Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ စိန့်ဂျိုးဇက်နှစ် ကြေညာခြင်း

စိန့်ဂျိုးဇက်အား တစ်ကမ္ဘာလုံးဆိုင်ရာကက်သလစ်သာသနာတော်ကို ကူညီမှိုင်းမသောရဟန္တာအဖြစ် ရဟန်းမင်းကြီးသူတော်မြတ်ပီဦးစ် () မှ ကြေညာခြင်း နှစ် (၁၅၀) ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် (ဒီဇင်ဘာလ ၈ ရက် ၂၀၂၀ မှ ဒီဇင်ဘာလ ၈ ရက် ၂၀၂၁ ကို) စိန့်ဂျိုးဇက်နှစ်အဖြစ်သတ်မှတ်လိုက်ကြောင်း ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ကြေညာခဲ့သည်။

ရဟန်းမင်းကြီးဖရန့်စစ်အရှင်သူမြတ်သည် Covid-19 ရောဂါဖြစ်ပွားနေသောကာလတွင် Patris Corde ဖခင်၏နှလုံးသားဖြင့်” စာစောင်အသစ်တစ်စောင်ကို ရေးသားခဲ့သည်။ ၎င်းက သာမန်လူသားများသည် ထင်ရှားကျော်ကြားမှုမရှိသော်လည်း စိတ်ရှည်မှုနှင့်မျှော်လင့်ချက်များ နေ့စဉ်ပေးနေသည်ကို ပိုမိုရှင်းလင်းစွာမြင်နိုင်ရန် ကူညီပေးခဲ့သည်။ သူတို့သည် ကယ်တင်ခြင်းသမိုင်းတွင် အသိအမှတ်ပြုခြင်းမခံရသော်လည်း နေ့စဉ်နေ့တိုင်း လျှို့ဝှက်သိုသိပ်စွာ   ပါဝင်ခဲ့သော စိန့်ဂျိုးဇက်နှင့်တူသည်ဟု ဆိုသည်။ Patris Corde တမန်တော်စာအသစ်တွင် စိန့်ဂျိုးဇက်ကို ချစ်မြတ်နိုးရသောဖခင်၊ နူးညံ့သိမ်မွေ့သောမေတ္တာရှင်ဖခင်၊ နာခံခြင်းပါရမီရှိသောဖခင်၊ လက်ခံတတ်သောဖခင်၊ တီထွင်ကြံဆတတ်၍ ရဲစွမ်းသတ္တိရှိသောဖခင်၊ အလုပ်လုပ်သောဖခင်၊ ကန့်လန့်ကာနောက်ကွယ်မှ ပေးဆပ်သောဖခင်အဖြစ် ဖော်ပြဂုဏ်ပြုခဲ့သည်။

 ချစ်ခင်ကြင်နာပြီး နာခံမှုရှိသောဖခင်

စိန့်ဂျိုးဇက်သည် မိမိ၏အိမ်တွင် ကြီးပြင်းလာသော မက်ဆီးယားရှင်သခင်အပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာအားဖြင့် သူ၏ဖခင်ဘဝကို တိကျစွာဖော်ပြခဲ့သည်ဟု ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က ရေးသားခဲ့သည် ။

စိန့်ဂျိုးဇက်အား ဓမ္မဟောင်းနှင့်ဓမ္မသစ်တို့အကြား သူ၏အခန်းကဏ္ဍကြောင့် ဖခင်တစ်ဦးအဖြစ် ခရစ်ယာန်ဘာသာဝင်များက အမြဲဂုဏ်ပြုလေ့ရှိသည်။

