Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကာဒီနယ် ချားလ်စ်ဘို၏ ၂၀၁၉ - ခရစ္စမတ်သတင်းစကား

ကျွန်ုပ်ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့...
မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ခရစ္စမတ်နေ့တွင် ဘုရားသခင်၏ ကြွယ်ဝတော်မူသော ကောင်းချီးတော်များ ခံစားကြ ရပါစေကြောင်း ဦးစွာပထမ ဆန္ဒပြုလိုက်ပါသည်။ ကျွန်ုပ်နှင့်အတူရှိသော ပြည်သူ ပြည်သား အားလုံးအတွက်လည်း လာမည့်နှစ်သစ်သည် သတင်း ကောင်းများနှင့်ပြည့်သောနှစ် ဖြစ်ပါစေကြောင်း အထူးသတိရ ဆု တောင်းပေးလိုက်ပါသည်။ ခရစ်တော်သည် ခရစ္စမတ်၏ အသက် ဖြစ်သည်။ ကိုယ်တော်ဘုရားရှင်၏ သတင်းစကားတော်မှာ ခရစ္စ မတ်၏ ကောင်းချီး မင်္ဂလာပင်ဖြစ်သည်။ အေးချမ်းလှပသောထိုည၌ လူသားသည် ကျွန်ုပ်ကဲ့သို့လူ့ဇာတိအဖြစ်ကို ယူတော်မူ၍ နုံချာလှ သော နွားစားခွက်တွင် ဖွားမြင်ခြင်းခံတော်မူသောအခါ သိ ကြားတမန်တော်များက"စိတ်ကောင်းနှလုံးကောင်းရှိသောသူအပေါင်းတို့၌ ငြိမ်းချမ်းရှိခြင်းရှိစေသတည်း" ဟု သံပြိုင် ကျူးအေးခဲ့ကြသည်။ ထို ခရစ္စမတ် သတင်းစကားမှာ အမှန် တကယ်ပင်ရိုးရှင်းလှပေသည်။
စိတ်ကောင်းနှလုံးကောင်းရှိသော အမျိုးသား၊ အမျိုးသမီးအားလုံး၌ ငြိမ်းချမ်းခြင်းရှိစေသတည်း
    ယခုအခါ မြန်မာနိုင်ငံသည် သမိုင်းကြောင်းတစ်လျှောက် တွင် ထူးခြားလှသော အလှည့်အပြောင်းသို့ ရောက်ရှိနေပြီး ငြိမ်း ချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးရရှိရန် ကြိုးပမ်းလျက်ရှိသည်။ ထိုကြိုးပမ်းချက်အောင်မြင်ရန် ကျွန်ုပ်တို့ တစ်နိုင်ငံလုံးသည် မိသား စု စိတ်ဓာတ်ဖြင့် ဘုရားရှင်ထံတော်ပါး၌ တောင်းလျှောက်ကြပါ သည်။ ခရစ်တော်သည် ဘုရားသခင်နှင့်လူသားတို့အကြား ဆက် နွယ်မှုကို ပြန်လည်တည် ဆောက်ရန် ကြွလာတော်မူခဲ့ကြောင်းကို သမ္မာကျမ်းစာတွင် တွေ့ရပါသည်။ ကိုယ်တော်ရှင်သည် နိမ့်ကျ သော လူ့အဖြစ်ကို ယူတော်မူ၍ လူသားတို့၏ဘဝမှာ ပြည့်ဝစုံလင် လာခဲ့သည်။ ဆင်းရဲသားဘဝကို ကိုယ်တော်ရှင်ခံယူတော်မူခြင်း အားဖြင့် ပြန်လည်သင့်မြတ်ရန် ကြိုးပမ်းချက်မှာ အားကောင်းခဲ့ သည်။ ကိုယ်တော်ရှင်သည် ခွန်အားကင်းမဲ့သော အဖြစ်ကို ခံယူ တော်မူခဲ့သဖြင့် လူသားမျိုးနွယ်တစ်ခုလုံးမှာ စွမ်းအားပြည့်ဝလာခဲ့ သည်။
    မြန်မာနိုင်ငံသားဖြစ်သည့် ကျွန်ုပ်တို့သည် မိသားစု စိတ် ဓာတ်ဖြင့် ကျွန်ုပ်တို့၏လက်ကို ဆန့်တန်း၍နှလုံးသား၌ မျှော်လင့် စိတ်ဖြင့် ဤမေတ္တာတစ်ပုဒ်ကို နှုတ်ဖြင့်ရွတ်ဆိုကြ ပါသည် ...
ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ခြင်းရောင်ခြည်သည် ကျွန်ုပ်တို့မြေပေါ်တွင် ထွန်းလင်းပါစေ
    မြန်မာနိုင်ငံမှ ကျွန်ုပ်၏ညီအစ်ကိုမောင်နှမတစ်ဦးစီတိုင်းသည် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ခြင်း သံတမန်ဖြစ် ပါစေ ကြောင်း ကျွန်ုပ်ဆုတောင်းပါသည်။ နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်း အဝိုင်းသည်လည်း မိမိတို့တတ်နိုင်သည့်အပိုင်းဖြင့် ကူညီ နိုင်ပါသည်။ ငြိမ်းချမ်းရေးတည်ဆောက်ရာ၌ လူတိုင်းပါဝင်ကြရန် ခရစ္စမတ်က စိန်ခေါ်နေပါသည်။ တိတ်ဆိတ်လှသော ထိုညတွင် ငြိမ်းချမ်းရေးသတင်းစကားကို အာဏာပိုင်များ၊ ရှင်ဘုရင်များ၊ လူ ချမ်းသာများထံသို့ သွားရောက် ပြောကြားခဲ့ခြင်းမရှိပါ။ ထိုသတင်း စကားကို ကြားနာရသူတို့မှာ အာဏာမရှိသည့် ရိုးသားသော သိုး ထိန်းများသာ ဖြစ်ကြသည်။ ပထမဆုံးခရစ္စမတ်ညတွင် ကြားခဲ့ရ သောထို သတင်းစကားကို ယခုတစ်ဖန်ပြန်လည်ကြားနာကြပါစို့။ မြန်မာနိုင်ငံသားအပေါင်းတို့ ...။
ကျွန်ုပ်တို့တစ်ဦးစီသည် ငြိမ်းချမ်းရေး သံတမန်များ ဖြစ်ကြပါစေ
    ခရစ်တော်သည် ဂျူးလူမျိုးတို့သမိုင်း၏ အခက်ခဲဆုံးအ ချိန်တွင် ကြွလာတော်မူခဲ့ခြင်းဖြစ်သည်။ ကိုယ်တော်ရှင် ကြွမြန်း လာတော်မူခြင်းသည် ကုသခြင်းခံစားရသကဲ့သို့ပင်ဖြစ်သည်။ ဂျူး လူမျိုးတို့သည် မျိုးနွယ်စုအမျိုးမျိုး၊အုပ်ချုပ်သူအမျိုးမျိုးကို ပြန်လည် သင့်မြတ်စေတော်မူမည့် မေဆိယကယ်တင်ရှင်ကို စောင့်မျှော်နေ ကြခြင်းဖြစ်သည်။ ထိုကာလ၌ ၎င်းတို့သည် စစ်ဘေးဒဏ်နှင့် ဖိနှိပ် အုပ်ချုပ်မှုကို ခံစားနေကြရသည်။
    မြန်မာနိုင်ငံသည်လည်း သမိုင်းကြောင်း အလှည့်အ ပြောင်းတစ်ခုကို ကြုံတွေ့နေရပြီဖြစ်သည်။ မြောက်များ လှစွာသော စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရသည်။ တိုင်းရင်းသား လူမျိုးများ အကြားတွင် မပြီးဆုံးနိုင်သောစစ်ပွဲများ၊ လူများ အစုလိုက် အပြုံ လိုက် အိုးအိမ်စွန့်ခွာရခြင်း၊ လူငယ်များစွာ ပြည်ပထွက်၍ အလုပ် လုပ်ကိုင်ရခြင်း၊ ရာသီဥတု ဆိုးဝါးဖောက်ပြန်ခြင်းတို့ကြောင့် ပြန် လည် အေးချမ်းမှုကို လိုလား တောင့်တလျက်ရှိကြသည်။
