Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဂျေရုဆလင်ဂိုဏ်းချုပ်ဆရာတော်ကြီးမှ

သာသနာတော်အတွင်း စည်းလုံးညီညွတ်မှုရှိကြရန် တောင်းဆိုခြင်း

 

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့၌ ဂျေရုဆလင်ဂိုဏ်းချုပ်ဆရာတော်ကြီး Pierbattista Pizzaballa, OFM သည်  ဒေသန္တရသာသနာတော်၏ဘဝနှင့်ဆက်စပ်နေသည့် ငြိမ်းချမ်းရေးကို ဘာသာရေးရှုထောင့်မှ သုံးသပ်လျက် သန့်ရှင်းသောနယ်မြေ (Holy Land) ရှိ သာသနာတော်အတွင်း ပိုမို၍ စည်းလုံးညီညွတ်မှု ရှိကြရန် တောင်းဆိုခဲ့သည်။ ထို့အပြင် ဒေသခံကက်သလစ်သာသနာတော်၏ဘဝကို အသီးအပွင့်များ ပိုမိုဖြစ်ထွန်းစေရန်အတွက် တမန်တော်ခရီးကိုအဟန့်အတားဖြစ်စေသည့် အဓိကပြဿနာလေးခုကို ကိုင်တွယ်ရန်လိုအပ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။

() ဘုန်းတော်ကြီးများ လွှမ်းမိုးမှုဝါဒ  

ပထမတစ်ခုမှာ ဘုန်းတော်ကြီးများ လွှမ်းမိုးမှုဝါဒဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ၎င်းကို ရဟန်းမင်းကြီးဖရန်စစ်က မကြာခဏ ထောက်ပြဝေဖန်လေ့ရှိပြီး၊ ကမ္ဘာပေါ်ရှိသာသနာများစွာတွင် ကြုံတွေ့ရလေ့ရှိသော်လည်း Holy Land တွင် ထင်ထင်ရှားရှားဖြစ်နေသည်။ ဘုန်းတော်ကြီးများနှင့် ဘာသာဝင်များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ မကြာခဏ နားလည်မှုလွဲတတ်ကြပြီး၊ ဘုန်းတော်ကြီး၏ အလိုဆန္ဒအတိုင်းသာ လုပ်ဆောင်ခြင်းများဖြစ်လာသည်ဟုဆိုသည်။ အကျိုးတော်ဆောင်အဖွဲ့များဖွဲ့စည်းထားရန်၊ ထင်မြင်ချက်များနှင့် အကြံပြုချက်များကို မျှဝေတင်ပြရန် ခက်ခဲသည်။ အခြားတစ်ဖက်မှကြည့်လျှင် သာသနာတော်အတွက် အပြုသဘောဆောင်သော ပံ့ပိုးမှုများပြုလုပ်ရန်ဆန္ဒရှိပြီး ဆက်ကပ်လိုသည့် ဘာသာဝင်များလည်း လိုအပ်လျက်ရှိသည်။

() မျိုးဆက်ကွာဟမှု

ဒုတိယအနေဖြင့် မျိုးဆက်ကွာဟမှုဖြစ်သည်။ ဆိုလိုသည်မှာ အတိတ်ကာလကိုတမ်းတပြီး သာသနာတော်အတွင်း ဆက်လက်မကျင့်သုံးတော့သည့်အရာများကို နှမြောတသဖြစ်သူများနှင့် ပြောင်းလဲရန်မလိုအပ်သည့်အရာများကိုပင် ပြောင်းလဲလိုသောလူငယ်များအကြား ကွာဟမှုဖြစ်သည်။ ထိုတုံ့ပြန်မှုနှစ်ခုလုံးသည် ပစ္စုပ္ပန်မှလွတ်မြောက်လိုခြင်းပင်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး နားထောင်ရန် လိုအပ်ကြောင်း၊ ယခုချိန်ထိ ပြီးဆုံးခဲ့သောအရာများအတွက် ကျေးဇူးတင်၍ လမ်းကြောင်းအသစ်များ ကိုလည်း ဘုရားသခင်၏ကျေးဇူးတော်နှင့်အညီ ကြိုဆိုလက်ခံရန်လိုအပ်ကြောင်း ဆရာတော်ကြီးမှ ထောက်ပြခဲ့သည်။

() ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးအတိုင်းအတာ ကွာခြားမှုများကို ဖြည့်စွက်ခြင်း

