Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မြန်မာနိုင်ငံရှိ ဆန္ဒပြသူများအပေါ်အကြမ်းဖက်မှုကိုအဆုံးသတ်ရန်

ရဟန်းမင်းကြီးက တောင်းဆိုလိုက်သည်

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြသူများအား အကြမ်းဖက်မှုကိုအဆုံးသတ်ရန်၊ ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရန်နှင့် ဒီမိုကရေစီသို့ဦးတည်သောလမ်းကို ဆက်လက်ခွင့်ပြုရန် စစ်အစိုးရအား တောင်းဆိုလိုက်သည်။
ရဟန်းမင်းကြီးက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရာ၌ အကြမ်းဖက်ဖြိုခွဲခံနေရသည့် မြန်မာပြည်သူ/သားများကို အားပေးသည့်အနေဖြင့် ယနေ့ ထပ်မံမိန့်မြွက်ခဲ့​​ခြင်းဖြစ်သည်။
ရဟန်းမင်းကြီးက “သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေမလုပ်ဘဲ
ညှိနှိုင်းဆွေးနွေးစေလိုပါတယ်” ဟု ဆိုသည်။
ထို့နောက် နိုင်ငံတကာအသိုင်းအဝိုင်းအား “မြန်မာပြည်သူလူထု၏မျှော်လင့်ချက်များသည် အကြမ်းဖက်မှုများကြောင့် ဟန့်တားခြင်းမခံရစေရန် ကူညီပေးကြဖို့” ကိုလည်း တိုက်တွန်းခဲ့သည်။
“ကျွန်ုပ်ချစ်မြတ်နိုးရတဲ့တိုင်းပြည်မှာရှိတဲ့ လူငယ်လေးတွေဟာ မုန်းတီးမှုတွေနဲ့ မတရားမှုတွေအတွက် ပြန်လည်သင့်မြတ်ရေးကိုလမ်းဖွင့်ပေးမယ့်အနာဂတ်မျှော်လင့်ခြင်းကို ရရှိနိုင်ကြပါစေ” ဟူ၍လည်း ဆန္ဒပြုလိုက်ပါသည်။
နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်
မြန်မာ့တပ်မတော်သည် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အာဏာသိမ်းယူပြီး နိုင်ငံရေးခေါင်းဆောင် များစွာကိုလည်း ဖမ်းဆီးခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်သည် ဖမ်းဆီးခြင်းခံခဲ့ရပြီး၊ ဆက်သွယ်ရေးဆိုင်ရာဥပဒေအပြင် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာဥပဒေနှင့်ငြိစွန်းသည်ဟူသော စွဲချက်များစွာကို ရင်ဆိုင်နေရသည်။
ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးပြီး ဒီမိုကရေစီကို ပြန်လည်ထူထောင်ရန်အတွက် စစ်အစိုးရအား ရဟန်းမင်းကြီးက တောင်းဆိုလိုက်သည်။
“နောက်ဆုံးအနေနဲ့ ပြီးခဲ့တဲ့လကကျွန်ုပ်ပြောတဲ့အတိုင်းပဲ မြန်မာနိုင်ငံက အကျဉ်းချခံနေရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကိုလွှတ်ပေးခြင်းဖြင့် မကြာသေးမီနှစ်များအတွင်း ဒီမိုကရေစီကိုဦးတည်နေတဲ့လမ်းကြောင်းကို ပြန်လည်စတင်ကြဖို့ ထပ်ပြီးတောင်းဆိုပါတယ်”
အကြမ်းဖက်ဖြိုခွဲမှုများ
အာဏာသိမ်းမှုကိုဆန့်ကျင်၍ ငြိမ်းချမ်းစွာဆန္ဒပြမှုများ တစ်လနီးပါးကြာမြင့်လာချိန်တွင် လုံခြုံရေးတပ်ဖွဲ့များသည် တိုင်းပြည်အနှံ့ဆန္ဒပြသူများအားဖြိုခွဲရာ၌ မျက်ရည်ယိုဗုံးများနှင့် လက်နက်များကို စတင်အသုံးပြုခဲ့ကြသည်။ ဆန္ဒပြသူများအားနှိမ်နင်းရာ၌ အကြမ်းဖက်ဖြိုခွဲမှုများနှင့်ပတ်သက်၍ ရဟန်းမင်းကြီးကတောင်းဆိုလိုက်သည့် ဤဗုဒ္ဓဟူးနေ့ (နေ့ခင်းပိုင်း)၌ပင် ဒီမိုကရေစီလိုလားသူများ ချီတက်ဆန္ဒပြရာတွင်ပါဝင်သူ အနည်းဆုံး (၉) ဦးကို ရဲများက သတ်ဖြတ်ခဲ့သည်။
ဖေဖော်ဝါရီ (၁) ရက်မှစ၍ ယနေ့ချိန်ထိ သေဆုံးသူပေါင်း (၃၀) ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။
Source : vaticannews.va

2021-03-21 22:51:23
NEWS AND EVENTS