Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကာဒီနယ်အသစ်များအား လမ်းကြောင်းမှန်ကိုလျှောက်ကြရန်

အားပေးတိုက်တွန်းခြင်း

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် သတ္တမအကြိမ်မြောက် ကာဒီနယ်အသစ်ခန့်အပ်တင်မြှောက် ခြင်းအခမ်းအနားကို စနေနေ့ကကျင်းပခဲ့သည်။ ကမ္ဘာ့နိုင်ငံများ () နိုင်ငံမှ ကာဒီနယ်အသစ် (၁၃) ပါးကို တင်မြှောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အား ကာဒီနယ်အဆောင်အယောင်များမချီးမြှင့်မီ ကျမ်းစာတော်မြတ်ထောက်ရှုချက်ကို ဝေမျှပေးခဲ့သည်။

ရဟန်းမင်းကြီးက ရှင်မာကုဧဝံဂေလိကျမ်းမှ ဂျေရုဆလင်သို့ဝင်ရာလမ်းတွင် သခင်ယေဇူးကြုံတွေ့ ခဲ့ရသော နှိမ့်ချခံရခြင်း၊ ဒုက္ခခံခြင်း၊  အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းအကြောင်းကို ထောက်ရှုရာ၌ ဂျေရုဆလင်မြို့သို့သွားသောလမ်းသည် ခရစ်တော်နှင့်အတူခရီးသွားသော ပါစကား နက်နဲရာဖြစ်သည့် အသက်နှင့်ကယ်တင်ခြင်းလမ်းပင်ဖြစ်ကြောင်း၊ လက်ဝါးကပ်တိုင်နှင့် ရှင်ပြန် ထမြောက်ခြင်းသည် ကျွန်ုပ်တို့၏ သမိုင်းအစိတ်အပိုင်းတစ်ခုဖြစ်၍ ၎င်းသည် ကျွန်ုပ်တို့၏ ယခုမျက်မှောက်ဘဝနှင့် အမြဲတမ်းပန်းတိုင်လည်းဖြစ်ကြောင်း၊ သခင်ယေဇူးသည်  တပည့်တော်ကြီး များ၏ ငေးမောတွေဝေခြင်းများ၊ ကြောက်ရွံ့ခြင်းများကို လျစ်လျူရှုမထားဘဲ သူတို့ကြုံတွေ့ကြရမည့် ဒုက္ခအခက်အခဲများကိုရင်ဆိုင်နိုင်ရန်၊ မှန်ကန်သောလမ်းကြောင်းပေါ်၌ သူနှင့်အတူရှိနေနိုင်ရန် ပြင်ဆင်ပေးခဲ့ကြောင်းနှင့်  ထိုအတောအတွင်းယာကုပ်နှင့်ယောဟန်ညီအစ်ကိုနှစ်ဦးသည် အခွင့်ထူး တစ်ခုရရန်တောင်းခံကြသောအခါ သခင်ယေဇူးက သူတို့အား အခြားသူများ၏အစေခံများဖြစ်ကြရန်နှင့် ဒုက္ခခံထမ်းရန်အဆင်သင့်ရှိကြဖို့အတွက် ဦးစွာကြိုးစားကြရန် မိန့်မှာတော်မူခဲ့ကြောင်းကို ဝေမျှမြွက်ကြားခဲ့သည်။

လမ်းကြောင်းမှန်ကိုလျှောက်ခြင်း

 ကျွန်ုပ်တို့အားလုံးဟာ သခင်ယေဇူးကိုချစ်ကြတယ်။ သခင့်နောက်တော်ကို လိုက်ချင်ကြတယ်။ ကိုယ်တော့်ရဲ့လမ်းကြောင်းပေါ်မှာရှိနေကြဖို့ကိုတော့ အထူးသတိပြုကြရမယ်။  ဘာဖြစ်လို့လဲဆိုရင် ကျွန်ုပ်တို့ရဲ့ကိုယ်ခန္ဓာက ဘုရားသခင်နဲ့အတူရှိနေနိုင်ပေမဲ့ စိတ်နှလုံးတွေက အဝေးကိုလွင့်သွား တတ်တယ်။ ယာကုပ်နဲ့ယောဟန်တို့က သခင်ယေဇူးရဲ့လမ်းစဉ်ကို လိုချင်တာမဟုတ်ဘဲ အခြားသော လမ်းကိုသာ လိုချင်ခဲ့ကြတာဖြစ်တယ်။ သွေးလိုနီရဲနေတဲ့ ကာဒီနယ်ဝတ်ရုံတော်ကို လောကအမြင်နဲ့ ကြည့်ရင် ထင်ရှားပေါ်လွင်တဲ့အရောင်ဖြစ်တယ်။ မိမိကိုယ်ကို ထင်ပေါ်ကျော်ကြားတဲ့သူလို့ထင်တဲ့ ပုဂ္ဂိုလ်ဟာ လူတွေနဲ့နီးကပ်စွာရှိနေတဲ့ သိုးထိန်းမဖြစ်နိုင်တော့ဘူးဟု သတိပေးခဲ့သည်။