ဂိုဏ်းချုပ်ဆရာတော်ကြီးသည် ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးအတိုင်းအတာအကြား ကွာခြားမှုကို ပြောကြားရာတွင် “ကျွန်ုပ်တို့အားလုံးမှာ တူညီတဲ့အခက်အခဲရှိတယ် တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့အရာကို မိမိတို့ရဲ့သာသနာတော်နဲ့ တစ်သားတည်းကျတယ်လို့ခံယူဘဲ ‘ဧည့်သည်အဖြစ်ပဲ လက်ခံတတ်ဖို့လိုအပ်သလို၊ အခြားတစ်ဖက်မှာလည်း မိမိတို့ဒေသနဲ့ဆိုင်ရာတွေကို ဆီလျော်မှုမရှိဘူး၊ ခေတ်နောက်ကျတယ်၊ သက်ဝင်လှုပ်ရှားမှုမရှိတော့လို့ ကွယ်ပျောက်တော့မှာပဲ စသဖြင့် မမှတ်ယူကြပါနဲ့။ ဒီကဏ္ဍနှစ်ခုလုံးက သာသနာတော်အတွက်လိုအပ်တဲ့အတွက် တစ်ခုနဲ့တစ်ခုက ပြန်အလှန် ကူညီထောက်ပံ့ကြရမယ်”ဟု ဆိုသည်။

() မတူညီသော လူမျိုးရေးအမှတ်လက္ခဏာများ

ဂိုဏ်းချုပ်ဆရာတော်ကြီး၏သာသနာနယ်ပယ်အတွင်း (ဂျော်ဒန်၊ အစ္စရေး၊ ပါလက်စတိုင်း၊ ဆိုက်ပရပ်စ်) ဟူ၍ နယ်မြေလေးခုရှိပြီး ၎င်းတို့၏ဘာသာစကားကွဲပြားမှုသည် ဒေသန္တရသာသနာတော်၏ဘဝအပေါ် သက်ရောက်မှုရှိသဖြင့် ၎င်းသည်ပင် အတားအဆီးတစ်ခုဖြစ်နိုင်သည်သာသနာတော် လေးခုကွဲပြားနေခြင်းမဟုတ်ဘဲ ၎င်းတို့အကြား မတူကွဲပြားသည့် လူမျိုးရေးအမှတ်လက္ခဏာများ ရှိနေသော်လည်း သာသနာတော်တစ်ခုတည်းသာဖြစ်ကြောင်း၊ မတူညီမှုများကြောင့်ဖြစ်ပေါ်လာသည့် ပဋိပက္ခများ၏သိမ်းသွင်းမှုမခံရဘဲ ဤကွဲပြားခြားနားမှုများကို ပေါင်းစည်း၍ အများဆိုင်ရာဖြစ်သော၊ ပုံသဏ္ဍန်စုံလင်သော၊ ပွင့်လင်းမှုရှိသော၊ အရောင်အသွေးစုံသော သာသနာတော်ကြီးတစ်ခု တည်ဆောက်ကြရမည်ဖြစ်ကြောင်း ဆရာတော်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

ဩဝါဒအဆုံးပိုင်းတွင် ဤအခက်အခဲများအားလုံး၏ အခြေခံအကြောင်းရင်းမှာ တစ်ကိုယ်ကောင်းဆန်ခြင်းပင်ဖြစ်ကြောင်း၊ ‘တိုးတက်ကောင်းမွန်လာနိုင်စေမည့် နည်းလမ်းသစ်’ သည် ကျွန်ုပ်တို့၏အလိုဆန္ဒများမှမဟုတ်ဘဲ ခရစ်တော်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးမှ စတင်ရမည်ဖြစ်ကြောင်း၊  ကျွန်ုပ်တို့၏စိတ်နှလုံးကို ခရစ်တော်၏နှလုံးတော်အား အပ်နှံကြလျက် နှုတ်တော်ထွက်စကား၏ အလင်းတော်အောက်(ရဟန်းတော်များအပါအဝင်) ကျွန်ုပ်တို့သည် မိမိတို့သရုပ်မှန်ကို လေ့လာသုံးသပ်ခြင်းဖြင့် ခရစ်တော်နှင့်ပေါင်းစပ်ကြရမည်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့သည် ချစ်ခြင်းမေတ္တာမပါဘဲ အသက်မရှင်နိုင်ကြောင်း၊ ၎င်းချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အတွက်နှင့် ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် မိမိ၏အသက်ကိုပင်စတေးခဲ့သော သခင်ခရစ်တော်ကိုချစ်ခြင်းမှ စတင်ကြရမည်ဖြစ်ကြောင်းနှင့် ဤချစ်ခြင်းသည်သာ ကျွန်ုပ်တို့အား စောင့်မျှော်နေသည့် နည်းလမ်းသစ်ဖြစ်ပေလိမ့်မည် ဟု နိဂုံးချုပ်ပြောကြားခဲ့သည်။

Source: Vatican News


2021-01-08 04:54:28
NEWS AND EVENTS