 သခင်ယေဇူးက စိန့်ဂျိုးဇက်၌ ဘုရားသခင်၏နူးညံ့သိမ်မွေ့သောချစ်ခြင်းမေတ္တာကို တွေ့မြင်တော်မူ ခဲ့သည်။ ၎င်းသည် ကျွန်ုပ်တို့၏ကြောက်စိတ်များ၊ အပြစ်အနာအဆာများကိုကျော်လွန်၍ မိမိတို့၏ အားနည်းချက်များကိုလက်ခံရန် ကူညီပေးသည်။ နူးညံ့သောချစ်ခြင်းမေတ္တာသာလျှင် ကျွန်ုပ်တို့ကို စွပ်စွဲသူများ၏ကျော့ကွင်းများမှ ကယ်တင်တော်မူလိမ့်မည်။ အထူးသဖြင့် အာပတ်ဖြေခြင်းစက္ကရမင်တူး အားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏အမှန်တရားနှင့် နူးညံ့ကြင်နာမှုကို တွေ့ကြုံခံစားကြရသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အမှန်တရားက ကျွန်ုပ်တို့ကိုပြစ်တင်ရှုတ်ချခြင်းမပြုဘဲ ကြိုဆိုလက်ခံပွေ့ဖက်ထား၍  ခွင့်လွှတ်ပေးသည်ကို ကျွန်ုပ်တို့သိကြသည်။

စိန့်ဂျိုးဇက်သည် ဘုရားသခင်အားနာခံမှုရှိသောဖခင်တစ်ဦးဖြစ်သည်။ သူသည် မယ်တော်မာရိယာနှင့် သခင်ယေဇူးကိုကာကွယ်ပေးပြီး ခမည်းတော်၏အလိုတော်ကိုဆောင်ရွက်ရန် သားတော်လေးအား သွန်သင်ပေးခဲ့သည်။

ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် () က စိန့်ဂျိုးဇက်သည် သခင်ယေဇူး၏ကယ်တင်ခြင်းလုပ်ငန်းတွင် ပါဝင်ထမ်းဆောင်ရန် ဘုရားသခင်ကခေါ်တော်မူသဖြင့် နက်နဲလှသောကယ်တင်ခြင်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့သူဖြစ်၍ စိန့်ဂျိုးဇက်သည် ကယ်တင်ခြင်းအမှုတော်ဆောင်အမှန်ပင်ဖြစ်သည်ဟု ဂုဏ်ပြုခဲ့သည်။

ဘုရားသခင်၏အလိုတော်ကို ကြိုဆိုလက်ခံခြင်း

 တစ်ချိန်တည်းမှာပင် စိန့်ဂျိုးဇက်သည် လက်ခံတတ်သောဖခင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် မာရိယာကို ခြွင်းချက်မရှိလက်ခံခဲ့သည်။ ယနေ့ခေတ်တွင်ပင် အမျိုးသမီးများအပေါ် စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ အပြောအဆိုအားဖြင့်သော်လည်းကောင်း၊  ရုပ်ပိုင်းဆိုင်ရာ သော်လည်းကောင်း အကြမ်းဖက်မှုများကို ကျွန်ုပ်တို့ ထင်ရှားစွာတွေ့မြင်နေရသည်။ သို့သော် မာရိယာ၏သတို့သားသည် ဘုရားသခင်ကို ယုံကြည်အားကိုးပြီး သူ၏ဘဝ၌ မိမိနားမလည်သော အရာများကိုပင်လက်ခံကာ မိမိ၏ကိုယ်ပိုင်အတွေးအခေါ်များကိုဖယ်ထုတ်၍ မိမိ၏သမိုင်းကို လက်ခံသူလည်းဖြစ်သည်ဟု ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ထုတ်ဖော်ဂုဏ်ပြုခဲ့သည်။

