Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

သေဒဏ်အပြစ်စီရင်ခြင်းသည် ဘုရားသခင်နှင့်လုံးဝဆန့်ကျင်သည့်အမှု ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံတွင် ဂျေဇွစ်ဘုန်းတော်ကြီးမှကန့်ကွက်ပြောဆိုလိုက်ခြင်း

ရာဇဝတ်သားပင်ဖြစ်ပါစေ ပြန်လည်ပြုပြင်သက်ရှင်ခွင့်ရှိနိုင်ရမည်ဟု သေဒဏ်စီရင်မှု ဆန့်ကျင်ရေး ညွန့်ပေါင်းအဖွဲ့ Coalition Against Death Penalty (CADP) ၏ဥက္ကဌဖြစ်သူ ဂျေဇွစ်အသင်းဂိုဏ်းမှ Fr. Silvino Borres ကပြောဆိုလိုက်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် သေဒဏ်စီရင်ခြင်းဥပဒေ ဖျက်သိမ်း ခဲ့သည့် ၁၄-နှစ်မြောက်နေ့တွင် ထိုဘုန်းတော်ကြီး သည် တိုက်ရိုက်ထုတ်လွှင့်ဟောကြားသော မစ္ဆားတရားဩဝါဒမှတစ်ဆင့်ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

Fr Borres က တစ်စုံတစ်ယောက်ကိုသေစေဖို့ စိတ်ထဲကနေဖြစ်လိုက်ရင်တောင် လူတိုင်းကို အသက်ပေးလိုသော ဘုရားသခင်ကိုဆန့်ကျင်တဲ့အပြစ်ကျူးလွန် နေပြီဖြစ် ပါတယ်။ သခင်ခရစ်တော် အချိန်တုန်းကအပြစ်ပြုနေတာလက်ပူးလက်ကြပ်မိတဲ့ အပြစ်သားတွေကိုတောင်မှပြန်လည်နောင်တယူ ပြုပြင်ပြောင်းလဲလို့ ဆက်လက် ရှင်သန်ဖို့အခွင့်အရေးပေးခဲ့သူ အဲဒီလိုမျိုးသခင်ဘုရားက လူသားတွေကို သူတို့ရဲ့ ဆိုးသွမ်းမှုကြောင့် အသက်အဆုံးသတ်ခံလိုက်ရဖို့ အလိုတော်မရှိပါဘူး။ တကယ်လို့ ရာဇဝတ်မှုကျူးလွန်မိသူအတွက် အပြစ်ပေးဖို့တရားဥပဒေတွေရှိတယ်ဆိုပေမယ့် သေစေဖို့စီရင်ချက် ချတာကတော့ ဘုရားနဲ့အံတုပြီး ဘုရားနေရာယူခြင်းပဲဖြစ်ပါတယ်။ သေဒဏ်စီရင်ခြင်းဆိုတာ ဘုရားသခင်နဲ့ဘယ်လိုမှဆက်နွယ်မှုမရှိတဲ့လုပ်ရပ်ပါ။ ချစ်ခြင်းမေတ္တာနဲ့အသက်ရဲ့ဘုရားကိုဆန့်ကျင် ဖီဆန်နေခြင်း သက်သက်ဖြစ်ပါတယ် ဟု ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင်သေဒဏ်စီရင်ခြင်းကို၂၀၀၆-ခုနှစ်ကဖျက်သိမ်းခဲ့ပြီး ဖြစ်သော်လည်း လက်ရှိ သမ္မတ Rodrigo Duterte က တရားမဝင်မူးယစ်ဆေးဝါးအမှု၊ကြီးမားသော ရာဇဝတ်မှု၊လုယက်မှုစသည်များအတွက် သေဒဏ်အပြစ်စီရင်ချက် ကိုပြန်လည် အသက်သွင်းရန် လိုလားနေသည်။

ထိုသေဒဏ်စီရင်ချက်ကိုအတည်မပြုသေးဘဲ ဆိုင်းငံ့ထားလိုက်သော်လည်း Fr Borres အနေဖြင့် သတ်ဖြတ်တဲ့ဓလေ့စရိုက်ကြီးက ကျွန်ုပ်တို့အလယ်မှာ ဆက်ပြီးထွန်းကား နေဆဲပါပဲလား ဟု ဝမ်းနည်းစွာ ညည်းညူရင်း လူ့အသက်ကိုခြိမ်းခြောက်လာတဲ့ အခြေအနေတိုင်းအပေါ်ထောက်ပြဖို့ ကျွန်ုပ်တို့အားလုံးမှာ တာဝန်ရှိတယ်ဟု ဆက်လက် ပြောသွားသည်။

အကျဉ်းသားများ၏ ဝိညာဉ်ရေးစောင့်ရှောက်မှုဆိုင်ရာ ကော်မစ်ရှင် ဥက္ကဌဖြစ်သူ ဆရာတော်ကြီး Joel Baylon ကလည်း သေဒဏ်ဆိုတာ ခရစ်ယာန်တွေအတွက်ကော၊ ယဉ်ကျေးမှုနဲ့သိက္ခာရှိတဲ့ လက်ရှိ လူမှုအသိုင်းအဝိုင်းမျိုးအတွက်ကော မထားရှိသင့်တဲ့ အရာတစ်ခုပါ။ ပြစ်မှုကျူးလွန်သူဟာ သူ့ရဲ့လုပ်ရပ်နဲ့ထိုက်သင့်တဲ့အပြစ်ဒဏ်ကို ဥပဒေ အရ ခံယူရမှာဖြစ်ပေမယ့် သူတို့ကိုပိုကောင်းလာစေတဲ့ ပြောင်းလဲမှုတွေနဲ့ပြန်လည် ထူထောင်လာစေဖို့ သင့်တော်တဲ့ပြုပြင်ပေးမှုတွေလုပ်ပေးသင့်ပါတယ်။ နိုင်ငံရဲ့ဥပဒေ ထုတ်ပြန်သူတွေ၊ ပေါ်လစီရေးဆွဲသူတွေကိုလည်း လူ့အသက်နဲ့ဂုဏ်သိက္ခာကို တန်ဖိုး ထားမှုပေါ်မှာအခြေခံပြီးလုပ်ဆောင်ကြပါလို့မေတ္တာရပ်ခံချင်ပါတယ်”ဟုပြောဆိုလိုက်သည်။

မူရင်း-https://cbcpnews.net/cbcpnews/death-penalty-is-everything-against-god-priest/?fbclid=IwAR0SKumMZtTp_UB3lIqL1EzB2RHbTFHwPyg88zp68YWdb8PJtuK5lJ2aLfY

ဘာသာပြန် OSC-CBCM (Myanmar)

 

 


2020-06-29 02:45:57
NEWS AND EVENTS