Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ခရိုအေးရှားနိုင်ငံရှိ ငလျင်ဒဏ်ခံရသူများအား

ရဟန်းမင်းကြီးဖရန်စစ်မှ

အလှူငွေများပေးပို့လှူဒါန်းခြင်း

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်သူများအတွက် ဒေါ်လာ (၁၂၁,၀၀၀) ကျော်ကို ခရိုအေးရှားနိုင်ငံရှိ ကက်သလစ်ကရုဏာအသင်းသို့ လှူဒါန်းခဲ့သည်။ ပြီးခဲ့သည့်လက (၆.၄) ပြင်းအားရှိသည့်ငလျင်ကြောင့် Banija ဒေသရှိ မိသားစုများကိုကူညီရန် ဒေသခံဆရာတော်များအဖွဲ့ချုပ်၏အစိတ်အပိုင်းတစ်ခုဖြစ်သည့် ကရုဏာအသင်းအား ၎င်းအလှူငွေများကို ပေးအပ်ခဲ့သည်။
ဒီဇင်ဘာလ (၂၉) ရက်တွင် ငလျင်ပြင်းထန်စွာလှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ (၇) ဦး သေဆုံးခဲ့ပြီး၊ ဒါဇင်ပေါင်းများစွာသောလူများ ဒဏ်ရာရရှိကာ နေအိမ်များနှင့်ဘုရားကျောင်းများလည်း ပျက်စီးခဲ့သည်။ ၎င်းတို့အနက် žažina မြို့ရှိ ဘုရားကျောင်း၏စန္ဒယားဆရာကိုလည်း ဘုရားကျောင်း၏ အုတ်အကျိုးအပဲ့များကြားတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြသည်။ လူများစွာတို့သည် မိမိတို့၏နေအိမ်များပျက်စီးပြီးနောက် ခိုလှုံစရာမရှိဘဲ ကျန်ရစ်ခဲ့ကြရသည်။
(၂၀၂၀) ခုနှစ်၊ မတ်လတွင် မြို့တော် Zagreb ၌ (၅.၃) ပြင်းအားရှိသည့်ငလျင်လှုပ်ခတ်ခဲ့ရာ လူ (၂၇) ဦး ဒဏ်ရာရရှိခဲ့ပြီး ဆယ်ကျော်သက်မိန်းကလေးတစ်ဦး သေဆုံးခဲ့သည်။
ရဟန်းမင်းကြီးဖရန်စစ်၏ရန်ပုံငွေများကို လူနေမှုဘဝမြှင့်တင်ရေးရုံးတော်မှတစ်ဆင့် လှူဒါန်းခဲ့သည်။
“နွေးထွေး၍ဘေးကင်းလုံခြုံသည့်အမိုးအကာများရရှိနိုင်ရန် ရုပ်ပိုင်းဆိုင်ရာထောက်ပံ့ခြင်းများနှင့်အတူ ဆုတောင်းပေးခြင်းအတွက် ရဟန်းမင်းကြီးဖရန်စစ်အား ခရိုအေးရှားကရုဏာအသင်းမှ အထူးကျေးဇူးတင်ရှိပါကြောင်း” အသင်း၏ဥက္ကဌဖြစ်သူ ဆရာတော် Bože Radoš မှ ဇန်နဝါရီလ (၂၆) ရက်နေ့က ပြောကြားခဲ့သည်။
ကရုဏာအသင်း၏ဒါရိုက်တာ Msgr. Fabijan Svalina ကလည်း “စေတနာ့ဝန်ထမ်းတွေ၊ နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေရဲ့ အသက်ဝင်လှတဲ့ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ နေ့စဉ်နေ့တိုင်း သက်သေခံနေကြတယ်။ ရဟန်းမင်းကြီးဖရန်စစ်ကနေ အခုလို အချိန်မီစွာနဲ့ တိကျခိုင်မာစွာ ဆောင်ရွက်ဖို့ဆုံးဖြတ်လိုက်တဲ့အတွက် ကျွန်ုပ်တို့အထူးကျေနပ်မိပါတယ်” ဟုဆိုသည်။
ဒီဇင်ဘာလတွင် ငလျင်လှုပ်ခတ်ခဲ့သောကြောင့် ဒုက္ခသည်များကို အရေးပေါ်ကူညီနိုင်ရန် ခရိုအေးရှားကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ဒေါ်လာ (၁) သန်းကျော် လှူဒါန်းခဲ့သည့်အပြင် ခရိုအေးရှားကရုဏာအသင်းနှင့် မော်လ်တာအဖွဲ့အစည်းတို့ဖြင့်ပူးပေါင်းကာ အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသူများအတွက် ယာယီတည်းခိုစရာများ တည်ဆောက်ပေးကြသည်။
ပြီးခဲ့သည့်အပတ်က ဆရာတော်ကြီးများသည် ‘ကိုရိုနာကူးစက်ရောဂါနှင့် စွမ်းအားပြင်းထန်သော ငလျင်ဒဏ်ခံခဲ့ရသူများ’ ကို ကြားဝင်အသနားခံပေးရန်အတွက် အပျိုစင်မာရိယာထံ အပ်နှံခဲ့ကြသည်။ Zagreb တွင်ကျင်းပသည့် မျက်နှာစုံညီအစည်းအဝေးအပြီး၊ ဇန်နဝါရီ (၁၉) ရက်ကထုတ်ပြန်သော ကြေညာချက်တွင် ဆရာတော်ကြီးများသည် မိမိတို့၏တိုင်းပြည်အတွင်း ဗိုင်းရပ်စ်နှင့် သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးခဲ့ရသူများအတွက် ဆုတောင်းပေးခဲ့ကြကြောင်း ဖော်ပြရေးသား ခဲ့သည်။
“ကျွန်ုပ်တို့၏ဇာတိမြေနှင့် နိုင်ငံသားများအားလုံး၊ အထူးသဖြင့်ငလျင်ဒဏ်ခံခဲ့ရသော Zagreb ဂိုဏ်းချုပ်သာသနာနှင့် Sisak ဂိုဏ်းအုပ်သာသနာ၊ ကိုရိုနာကူးစက်ရောဂါနှင့် စွမ်းအားပြင်းထန်သည့် ငလျင်ဘေးဒဏ်ကြုံတွေ့ခဲ့ကြသူများ အားလုံးကို ကျွန်ုပ်တို့၏ သစ္စာအရှိဆုံးသော ကြားဝင်ဆုတောင်း ပေးသူ ကညာစင်မာရိယာထံတော်၌ ကျွန်ုပ်တို့ အပ်နှံလိုက်ပါသည်" ဟု ဆရာတော်က မိန့်ကြားခဲ့သည်။
ခရိုအေးရှားလူဦးရေ၏ ခန့်မှန်းခြေ (86%) ရှိသည့် လူဦးရေ (၄) သန်းမှာ ကက်သလစ်ဘာသာဝင်များ ဖြစ်သည်။
Source: Catholic News Agency
Photos: Courtesy of the Archdiocese of Zagreb
 



2021-01-28 06:04:26
NEWS AND EVENTS