စိန့်ဂျိုးဇက်၏ဝိညာဉ်ရေးလမ်းကြောင်းသည် ရှင်းပြခြင်းမဟုတ်၊ လက်ခံခြင်းဖြစ်သည်။သို့သော် သူသည် လက်မြှောက်အရှုံးပေးသည်ဟုမဆိုလိုပါ။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားထံတော်မှ ခံနိုင်ရည်ရှိခြင်းလက်ဆောင်ကိုရရှိထားပြီး မျှော်လင့်ချက်အပြည့်ရှိသူဖြစ်၍ မိမိ၏ဘဝကိုလည်း ဆန့်ကျင်မှုများ၊ မကျေနပ်မှုများနှင့် စိတ်ပျက်စရာများဖြင့်ပြည့်နေသော်လည်း အရှိအတိုင်း လက်ခံနိုင်သူဖြစ်သည်။

လက်တွေ့တွင် စိန့်ဂျိုးဇက်မှတစ်ဆင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား မကြောက်ကြနှင့်ဟုထပ်ခါတလဲလဲ ပြောနေသကဲ့သို့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယုံကြည်ခြင်းသည် ပျော်ရွှင်ဖွယ်ဖြစ်စေ၊ ဝမ်းနည်းဖွယ်ဖြစ်စေ၊ အဖြစ်အပျက်တိုင်းကို အဓိပ္ပာယ်ရှိစေပြီး ဘုရားသခင်သည် ကျောက်ခဲထူထပ်သောမြေပေါ်မှ ပန်းများဖူးပွင့်စေနိုင်သည်ကို သတိပြုစေသည်။ စိန့်ဂျိုးဇက်သည် ဖြတ်လမ်းများကိုမရှာဘဲ အဖြစ်မှန်ကိုပွင့်ပွင့်လင်းလင်းမြင်တွေ့ခဲ့ပြီး သူကိုယ်တိုင် တာ၀န်ယူခဲ့သည်။ ဤအကြောင်းကြောင့် တစ်ပါးသူအား ခြွင်းချက်မရှိဘဲ အရှိအတိုင်းလက်ခံကြရန်နှင့် အားနည်းသူများကို အထူးဂရုစိုက်ရန် ကျွန်ုပ်တို့အားတိုက်တွန်းသည်။

တီထွင်ကြံဆတတ်၍သတ္တိရှိသောဖခင်၊ ချစ်ခြင်းမေတ္တာ၏စံနမူနာ

Patris Corde က စိန့်ဂျိုးဇက်၏ တီထွင်ဖန်တီးမှုနှင့် ရဲစွမ်းသတ္တိကိုမီးမောင်းထိုးပြသည်။ ရဟန်းမင်းကြီးက    နာဇရက်မြို့သား လက်သမားသည် ဘုရားသခင်၏ကူညီစောင်မတော်မူခြင်းကို ယုံကြည်ခြင်းအားဖြင့် ပြဿနာတစ်ခုကို အခွင့်အလမ်းတစ်ခုအဖြစ်ပြောင်းလဲနိုင်ခဲ့သည်။ သူ၏မိသားစုသော်လည်းကောင်း၊ ကမ္ဘာပေါ်ရှိ အခြားမိသားစုများသော်လည်းကောင်း၊ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားများမှ ရင်ဆိုင်ကြုံတွေ့ရသောပြဿနာများကို သူကိုင်တွယ်ခဲ့ရသည် ဟုရှင်းပြခဲ့သည်။

ဤသဘောမျိုးဖြင့် စိန့်ဂျိုးဇက်သည် စစ်ပွဲများ၊ မုန်းတီးမှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများနှင့် ဆင်းရဲနွမ်းပါးမှုများကြောင့် မိမိတို့၏နေရင်းပြည်မှထွက်ခွာသွားရသူအားလုံး၏ ကူညီမှိုင်းမသူဖြစ်သည်။ မယ်တော်မာရိယာနှင့် သခင်ယေဇူး၏ အုပ်ထိန်းသူဖြစ်သော စိန့်ဂျိုးဇက်မှလွဲ၍ သာသနာတော်၏ အုပ်ထိန်းသူသည် အခြားသူမဖြစ်နိုင်ပါ။ ကက်သလစ်သာသနာတော်သည် သခင်ခရစ်တော်၏ ခန္ဓာတော်ဖြစ်၍ လူသားတို့၏မိခင်ဖြစ်သည်။

