Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မြန်မာပြည်၏ ရှေ့ဆက်ရမည့်ခရီး မြန်မာ့ငြိမ်းချမ်းရေးအပေါ် စိတ်ဝင်စားသူတိုင်းသို့ ပန်ကြားလွှာ
ကာဒီနယ် ချားလ်စ်ဘို ရန်ကုန်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်

မြန်မာပြည်မှ ချစ်မိတ်ဆွေအပေါင်းတို့၊
ငြိမ်းချမ်းပါစေဟု ဦးစွာနှုတ်ခွန်းဆက်လိုပါသည်။
မြန်မာနိုင်ငံသည် စိန်ခေါ်မှုကြီးမားလှသောကာလအခိုက်အတန့်ကို ဖြတ်သန်းနေရပါသည်။ မြန်မာပြည်သူပြည်သားတို့သည်လည်း ပြည့်ဝသောလွတ်လပ်မှုနှင့် လူတို့၏ဖွံ့ဖြိုး တိုးတက်မှု ကို ကာလကြာရှည်စွာ စောင့်မျှော်လာခဲ့ကြသည်။
တိုင်းပြည်၏သားကောင်းလူငယ်များက ဘဝတိုးတက်ရေးအတွက် အခွင့်အလမ်းသစ်များကို မျှော်လင့်နေကြသည်။ ကျောင်းသူကျောင်းသားများက ကောင်းမွန်သောပညာရေးကို မျှော် လင့်နေကြသည်။ သန်းပေါင်းများစွာသောလူငယ်များက လစာကောင်းသော အလုပ်အကိုင် အခွင့်အလမ်းများကို မျှော်လင့်နေကြသည်။ ပြည်ပတွင် သွားရောက်လုပ်ကိုင်နေကြရသော အလုပ်သမားထောင်ပေါင်းများစွာက မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်၍ အမိမြေသို့ ပြန်လာနိုင် မည့် အရေးကို မျှော်လင့်နေကြသည်။
တိုင်းပြည်သည် မျှော်လင့်ချက်အိပ်မက်ဖြင့် စောင့်နေလေသည်။ တိုင်းပြည်သည် အမှန် တကယ် ငြိမ်းချမ်းရေးရရှိမည့်နေ့ကို စောင့်မျှော်နေလေသည်။
မြန်မာနိုင်ငံ၏သမိုင်းကြောင်းသည် ဒဏ်ရာဒဏ်ချက်များနှင့်ပြည့်နေသော သမိုင်းကြောင်း ဖြစ်သည်။ ယခုအချိန်သည် ထိုဒဏ်ရာများကို ပြန်လည်ကုစားရမည့်အချိန်ဖြစ်သည်။ ဒဏ် ရာသစ်များထပ်မံဖြစ်ပွားစေရမည့်အချိန်မဟုတ်ပေ။
ကိုလိုနီခေတ် အချိန်မှစ၍ ဒုတိယကမ္ဘာစစ်တစ်လျှောက်လုံး မြန်မာပြည်သူပြည်သား တို့ သည် အခက်အခဲပေါင်းစုံကို ရင်ဆိုင်ခဲ့ကြရသည်။ လွတ်လပ်ရေး ရသောအခါတွင်လည်း ပြည်တွင်းမှ ပဋိပက္ခများနှင့် ပြည်ပမှ ခြိမ်းခြောက်မှုများထွက်ပေါ်လာခဲ့ကြပြန်သည်။ ယင်း တို့သည် ရပ်စဲသွားသည်ဟူ၍မရှိပေ။ ပဋိပက္ခများ၊ အတင်းအကြပ်အိုးအိမ်ရွှေ့ပြောင်းစေခြင်းများ၊ လုံခြုံမှုမရှိသော ပြည်ပအလုပ်သမားတို့၏ ဘဝများသည် ကျွန်ုပ်တို့တိုင်းပြည်ကို ဒဏ်ရာများစွာရရှိစေခဲ့သည်။
ယခုအချိန်သည် ထိုဒဏ်ရာများကို ပြန်လည်ကုစားရမည့်အချိန်ဖြစ်သည်။ ဒဏ်ရာသစ်များထပ်မံဖြစ်ပွားစေရမည့် အချိန်မဟုတ်ပေ။
၂၀၁၀ ခုနှစ်မှစ၍ မျှော်လင့်ချက်ရောင်ခြည်သမ်းလာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဒီမိုကရေစီ အစိုးရဟူ၍ ပီပီပြင်ပြင်ထွက်ပေါ်လာခဲ့သည်။ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းရန်မှာ ၄င်းတို့ ၏ ဦးစားပေးဖြစ်ခဲ့သည်။ ဒီမိုကရေစီစနစ်မူကား များစွာဖွံ့ဖြိုးခြင်းမရှိသေးပေ။ ဒီမိုကရေစီ စနစ်ရင့်သန်ရန် လိုအပ်နေသေးသည်။ ဒေါ်အောင်ဆန်းစုကြည် လက်ထက်တွင် မိမိတို့၏ တိုင်းပြည်မှာ ငြိမ်းချမ်းပြီး ဖွံ့ဖြိုး တိုးတက်လာလိမ့်မည်ဟု မြန်မာပြည်သူပြည်သားတို့ မျှော် လင့်ခဲ့ကြသည်။ အရပ်သားအစိုးရ၊ စစ်တပ်နှင့် ဗုဒ္ဓဘာသာရဟန်းတော်များအကြား နား လည်မှု ရရှိခြင်းဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို သူမ အကောင်အထည် ဖော် လိမ့်မည်ဟု ၄င်းတို့မျှော်လင့်ခဲ့ကြသည်။
