆိုတာ မရှိနိုင်ပါဘူး။ တောင်ပေါ်ဒေသနာတော်မှာ “ငြိမ်းချမ်း ရေးအတွက် ကြိုးပမ်းလုပ်ဆောင်သောသူတို့သည် မင်္ဂလာရှိကြ၏”လို့ ဟောကြားတော်မူခဲ့တဲ့ ယေဇူး ဘုရားရှင်ဟာ “တရားမျှတမှုအား ဆာမွတ်သောသူတို့သည် မင်္ဂလာရှိကြ”လို့လည်း ဟောကြားခဲ့ပါ သေးတယ်။ မှန်ပါတယ်။ ကျွန်ုပ်တို့နိုင်ငံမှာ ဆာလောင်ငတ်မွတ်သူအရေအတွက်ဟာ ၂ သန်းကနေ ၃ သန်းအထိ ရှိပါတယ်။ ဒါပေမဲ့ တရားမျှတမှုကို ဆာမွတ်တဲ့သူအရေအတွက်ကတော့ မြန်မာတစ်နိုင်ငံ လုံးပါပဲ။ အဲဒီတရားမျှတမှုကို မဆောင်ကြဉ်းနိုင်သရွေ့ ဒီနိုင်ငံမှာ ငြိမ်းချမ်းရေးမစိုးမိုးနိုင်ပါဘူး။
ဒီခရစ္စမတ်မှာ အားလုံးအထူးလိုလားတောင့်တနေကြတဲ့အရာကတော့ ကျွန်ုပ်တို့အားလုံး ငြိမ်းငြိမ်း ချမ်းချမ်း နေထိုင်နိုင်ကြဖို့ပါပဲ။ အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ခံနေကြရသူတွေ၊ စစ်ဘေးရှောင် စခန်းတွေမှာ ရှောင်ပုန်းနေကြရသူတွေအားလုံး ကိုယ့်အိမ်ကိုယ့်ယာကို ပြန်နိုင်ဖို့ ကျွန်ုပ်တို့မျှော်လင့်နေ ကြပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရသူတွေ လွတ်လွတ်လပ်လပ်နဲ့ သွားလာနေထိုင်နိုင်ဖို့၊ ထိခိုက် ဒဏ်ရာရသူတွေ ကုသခြင်းခံရဖို့၊ တကွဲတပြားဖြစ်နေတဲ့မိသားစုတွေပြန်လည်ပေါင်းဆုံနိုင်ဖို့၊ သေနတ် သံတွေအားလုံး တိတ်ဆိတ်သွားစေဖို့ ကျွန်ုပ်တို့မျှော်လင့်တောင့်တနေကြပါတယ်။
ကျွန်ုပ်တို့တွေရဲ့နှလုံးသားထဲမှာ အတူတကွပေါင်းစည်းထားတဲ့ ကောင်းမြတ်ခြင်းဟာ အကွဲကွဲ အပြားပြား ဖြစ်နေတဲ့အမုန်းတရားတွေထက် ပိုပြီးစွမ်းအားကြီးတယ်ဆိုတာကို လက်ခံနိုင်အောင် ကြိုး စားကြပါစို့။ အရှေ့တောင်အာရှမှာဆိုရင် ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေမှာ ပဋိပက္ခ တွေကို ခေတ္တဘေးဖယ်ထားပြီး နိုင်ငံတိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်နေကြတာကို ကျွန်ုပ်တို့သင်ခန်း စာယူနိုင်ပါတယ်။ ကျွန်ုပ်တို့နိုင်ငံမှာ မြေပေါ်မြေအောက် သယံဇာတပေါကြွယ်၀ပေမဲ့ ငြိမ်းချမ်းရေး ဆိတ်သုဉ်းနေပါတယ်။