အကျိုးဆက်အားဖြင့် ဆင်းရဲသောသူ၊ ငတ်မွတ်သောသူ၊ အတိဒုက္ခရောက်သောသူ၊ သေအံ့ဆဲဆဲဖြစ် နေသောသူနှင့် သူစိမ်းများ၊ အကျဉ်းသားများ၊ မကျန်းမာသောသူ ဟူသမျှတို့သည် စိန့်ဂျိုးဇက်မှ ဆက်လက်ကာကွယ်ပေးနေသော ကလေးများပင်ဖြစ်ကြသည်။ သာသနာတော်နှင့် ဆင်းရဲသားများကို ချစ်တတ်ရန်အတွက် စိန့်ဂျိုးဇက်ထံမှ ကျွန်ုပ်တို့သင်ယူရမည်ဟု ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က ရေးသားထားသည်။

အလုပ်၏တန်ဖိုး၊ ဂုဏ်သိက္ခာနှင့် ပျော်ရွှင်မှုကိုသင်ကြားပေးသောဖခင်

"မိသားစုကိုကျွေးမွေးစောင့်ရှောက်ရန်အတွက် ရိုးသားစွာ အသက်မွေးဝမ်းကျောင်းပြုခဲ့သော လက်သမားတစ်ဦးဖြစ်သည့် စိန့်ဂျိုးဇက်သည် ကိုယ်ပိုင်လုပ်အား၏ရလဒ်အဖြစ် ပေါင်မုန့် (နေ့စဉ်အစာ) ကိုစားရခြင်း၏တန်ဖိုး၊ ဂုဏ်သိက္ခာနှင့် ပျော်ရွှင်မှုတို့ကိုလည်း ကျွန်ုပ်တို့အား သင်ပေးသည်။ စိန့်ဂျိုးဇက်၏ ဤထူးခြားသောပါရမီသည် ဖွံ့ဖြိုးပြီးနိုင်ငံများစွာ၌ပင် ပြင်းထန်သော လူမှုရေးပြဿနာဖြစ်နေသည့် အလုပ်နှင့်ပတ်သက်၍ မေတ္တာရပ်ခံပြောဆိုနိုင်ရန် ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်အား ပံ့ပိုးပေးသည်။ ရဟန်းမင်းကြီးက                 ဂုဏ်သိက္ခာရှိသောအလုပ်၏ အရေးကြီးမှုကို အသိအမှတ်ပြု တန်ဖိုးထားကြရန် ပို၍လိုအပ်လာသည်။ ၎င်းအတွက် စံပြုထိုက်သော ကူညီမှိုင်းမသူမှာ စိန့်ဂျိုးဇက်ဖြစ်သည်” ဟူ၍ ရေးသားခဲ့သည်။

"အလုပ်ဆိုသည်မှာ ကယ်တင်ခြင်းလုပ်ငန်းတွင်ပါ၀င်ရန်နည်းလမ်းဖြစ်၍ နိုင်ငံတော်တည်ထောင်ခြင်းကို မြန်ဆန်စေသည့် အခွင့်အရေးဖြစ်၏၊ ကျွန်ုပ်တို့၏အရည်အချင်းများနှင့် စွမ်းရည်များကို မြှင့်တင်ရန်နှင့် ၎င်းတို့ကို လူ့အဖွဲ့အစည်းနှင့် ညီရင်းအစ်ကိုပမာမိတ်သဟာယဖွဲ့ခြင်းအတွက် အစေခံခြင်း၌အသုံးပြုရန် နည်းလမ်းဖြစ်သည်။ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က အလုပ်လုပ်ကိုင်သူများသည် ဘုရားသခင်ကိုယ်တော်တိုင်နှင့် ပူးပေါင်းလုပ်ကိုင်ခြင်းဖြစ်ပြီး၊ တစ်နည်းနည်းဖြင့် ကျွန်ုပ်တို့ပတ်ဝန်းကျင်ကမ္ဘာကို ဖန်တီးသူများဖြစ်လာသည်ဟု ရှင်းပြသည်။ မည်သူမျှဖယ်ထုတ်ခြင်းမခံရဘဲ အသစ်သော 'ပုံမှန်' အနေအထားကိုသယ်ဆောင်လာရာ၌ အလုပ်၏တန်ဖိုး၊ အရေးကြီးပုံနှင့်  လိုအပ်မှုကို ပြန်လည်ရှာဖွေကြရန် တစ်ဦးချင်းစီကို တိုက်တွန်းလိုက်ပါသည်။