ကျွန်ုပ်တို့တိုင်းပြည်တွင် ငြိမ်းချမ်းရေးတည်မြဲပြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် တပ်မတော်၏ အခန်းကဏ္ဍမှာ များစွာအရေးပါသည်။ သန်းပေါင်းများစွာသောပြည်သူတို့၏မျှော်လင့်ချက်ကို ဖြည့်ဆည်းရန်အတွက် အရပ်သားအစိုးရနှင့် တပ်မတော်တို့သည် လက်တွဲလုပ်ဆောင်ရန် လိုအပ်သည်။
ယခုအချိန်သည် ထိုဒဏ်ရာများကို ပြန်လည်ကုစားရမည့်အချိန်ဖြစ်သည်။ ဒဏ်ရာသစ်များ ထပ်မံဖြစ် ပွားစေရမည့်အချိန်မဟုတ်ပေ။
မြန်မာပြည်၏ ရှေ့ဆက်ရမည့်ခရီးသည် တည်မြဲသော ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြား စေ့ရေး၌ အဓိက ပါဝင်လှုပ်ရှားနေသူ အားလုံး၏ အခန်းကဏ္ဍကို လက်ခံရန်ဖြစ်သည်။ ထို ပကတိအခြေအနေကို လက်ခံရန်နှင့် မြန်မာပြည်သူတို့၏ ပြဿနာများကို ကူညီဖြေရှင်းပေး ရန် ကျွန်ုပ်တို့၏မိတ်ဆွေများအားလုံးကို ကျွန်ုပ်အလေးအနက်ထား တောင်းဆို လိုပါသည်။
မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (CBCM) မြန်မာပြည်အသင်းတော်များ ကောင်စီ (MCC)၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်များအဖွဲ့ (MECA) နှင့် မြန်မာနိုင်ငံ ခရစ်တော်၏သာသနာပြုအဖွဲ့တို့က ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်တွင် ထုတ်ပြန်ချက် အတိုင်း ယခုလက်ရှိအခြေအနေမျိုးတွင် အဖျက်သဘော ဆောင်သည့် အရာများ၊ မလို အပ်သောဖိအားပေးမှုများ၊ အဖျက်အမှောင့်များသည် အဖွဲ့အစည်း အသီးသီး အကြား ငြိမ်း ချမ်းရေးကြိုးပမ်းမှုနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ကြိုးပမ်းမှု တို့ကို နှောင့်နှေးစေလိမ့်မည်ဟု ကျွန်ုပ်တို့ခံယူထားပါသည်။
စက်တင်ဘာ ၄ ရက်နေ့က ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်း ပွဲတွင်လည်း လူမျိုးတုန်းသတ်ဖြတ်မှု၊ မျိုးနွယ်စုရှင်းလင်းရေး၊ ပိတ်ဆို့အရေးယူမှုစသည့် ပြင်းထန်သော စကားလုံးများနှင့် နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) စသည်တို့မှာ ငြိမ်းချမ်း ရေးနှင့် ဒီမိုကရေစီလမ်းစဉ်သို့ လျှောက်လှမ်းနေသော ကျွန်ုပ်တို့၏ ခရီးလမ်းကို အထောက် အကူမပြုကြောင်း ကျွန်ုပ်အနေဖြင့် ပြတ်ပြတ်သားသားပြောဆိုခဲ့ပါသည်။ ကျွန်ုပ်တို့တိုင်းပြည်၏အခြေအနေမှာ သိမ်မွေ့လှသောကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက လက်တွဲ လုပ် ဆောင်ခြင်း၊ အပြုသဘောဆောင်ချဉ်းကပ်ခြင်းတို့ကို ကျွန်ုပ်တို့လိုအပ်ပါသည်။
မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးကတိပြည့်ဝမည့်နေ့ကို စောင့်နေသောနိုင်ငံဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံး ထိုကတိကို ကြိုးစားဖြည့်ဆည်းကြပါစို့။ ရှေ့သို့ တက်လှမ်းကြပါစို့။

ကာဒီနယ်ချားလ်စ်ဘို


2018-11-12 03:33:12
NEWS AND EVENTS