သင်တို့ကိုယ်ကို ထင်ပေါ်ကျော်ကြားသူအဖြစ်ခံစားရပြီဆိုရင် သခင်ယေဇူးရဲ့လမ်းတော်နဲ့ လွဲချော် သွားပြီ။ သခင်ယေဇူးနဲ့ တပည့်တော်ကြီးတို့ရဲ့လမ်းကြောင်းတွေက မဆုံနိုင်တဲ့လမ်းနှစ်သွယ်ဖြစ်တယ်။ သခင်ယေဇူးတစ်ပါးတည်းသာလျှင် သူ့ရဲ့လက်ဝါးကပ်တိုင်တော်နဲ့ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် လမ်းလွဲသွားတဲ့မိတ်ဆွေတွေကို ကယ်တင်နိုင်တယ်။ ရဟန်းမင်းကြီးဖြစ်တဲ့ကျွန်ုပ်နဲ့ သင်တို့ကာဒီနယ် များလည်းပဲ ဒီအမှန်တရားရဲ့ နှုတ်တော်ထွက်စကားကို ရောင်ပြန်ဟပ်စေနိုင်ကြရမှာဖြစ်တယ်။ နှုတ်တော်ထွက်စကားက ထက်တဲ့ဓားတစ်လက်ဖြစ်တယ်။ ဒီဓားက ခုတ်ဖြတ်နိုင်တယ်၊ နာကျင်စေ တယ်၊ ဒါပေမဲ့ ကျွန်ုပ်တို့ကို ကုသပေးတယ်၊ အချုပ်အနှောင်တွေကနေ လွတ်မြောက်စေတယ်၊ ပြောင်းလဲစေတယ်။ ပြောင်းလဲခြင်းဆိုတဲ့အဓိပ္ပာယ်က လမ်းလွဲနေရာကနေ ဘုရားရှင်ရဲ့လမ်းကြောင်း ပေါ်ကို ရောက်အောင်သွားခြင်းပဲဟူ၍ နိဂုံးချုပ်လိုက်သည်။

အခမ်းအနားကျင်းပခြင်း

အခမ်းအနားတွင် ကာဒီနယ်အသစ်များက ယုံကြည်ခြင်းအချုပ်ကို အတူတကွဝန်ခံကြပြီး၊ ကာဒီနယ်များဆင်မြန်းသည့် လက်စွပ်၊ ခန့်အပ်ခြင်းအမိန့်စာနှင့် ရာထူးပေးအပ်ခြင်းကို ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ရှေ့မှောက်တွင် တစ်ဦးစီသွားရောက်ခံယူခဲ့ကြသည်။ ကမ္ဘာ တစ်ဝန်းတွင် Covid-19 ရောဂါကူးစက်မှုများမြင့်တက်လာခြင်းနှင့် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် ကာဒီနယ်အသစ်များ၏ မိသားစုဝင်များ၊ ဧည့်သည်တော်များကို အရေအတွက်ကန့်သတ်ခဲ့ရသည်။ အခမ်းအနားအပြီးတွင် ကာဒီနယ်အသစ်များအား ဗာတီကန်နေရာ အသီးသီး၌ တွေ့ဆုံနှုတ်ဆက်ခြင်းအစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့သည်။ ကပ်ရောဂါအခြေအနေကြောင့် အာရှတိုက်မှ ကာဒီနယ်အသစ်နှစ်ပါးသည် ရောမမြို့သို့လာရောက်မပါဝင်နိုင်သဖြင့် ဗာတီကန်မှ အခမ်းအနားများ တိုက်ရိုက်ထုတ်လွှင့်သည်ကိုသာ စောင့်ကြည့်ကြရသည်။ ၎င်းတို့အား လက်စွပ်နှင့် ခန့်အပ်ကြောင်းအမိန့်စာတို့ကိုမူ သက်ဆိုင်ရာဒေသ များတွင် ပေးအပ်သွားမည်ဖြစ်သည်။

ကာဒီနယ်ဆိုသည်မှာ

 ရောမ၏ပထမဆုံးသောဆရာတော်ကြီးဖြစ်သည့်စိန့်ပီတာကို ဆက်ခံသူအား ရဟန်းမင်းကြီးဟုခေါ်၍ ရဟန်းမင်းကြီးသည် ရောမ၏ဆရာတော်ဖြစ်သည်။ ကာဒီနယ်ဆိုသည်မှာ ရဟန်းမင်းကြီးနှင့် အနီးကပ်ဆုံးလက်တွဲပူးပေါင်း၍ အမှုတော်ထမ်းရွက်သူများပင်ဖြစ်သည်။ ကာဒီနယ်များက အနီရောင်ကို ဝတ်ဆင်ထားခြင်းမှာ ရဟန်းမင်းကြီးအားအစေခံရာတွင် လိုအပ်လာလျှင် မိမိတို့၏သွေးကို သွန်းလောင်းပူဇော်ခံရန်ပင် အဆင်သင့်ရှိသည့် အမှတ်လက္ခဏာပင်ဖြစ်သည်။ ကာဒီနယ်များသည် မိမိတို့တိုင်းပြည်များ၌သာနေထိုင်ကြသော်လည်း ရောမဂိုဏ်းအုပ်သာသနာ၏ အစိတ်အပိုင်းများ ဖြစ်ကြသဖြင့် ရောမသာသနာအတွင်းရှိ ဘုရားကျောင်းတစ်ကျောင်းစီအား တာဝန်ပေးအပ်ခြင်း ခံရသည်။

ယခုအခါတွင် ကမ္ဘာတစ်ဝန်းမှ ကာဒီနယ် (၂၂၉) ပါးရှိ၍၊ (၁၀၁) ပါးမှာ သက်တော် (၈၀) နှင့်အထက် ဖြစ်သည်။

Source: Vatican News

 

 

 


2020-12-03 06:50:16
NEWS AND EVENTS