အထူးသဖြင့် Covid-19 ကူးစက်ရောဂါကြောင့် အလုပ်လက်မဲ့များ ပိုမိုများပြားလာသည်ဖြစ်၍ ရဟန်းမင်းကြီးက လူတိုင်း မိမိတို့၏ဦးစားပေးမှုများကို ပြန်လည်သုံးသပ်ရန်နှင့် မည်သည့်လူငယ်မျှ၊ မည်သူတစ်ဦးတစ်ယောက်မျှ၊ မည်သည့်မိသားစုမျှ အလုပ်လက်မဲ့မဖြစ်သင့်ပါဟူသည့် ခိုင်မာသော ထင်မြင်ယူဆချက်ကို ထုတ်ဖော်ပြကြရန် ဖိတ်ခေါ်သည်။

ကန့်လန့်ကာနောက်ကွယ်မှဖခင်

ပိုလန်စာရေးဆရာ Jan Dobraczyński “The Shadow of the Father” စာအုပ်ကို ကိုးကား၍ ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က စိန့်ဂျိုးဇက်သည် သခင်ယေဇူး၏လောက၏ကန့်လန့်ကာ နောက်ကွယ်မှ ကောင်းကင်ဆိုင်ရာဖခင်ဖြစ်သည် ဟု ပုံဖော်ခဲ့သည်။