ခရစ်ယာန်ဘာသာဝင်များအနေနဲ့ ကျွန်ုပ်တို့ဟာ ဘုရားသခင်ကို အားကိုးအားထားပြုရပါမယ်။ ကိုယ်တော်ရှင်ရဲ့လမ်းညွှန်ကွယ်ကာမှုကို ကျွန်ုပ်တို့တောင်းခံကြရပါမယ်။ ခရစ်တော်ဘုရားရှင်သွန်သင် တော်မူခဲ့တဲ့ ခေါင်းဆောင်မှုဆိုတာဟာ အစေခံခြင်းပဲဖြစ်တယ်ဆိုတာကို ကျွန်ုပ်တို့နားလည်သဘော ပေါက်ရပါမယ်။ ယေဇူးဘုရားရှင်ကို ကြည့်ပါ။ ကိုယ်တော်ဟာ ဘုရားစင်စစ်ဖြစ်ပါလျက်နဲ့ မိမိရဲ့ဘုန်း ဂုဏ်တော်ကို ဖယ်ခွာပြီး ကျွန်အစေခံဘ၀ကို ခံယူတော်မူခဲ့ပါတယ်။ ကိုယ်တော်ဘုရားရှင်ဟာ လက် ဝါးကားတိုင်တော်ထက် အသက်တော်စွန့်ခါနီးအချိန်တိုင်အောင် ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး တရားကို ဟောကြားခဲ့ပါတယ်။
အခုလို အာဒ်ဝင်တူးကာလမှာ မြန်မာပြည်သူပြည်သားအားလုံး၊ အထူးသဖြင့် လူငယ်များအား လုံးအတွက် ကျွန်ုပ်တို့ဆုတောင်းပါတယ်။ ဒီနိုင်ငံမှာ ငြိမ်းချမ်းရေးမျှော်လင့်ချက်ပြန်လည်ရှင်သန်လာဖို့ ကျွန်ုပ်တို့ဆုတောင်းပါတယ်။ ပြဿနာဖြေရှင်းတဲ့နေရာမှာ စိတ်ပျက်ဝမ်းနည်းမှုကိုအခြေခံပြီး မဖြေရှင်း ကြဖို့ ကျွန်ုပ်တို့ဆုတောင်းပါတယ်။ လက်နက်အားကိုးနဲ့ လူထုကို ချုပ်ကိုင်ဖို့ ကြိုးစားတဲ့သူတွေအတွက် လည်း ကျွန်ုပ်တို့ဆုတောင်းပါတယ်။ ကျွန်ုပ်တို့ တစ်လျှောက်လုံး တိုက်ခိုက်လာခဲ့ကြတဲ့သူတွေဟာ ကျူးကျော်လာတဲ့ တိုင်းတစ်ပါးသားတွေမဟုတ်ဘဲ ပြည်သူအချင်းချင်းပဲဖြစ်နေတာကို အဆုံးသတ်ကြဖို့ လို နေပါပြီ။ မတူကွဲပြားမှုတွေကို ကျွန်ုပ်တို့အတူတကွ ဖြေရှင်းရပါမယ်။
ငြိမ်းချမ်းရေးလမ်းစဉ်ကို ယုံကြည်တဲ့နိုင်ငံမှာ ခရစ္စမတ်ရဲ့အနှစ်သာရကို အပြည့်အဝခံစားရပါ တယ်။ ကမ္ဘာ့ကုလသမဂ္ဂအဆောက်အဦနံရံမှာ အထင်အရှား ရေးထိုးထားတဲ့ ပရောဖက် အီဇာအိယရဲ့ ဟောကြားချက်ဟာ ဒီအာဒ်ဝင်တူးကာလမှာ အသက်ဝင်လှုပ်ရှားလာပါစေ။
“သူတို့၏ဓားလက်နက်များကို တံစဉ်ဖြစ်စေခြင်းငှာ ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကို တစ်ပြည် စစ်မတိုက်၊ စစ်ပညာကိုလည်း နောက်တစ်ဖန် မသင်ရကြ။”(ဟေ ၂း၄)
ကာဒီနယ် ချားလ်စ်ဘို
ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်၊
မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ၊
အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ၊

2021-12-13 08:45:16
NEWS AND EVENTS