    ဘုရားသခင်သည် မြန်မာနိုင်ငံအပေါ် လွန်စွာရက်ရက် ရောရောပေးသနားတော်မူခဲ့ပြီးဖြစ်သည်။တိုင်းရင်းသားလူမျိုးတိုင်းတွင် ကျက်သရေနှင့်ပြည့်စုံသောသူများ၊သဘာဝ သယံဇာတများ၊ ဘာသာ သာသနာ ထွန်းကားခြင်းများ ရှိနေခဲ့သည်။ ထိုအရာများကို တစ်ပါးသူတို့ပင် အားကျလျက်ရှိကြသည်။ ဤနိုင်ငံသည်ဘုရား ရှင် ကိုယ်တော်တိုင်နှစ်သက် မြတ်နိုးတော်မူသော ရွှေနိုင်ငံပင်ဖြစ် ပေသည်။
    ထိုကဲ့သို့ကောင်းကျိုးချမ်းသာများစွာရှိနေပါသော်လည်း ကမ္ဘာကမြန်မာနိုင်ငံကို သိသည့်ပုံစံမှာကွဲပြားနေလေသည်။ မြန်မာ နိုင်ငံကို နိုင်ငံတကာတရားရုံးပင် တရားစွဲခဲ့ကြသည်။ ပြင်းထန် သော စကားလုံးများဖြင့် ဤနိုင်ငံကို တိုက်ခိုက်ခဲ့ကြသည်။ ခရစ္စ မတ်သည် နောင်တရရန်နှင့် အကျင့်ပြောင်းလဲရန် နှိုးဆော်လျက် ရှိသည်။ ကျွန်ုပ်တို့တွင် မုန်းတီးစိတ်ရှိပါက ထိုအကျင့်ကို ပြောင်းလဲ ရန်လိုအပ်သည်။ဘုရား သခင်ကိုလည်းကောင်း၊ လူသားအချင်း ချင်းကိုလည်းကောင်း လွန်ကျူးမိသော အပြစ်အမှားများရှိပါက နောင်တရ ရန်လိုအပ်သည်။
    မြန်မာနိုင်ငံမှလူများ ဒုက္ခ ခံစားနေရခြင်း အပေါ် ကမ္ဘာက စိုးရိမ်ပူပန်သည်ကို မြန်မာနိုင်ငံနားလည်ရန်လိုအပ်သည်။ ပြဿ နာကို ငြိမ်းချမ်းစွာဖြေရှင်းပြီး ပြဿနာ၏ သက်ရောက်မှုဒဏ် ခံစား ရသောသူများ နေရပ်ပြန်နိုင်ရေးကို ၎င်းတို့ လိုလားကြသည်။ တစ် ချိန်တည်းမှာပင် ကမ္ဘာက မြန်မာနိုင်ငံကို ပိုမိုနားလည်ရန် လိုအပ် သည်။
    နိုင်ငံတစ်ခုအနေဖြင့် မြန်မာနိုင်ငံသည် မိမိ၏လုံခြုံရေး အတွက် ပြုလုပ်အပ်သောအစီအမံများရှိသည်။ ကမ္ဘာ တစ်ဝန်းလုံး မှ နိုင်ငံများတွင် မိမိတို့၏လုံခြုံရေးအစီအမံ ကိုယ်စီရှိကြသည်။ ဤတိုင်းပြည်၌ ကြုံတွေ့နေရသော ဒီမိုကရေစီရုန်းကန်မှုကို ကမ္ဘာ က နားလည်ရန် လိုအပ်သည်။ စစ်မှန်သောဒီမိုကရေစီရရေးအတွက် ရုန်းကန် နေရသောဤ တိုင်းပြည်ကို နိုင်ငံတကာအသိုင်းအဝိုင်းကတွဲကူရန် လိုအပ်သည်။ ယခုအခါ မြန်မာနိုင်ငံတော်သစ်ကို ပြန် လည် အရေးယူရန် ကြိုးစားနေကြသည်။ ယင်းအတွက် ထိခိုက် ရသူတို့မှာ ပြည်သူများသာဖြစ်လေသည်။