ဖခင်များသည် မွေးဖွားခံရသူများမဟုတ်၊ ဖန်ဆင်းခံရကြသူများဖြစ်သည်။ အမျိုးသားတစ်ဦးသည် ကလေးတစ်ယောက်အား ကမ္ဘာကြီးထဲသို့ခေါ်ဆောင်လာရုံဖြင့် ဖခင်တစ်ယောက်ဖြစ်လာခြင်းမဟုတ်ဘဲ ၎င်းကလေးငယ်အား ဂရုတစိုက် ကျွေးမွေးစောင့်ရှောက်ရန် တာဝန်ယူမှသာလျှင် ဖခင်ဟူ၍ ဖြစ်လာကြောင်း၊ ကံဆိုးစွာပင် ယနေ့ လူ့အဖွဲ့အစည်းတွင် ကလေးများကို မိဘမဲ့များ၊ ဖခင်မရှိသော ကလေးများအဖြစ် မကြခဏမြင်တွေ့နေရသည်။ ကလေးသူငယ်များအလိုရှိကြသည်မှာ မိမိတို့အားလွှမ်းမိုးလိုသည့် ဖခင်များမဟုတ်ဘဲ မိမိတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်းရှိရန်၊ လွတ်လပ်စွာပျော်ရွှင်နိုင်ရန်အတွက် အခွင့်အလမ်းသစ်များကို ရှာဖွေဖော်ထုတ်ပေးနိုင်မည့် ဖခင်များသာ ဖြစ်သည်။ ဤအချက်ကြောင့် စိန့်ဂျိုးဇက်အား ပိုင်စိုးပိုင်နင်း အပေါ်စီးဖြင့်ဆက်ဆံခြင်းမရှိသည့် အရိုးသားဆုံးသော၊ အစင်ကြယ်ဆုံးသောဖခင်တစ်ဦးအဖြစ် ဖော်ပြခြင်းဖြစ်သည်။ ရဟန်းမင်းကြီးက စိန့်ဂျိုးဇက်ဟာ ထူးခြားတဲ့လွတ်လပ်မှုနဲ့ ဘယ်လိုချစ်ရမယ်ဆိုတာကို သိခဲ့တယ်။ သူ့ကိုယ်သူ အရာအားလုံးရဲ့ဗဟိုအဖြစ် မသတ်မှတ်ခဲ့ဘူး။ သူ့အတွက်မစဉ်းစားဘဲ မယ်တော်မာရိယာနဲ့ သခင်ယေဇူးတို့ရဲ့အသက်တာကိုသာ အာရုံစိုက်ခဲ့တယ်" ဟု ချီးမွမ်းခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်ကဤသို့ရေးသားထားသည် စိန့်ဂျိုးဇက်အတွက် ပျော်ရွှင်မှုသည် မိမိကိုယ်ကို ပေးဆပ်ခြင်းပင်ဖြစ်သည်။ သူ၌ စိတ်ပျက်သည်ဟူ၍မတွေ့ရ၊ ယုံကြည်မှုကိုသာ မြင်တွေ့ရသည်။ သူ၏ စိတ်ရှည်သည်းခံမှုသည် ခိုင်မာသောယုံကြည်မှု၏နိဒါန်းဖြစ်သည်။ ထို့ကြောင့် အာဏာရှင်များမဟုတ်ဘဲ ဖခင်များကိုသာ လိုအပ်နေသောကမ္ဘာကြီးတွင်၊ အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်ခြင်း/ ကပ်ဖားကျိုးနွံစွာအစေခံခြင်း/ နိုင်ထက်စီးနင်းဆွေးနွေးတတ်ခြင်း/ အချောင်ခိုလိုသည့်စိတ်ဓာတ်ဖြင့် ကရုဏာရေးလုပ်ငန်းများလုပ်ဆောင်ခြင်းနှင့် ဖျက်ဆီးတတ်သည့်စွမ်းအားရှင်များ စသည်တို့ကို ငြင်းပယ်သည့် ကျွန်ုပ်တို့၏လူမှုရေးအသိုင်းအဝိုင်းတွင် စိန့်ဂျိုးဇက်သည် စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ထင်ရှားသည်။

စစ်မှန်သောဖခင်များသည် သားသမီးများက မိမိတို့အတွက်ရှင်သန်နေထိုင်ပေးကြရန် အလိုဆန္ဒမရှိကြပါ။ သူတို့သည် သားသမီးတို့၏လွတ်လပ်မှုကို လေးစားကြသည်။ ဤခံယူချက်ကြောင့် ဖခင်တစ်ဦးသည် မိမိကလေးက အမှီအခိုကင်းပြီး သူ၏ဘဝခရီး၌ မိမိအဖော်ပြုပေးရန် မလိုအပ်တော့သည်ကိုမြင်ရသောအခါ မိမိသည် ဆုံးမသွန်သင်လမ်းပြပေးသူတစ်ဦးဖြစ်၍ ဖခင်တစ်ဦးပီသကြောင်းကို သဘောပေါက်လာသည်။ ဖခင်တစ်ဦးဖြစ်ခြင်းသည် ပိုင်ဆိုင်မှုများနှင့် သက်ဆိုင်ဘဲ၊  ကောင်းကင်ဘုံရှင်ခမည်းတော်ဘုရားသည် ပို၍ကြီးမြတ်သောဖခင်ဖြစ်ကြောင်းကို ညွှန်ပြပေးသည့် အမှတ်လက္ခဏာပင်ဖြစ်သည်။

 

