Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဘယ်လ်ဂျီယံကက်သလစ်သာသနာတော်၏ နှစ်ပတ်လည်အစီရင်ခံစာ

ဘယ်လ်ဂျီယံရှိကက်သလစ်သာသနာသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက (၂၀၁၉) ခုနှစ်တွင် မစ္ဆားတရား နာယူသူ တိုးပွားလျက်ရှိကြောင်း၊ နိုဝင်ဘာ (၁၈) ရက်ကထုတ်ပြန်ချက်အရ (၂၀၁၉) ခုနှစ်၊ အောက်တိုဘာတတိယတနင်္ဂနွေနေ့၌ မစ္ဆားတရားနာယူသူ (၂၄၁,၀၂၉) ဦးရှိသဖြင့် (၂၀၁၈) ခုနှစ်၊ အောက်တိုဘာတတိယတနင်္ဂနွေနေ့နှင့် နှိုင်းယှဉ်လျှင် (၂,၁၀၁) ဦး တိုးလာသည်ကိုတွေ့ရှိရကြောင်း၊ သို့သော် (၂၀၁၆) ခုနှစ်တွင် မစ္ဆားတရားနာယူသူ စုစုပေါင်း (၂၈၆,၀၀၀) ရှိကြောင်း သိရှိရသည်။
(၂၀၁၉) ခုနှစ်၏ ခရစ္စမတ်စ်ပွဲတော်တွင် မစ္ဆားတရားတော်တက်ရောက်နာယူသူများသည် (၂၀၁၈) ထက် သိသိသာသာပိုများကြောင်း တွေ့ရသည်။ သန်းခေါင်ယံမစ္ဆားနှင့် ခရစ္စမတ်စ်နေ့၌ မစ္ဆားတရားနာယူသူများမှာ (၂၀၁၈) ခုနှစ်တွင် (၅၀၉,၀၀၀) ဦးရှိပြီး (၂၀၁၉)တွင်မူ (၅၅၁,၁၃၄) ဦးရှိခဲ့သည်။ သာသနာတော်၏လှုပ်ရှားမှုများအပေါ် (၂၀၁၉)ခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာတွင် ဤအချက်မှာ အားရဖွယ်ဖြစ်ပေသည်။
ဆေးကြောခြင်း၊ ပထမကိုယ်တော်မြတ်နှင့် ခရစ္စမားအားပေးခြင်းစသည့် စက္ကရမင်တူးများခံယူခြင်းအပြင် ကြီးကျယ်ခမ်းနားစွာကျင်းပလေ့ရှိကြသည့် လက်ထပ်ထိမ်းမြားခြင်းနှင့် ဈာပနအစီအစဉ်များအားလုံး လျော့နည်းခဲ့သည်။
(၂၀၁၈) ခုနှစ်တွင် ဆေးကြောခြင်းစက္ကရမင်တူးခံယူသူ (၄၄,၈၅၀) ဦးရှိခဲ့ပြီး၊ (၂၀၁၉) တွင် (၄၂,၀၅၁) ဦးသို့ ကျဆင်းသွားခဲ့သည်။ (၂၀၁၈) ခုနှစ်တွင် လက်ထပ်ထိမ်းမြားခြင်းစက္ကရမင်တူးခံယူသူ (၆,၇၆၅) ဦးရှိခဲ့ပြီး၊ (၂၀၁၉) ခုနှစ်တွင် (၅,၉၇၁) ဦးရှိခဲ့သည်။
အဆိုပါအစီရင်ခံစာတွင် ဘယ်လ်ဂျီယံ၌ ကက်သလစ်ရဟန်းတော်များ (၂,၁၆၇) ပါးရှိသည့်အနက် ထက်ဝက်ကျော်မှာ အသက် (၇၅) နှစ်နှင့်အထက် ရှိနေပြီဖြစ်သည်။ လူဦးရေ (၁၁.၅) သန်းရှိသော ဘယ်လ်ဂျီယံနိုင်ငံ၏ နိုင်ငံသားအများစုသည် ဆေးကြောခြင်းခံပြီးသည့် ကက်သလစ်ဘာသာဝင်များဖြစ်သော်လည်း တနင်္ဂနွေနေ့တွင် မစ္ဆားတရားတက်ရောက်နာယူသူ (၇) ရာခိုင်နှုန်းအောက်သာရှိသည်။ သို့သော် သြဂုတ်လတွင် ဘယ်လ်ဂျီယံသာသနာတော်သည် (၂၀၂၀) ခုနှစ်တွင် အရွယ်ရောက်ပြီး ဆေးကြောခြင်းခံယူသူများ သိသိသာသာတိုးပွားလာကြောင်း အစီရင်ခံထားသည်။