    ကမ္ဘာက မြန်မာနိုင်ငံသားတို့၏ ကောင်းကျိုးကို လိုလား သည်။ မြန်မာနိုင်ငံသားတို့ လျှောက်ခဲ့သောခရီးမှာ ရှည်လျားကြမ်း တမ်းသည်ကို ကမ္ဘာက သိသည်။ ဤနိုင်ငံရှိ လူတိုင်း၏စိတ်နှလုံးတွင် ကြီးမားသောအိပ်မက် ကိုယ်စီရှိကြသည်။ ကမ္ဘာအသိုင်းအဝိုင်း အ နေဖြင့် ထိုစိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ပေးရန် လို အပ်သည်။ ဘေးဒုက္ခ ဆိုးများကို မြန်မာနိုင်ငံသားတို့ မခံထမ်းလို ကြတော့ပါ။ ၎င်းတို့၏ စိတ်နှလုံးတွင် စိတ်ကူးအိပ်မက်သစ်များ ရှိ ကြပါသည်။ ခရစ္စမတ်ဟူသည် ပိုမိုကောင်းမွန်သောအနာဂတ်ကို စိတ်ကူးပုံဖော်ခြင်းဖြစ်သည်။ ယခုအခါ ထိုစိတ်ကူးအိပ်မက်များကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နိုင်ကြပါစေ။
    ယခုအချိန်အခါ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ နိုင်ငံအား ထိုးနှက်ချက်မှာ နိုင်ငံအတွက် ဆိုးကျိုးဖြစ်ပေါ် လာစေ နိုင်သည်။ ထိုကဲ့သို့ဖြစ်လာပါက ပြောင်ချောနေသော ကျောက်ပေါ် တွင် စမ်းတဝါးဝါး လျှောက်နေရသကဲ့သို့ ဖြစ်လာပေလိမ့်မည်။ မြန် မာနိုင်ငံသားများအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြုလုပ် ပေးသင့်သောအရာမှာ ပြစ်တင်ရှုတ်ချခြင်းမဟုတ်ဘဲ နားလည်မှု ရှိခြင်း၊ အကြံပေးခြင်း၊ ဖေးမတွဲကူခြင်းများသာဖြစ်သည်။ သာမန် ပြည်သူလူထုကိုထည့် တွက်ခြင်းမရှိဘဲ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ပါက မြန်မာပြည်သားတို့အပေါ် ကမ္ဘာက ထားသည့် စေတ နာကို မှန်ကစွာ အဓိပ္ပာယ်ကောက်နိုင်လိမ့်မည်မဟုတ်ချေ။ ယင်း သည် ပင် ခရစ္စမတ်သတင်းစကားဖြစ်သည်။ မြန်မာနိုင်ငံသားများ၊ ၎င်းတို့၏ စိတ်ကူးအိပ်မက်များ၊ ၎င်းတို့ခံစားခဲ့ရသော ဒုက္ခများကို နားလည်အောင် ကြိုးစားကြပါ။
    တိုင်းပြည်ရှိ အုပ်ချုပ်သူများကလည်း နိုင်ငံတကာ အသိုင်းအဝိုင်း လက်တွဲလုပ်ဆောင်ရန် လိုအပ်သည်။ လူသည် ကျွန်းမဟုတ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံသည်လည်း တစ်ခုတည်းထီးထီးရပ်တည်နိုင်မည်မဟုတ်ပေ။ မြန်မာနိုင်ငံအတွက် မဟာမိတ် နိုင်ငံများ ယခုထက်ပိုမိုများပြားဖို့ လိုအပ်သည်။ မြန်မာပြည်သူ ပြည်သားများ၏ ကောင်းကျိုးကို လိုလားသော နိုင်ငံများစွာ ရှိကြ သည်။ တစ်ဦးချင်းစီပြောရမည် ဆိုပါကလည်း ကွယ်လွန်သွားပြီ ဖြစ်သော