စိန့်ဂျိုးဇက်ထံနေ့စဉ်ဆုတောင်းခြင်းနှင့် စိန်ခေါ်မှုတစ်ရပ်

ရဟန်းမင်းကြီးသည် ပြင်သစ်နိုင်ငံမှ ဆယ့်ကိုးရာစုရှိ ယေဇူးနှင့်မေရီသီလရှင်အသင်းဂိုဏ်း၏ ဆုတောင်းမေတ္တာစာအုပ်မှ စိန့်ဂျိုးဇက်ထံဆုတောင်းမေတ္တာကို ရွတ်ဆိုလေ့ရှိသည်မှာ နှစ်ပေါင်းလေးဆယ်ကျော်ရှိပြီဖြစ်ကြောင်း၊ ဤဆုတောင်းမေတ္တာသည် ဆည်းကပ်ကိုးကွယ်မှုနှင့် ယုံကြည်စိတ်ချမှုကိုဖော်ပြကြောင်း၊  ကျွန်ုပ်၏ ချစ်လှစွာသောအဖဘုရားသခင်၊ ကိုယ်တော်ကို အကြွင်းမဲ့ယုံကြည်ပါ၏။ ကိုယ်တော်သည် ယေဇူးနှင့်မာရိယာတို့အား ကျေးဇူးတော်ဟူသမျှကို ဖြည့်ဆည်းပေးနိုင်သည်ဖြစ်၍ ကိုယ်တော်အား ကျွန်ုပ်အမှီပြုခြင်းသည် အချည်းနှီးမဖြစ်ပါစေနှင့်။ ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းသည် တန်ခိုးတော်ကဲ့သို့ပင် ကြီးမားတော်မူကြောင်းကို ကျွန်ုပ်အားပြသတော်မူပါ ဟူသည့် နိဂုံးချုပ်ဆုတောင်းစကားများကြောင့် စိန့်ဂျိုးဇက်အတွက်ပင် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်ကို တွေ့မြင်နိုင်ကြောင်း  ဝေမျှခဲ့သည်။

 

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က စာ၏နိဂုံးတွင် စိန့်ဂျိုးဇက်ထံဆုတောင်းမေတ္တာတစ်ပုဒ်ကို ထပ်မံထည့်သွင်းခဲ့ပြီး ကျွန်ုပ်တို့အားလုံး အတူတကွ ဆုတောင်းကြရန်လည်း အားပေးတိုက်တွန်း ထားပါသည်။

 

စိန့်ဂျိုးဇက်ထံ ဆုတောင်းမေတ္တာ

ကယ်တင်ရှင်သခင်၏အုပ်ထိန်းသူ၊ အပျိုစင်ကညာမာရိယာ၏ ခင်ပွန်းတော်ဖြစ်တော်မူသော အို…စိန့်ဂျိုးဇက်၊ ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို သင့်ထံ အပ်နှံတော်မူခဲ့သည်။ မယ်တော်မာရိယာသည် သင့်အား ယုံကြည်အားထားခဲ့သည်။ သခင်ခရစ်တော်သည်လည်း သင်၏အုပ်ထိန်းမှုအောက်၌ လူ့ဇာတိအဖြစ်ကိုယူတော်မူခဲ့ပေသည်။ ကောင်းမြတ်တော်မူသော စိန့်ဂျိုးဇက်၊ ကျွန်ုပ်တို့အပေါ်၌လည်း ဖခင်တစ်ဦးကဲ့သို့ ကျေးဇူးပြုတော်မူ၍ အသက်လမ်းသို့ လမ်းပြဦးဆောင်တော်မူပါ။ ဘုရားရှင်ထံမှ ကျေးဇူးတော်၊ သနားကရုဏာတော်နှင့် ခွန်အားသတ္တိများကို တောင်းလျှောက်ပေးတော်မူ၍ ကျွန်ုပ်တို့အား ဘေးအန္တရာယ်အပေါင်းတို့မှ ကာကွယ်စောင့်ရှောက်တော်မူပါ။ အာမင်။

 

NEWS AND EVENTS