ဘယ်လ်ဂျီယံရှိ ကက်သလစ်သာသနာတော်၏ဝက်ဘ်ဆိုက်ဖြစ်သော CathoBel က “ယခုနှစ်တွင်လူကြီး (၃၀၅) ဦး ဆေးကြောခြင်းခံမည်ဖြစ်ပြီး၊ (၂၀၁၉) ခုနှစ်နှင့်နှိုင်းယှဉ်လျှင် (၆၁) ဦး တိုးလာသည်။ အရွယ်ရောက်ပြီးဆေးကြောခြင်းခံသည့် အရေအတွက်သည် (၂၀၁၀) ခုနှစ်တွင် (၁၄၃)၊ (၂၀၁၅) တွင် (၁၈၀)၊ (၂၀၂၀) တွင် (၃၀၀) ကျော်အထိ တဖြည်းဖြည်းတိုးပွားလာသည်” ဟုဖော်ပြထားသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအများဆုံးခံစားခဲ့ရသည့် ဥရောပနိုင်ငံများအနက် ဘယ်လ်ဂျီယံနိုင်ငံ သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မတ်လမှစ၍ မစ္ဆားတရားဟောကြားခြင်းများကို ဆိုင်းငံ့ထားလိုက်ရသည်။ Mechelen-Brussels ၏ဂိုဏ်းချုပ်ဆရာတော်ကြီးနှင့် ဘယ်လ်ဂျီယံဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဌဖြစ်သူ ကာဒီနယ် Jozef De Kesel က “ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါသည် ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်း အပေါ် ဆုံးရှုံးမှုများစွာကိုသက်ရောက်စေသည်။ ကျွန်ုပ်တို့သည်လည်း မိမိတို့၏ ထိခိုက်လွယ်မှုများကို တွေ့ကြုံခံစားကြရသည်။ ကျွန်ုပ်တို့သည် မည်သည့်အရာကိုမျှ ကျွမ်းကျင်ပိုင်နိုင်ကြသည်မဟုတ်။ အရာရာ၌ ဆုံးရှုံးမှုများစွာရှိခဲ့ပြီး ယခုချိန်ထိ ပျက်စီးမှုများရှိနေဆဲပင်ဖြစ်သည်” ဟူ၍ ရေးသားခဲ့သည်။
ဆက်လက်၍ “ပါစကားပွဲမတိုင်မီ သန့်ရှင်းသောရက်သတ္တပတ်အတွင်းမှာ ဘာအခမ်းအနားမှမကျင်းပရ၊ မစ္ဆားတရားလည်းမဟောရ၊ မိသားစုဝင်တွေ၊ မိတ်ဆွေတွေမပါဘဲ ဈာပနအခမ်းအနားတွေလုပ်ရတာ စသဖြင့် ကျွန်ုပ်တို့ကြုံတွေ့လိုက်ရတယ်။ ကိုယ်တော်မြတ်နဲ့ ခရစ္စမားအားပေးခြင်း စက္ကရမင်တူးတွေခံယူခြင်းအတွက်လည်း ရက်ရွှေ့လိုက်ရတယ်။ ဒါက လူပေါင်းများစွာအတွက် တကယ့်ကိုကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်သလို၊ လူတော်တော်များများရဲ့ ဘဝဖြစ်တည်မှုအတွက် သာသနာတော်ကြီးက ဘယ်လောက်တောင်အရေးပါတယ်ဆိုတာကို သက်သေထူလိုက်တာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
Source: CNA
Image: The Catholic Cathedral of St. Paul in Liège, Belgium. Credit: Raimond Spekking/Wikimedia Commons (CC BY-SA 4.0).

2020-11-20 06:12:46
NEWS AND EVENTS