ကိုဖီအာနန်ကဲ့သို့ပုဂ္ဂိုလ်များလိုအပ်သည်။ ကိုဖီအာနန် သည် မြန်မာနိုင်ငံ၏ ပြဿနာကို အပြုသဘောဆောင်သော နည်းလမ်းဖြင့် ချဉ်းကပ်အဖြေရှာခဲ့သူဖြစ်သည်။ ၎င်း၏ အစီရင်ခံစာ ကို အခြေပြု၍ ပြန်လည်သင့်မြတ်ခြင်း၊ ယုံကြည်မှုပြန်လည် တည် ဆောက် ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ သူသည် ကျွန်ုပ်တို့ နိုင်ငံအ တွက် ငြိမ်းချမ်းရေးသံတမန်တစ်ဦးပင်ဖြစ်ပေသည်။ ကျွန်ုပ် တို့၏ တိုင်းပြည်တွင် နာကျင်ဖွယ်အဖြစ်အပျက်များ ဖြစ်ပွားခဲ့ ကြ သည်။ ၎င်းတို့ကို ကျွန်ုပ်တို့လက်ခံနိုင်စွမ်းရှိရမည်။ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်လည်းကောင်း၊ ပြဿနာ၏သက် ရောက်မှုဒဏ်ခံခဲ့ရသောသူတို့နှင့်လည်းကောင်း ပြန်လည် ကျေအေးသင့်မြတ်နိုင် ရမည်။
    ခရစ်တော်ဘုရားသည် ငြိမ်းချမ်းရေး၏အရှင်ဖြစ် တော် မူသည်။ သာမန်နွားစားခွက်၌ ကိုယ်တော်ဘုရားရှင်ဖွားမြင်တော်မူ ခြင်းမှာ မုန်းတီးမှုနှင့် ပဋိပက္ခတို့ဖြင့် အမှောင်ဖုံးနေသော ကမ္ဘာ မြေအတွက် မျှော်လင့်ချက်ဖြစ်စေခဲ့သည်။ ကျွန်ုပ်တို့သည် လည်း ထိုကဲ့သို့သောအခြေအနေမျိုးကို ကြုံ တွေ့နေရသည်။ ချောက်ချားဖွယ်အမှောင်ထု၏အလွန်တွင် တောက်ပသော အရုဏ်ဦး ရောက် လာစမြဲပင်။ မျှော်လင့်ချက် အသစ်နှင့် ပြန်လည်သင့်မြတ်ခြင်းတို့ မြန်မာနိုင်ငံ၌ ထွက် ပေါ်လာပါစေ။
    အို ... ယေဇူးဘုရားသခင် ကြွလာတော်မူပါ။ ထာဝရ တည်သော ငြိမ်းချမ်းရေးကောင်းချီးတော်ဖြင့် ဤတိုင်းပြည်ကို ကောင်းချီးပေးတော်မူပါ။ ကြီးမြတ်သောဤတိုင်းပြည်၏ နိုင်ငံသူ နိုင်ငံသားတိုင်းသည် မျှော်လင့်ခြင်း၊ ငြိမ်းချမ်းခြင်း၊ သာယာဝ ပြော ခြင်းတို့ဖြင့် ပြည့်စုံသော မြန်မာနိုင်ငံတော်သစ် ဖြစ်လာမည်ဟု ယုံ ကြည်မှုထားပါ။
ငြိမ်းချမ်းရေးသည် ဖြစ်နိုင်ပါသည်။ ငြိမ်းချမ်းရေးသာ တစ်ခုတည်းသောလမ်းစဉ်ဖြစ်ပါသည်။
စိတ်ကောင်းနှလုံးကောင်းရှိသောသူတိုင်း၌ ငြိမ်းချမ်းခြင်းရှိစေသတည်း။
ပျော်ရွှင်ဖွယ်ကောင်းသောခရစ္စမတ်နှင့် ကောင်းချီးမင်္ဂလာအပေါင်းခညောင်းသောနှစ်သစ်ဖြစ်ပါစေ။
ကာဒီနယ်ချားလ်စ်ဘို SDB
ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်


2020-01-04 03:52:46
NEWS AND EVENTS