Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကျွန်ုပ်တို့ရဲ့မိခင် ဧရာဝတီမြစ်ကို ရောင်းမစားကြပါနဲ့တော့

မြစ်ဆုံ ရေကာတာ ဆောက်လုပ်ခြင်းကို အပြီးအပိုင် ရပ်တန့်ရေး ဝိုင်းဝန်း လုပ်ဆောင်ကြရန် ကာဒီနယ်ချားလ်စ်ဘို ၏ သဝဏ်လွှာ

ကျွန်ုပ်တို့မြန်မာပြည်သူပြည်သားများဟာ အငိုမျက်လုံး၊ အကြောက်မျက်နှာ၊ ကြေကွဲနှလုံးတွေနဲ့ ကျွန်ုပ်တို့ရဲ့ အုပ်ချုပ်သူအစိုးရကိုရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ သတင်းစကား ပါးလိုပါတယ်။ အင်အားကြီးနိုင်ငံရဲ့ လောဘကြောင့် မြစ်ဆုံစီမံကိန်းကို အကြောင်းပြုပြီး ကျွန်ုပ်တို့ရဲ့အမိ ဧရာဝတီမြစ်ကို ဆုံးရှုံးရတော့ မယ့်အခြေအနေမျိုးရောက်နေပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံက ဆင်းရဲသူလူတန်းစားကို အားပေးထောက်ခံဖို့ စိတ် ကောင်းနှလုံးကောင်း ရှိသူအားလုံးကို မြန်မာနိုင်ငံသားတိုင်းက တောင်းဆိုလိုပါတယ်။
ဧရာဝတီဆိုတာ ကျွန်ုပ်တို့အတွက် မြစ်တစ်စင်းသက်သက် မဟုတ်ပါဘူး။ သူ့ကို ရောင်းကုန်တစ်ခုလို ကုန်ကူးဖလှယ်လို့ မရပါဘူး။ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံသားတိုင်း အမြတ်တနိုးတန်ဖိုးထားတဲ့ မိခင်မြစ်ဖြစ်ပါတယ်။ ဧရာဝတီရဲ့သမိုင်းဟာ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းနဲ့အတူ ပါဝင် စီးမျော နေခဲ့ပါတယ်။ ကျွန်ုပ်တို့ နိုင်ငံအတွက် ဧရာဝတီဟာ လည်ဆွဲရတနာတစ်ပါးလိုပါပဲ။ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံတစ်ခုလုံးကို ဖြတ်သန်းပြီး မိုင်ပေါင်း ထောင်ကျော် စီးဆင်းနေပါတယ်။ နိုင်ငံ့သမိုင်းရဲ့ဝမ်းမြောက်စရာဖြစ်ရပ်၊ ကြေကွဲစရာဖြစ် ရပ်နဲ့ ပဋိပက္ခအရပ်ရပ်တွေကို ဧရာဝတီက သက်သေခံ နေပါတယ်။ ဧရာဝတီဖြစ်ဟာ ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်ဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ပန်းတိုင်လည်းဖြစ်ပါတယ်။
နိုင်ငံ့လူဦးရေရဲ့ (၈၀) ရာခိုင်နှုန်းက လယ်ယာစိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ နိုင်ငံမှာ ဧရာဝတီဟာ ပြည်သူပြည်သားတို့ရဲ့ စားဝတ်နေ ရေးအတွက် ကျရာတာဝန်ကို မပျက်မကွက် လိုက်ပါ ထမ်းဆောင်ပေးနေပါတယ်။  သူ့ရဲ့ခမ်းနားထည်ဝါပုံ၊ တောင်အသွယ်သွယ်ကို ကွေ့ပတ်စီး ဆင်းပုံ၊ နိုင်ငံရဲ့အသည်း နှလုံးတစ်လျှောက် ဖြတ်သန်းစီးဆင်းပုံနဲ့ ဆင်းရဲသားလယ်သမားတွေအပေါ် ထားရှိတဲ့စေတနာတို့ကြောင့် ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ မွန်မြတ်တဲ့ ပြယုဂ်တစ်ခုဖြစ်လာခဲ့ပါပြီ။ ဧရာဝတီမြစ်ကမ်းတစ်လျှောက်မှာ ဘုရားပုထိုးတွေကို ထောင်နဲ့ချီပြီး တည်ထားတာဖြစ်တဲ့ အတွက် ကျွန်ုပ်တို့နိုင်ငံမှာ ဧရာဝတီမြစ်ဟာ အသန့်ရှင်း အမွန်မြတ်ဆုံးသောသင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။
ဒီလိုသန့်ရှင်းမွန်မြတ်တဲ့မိခင်မြစ်တစ်စင်းဟာ အခု ရောင်းကုန်တစ်ခုလိုဖြစ်နေပါတယ်။ အင်အားကြီး နိုင်ငံတွေဟာ ဒီနိုင်ငံကနေ ရသမျှ အကုန်လုံး လိုချင်နေပါတော့တယ်။ သူတို့ဟာ ကျွန်ုပ်တို့ရဲ့အခြေအနေကို အကျပ်ကိုင်ပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်နေကြပါတယ်။ မြန်မာပြည်ရဲ့မြောက် ပိုင်းဒေသတွေမှာ သူတို့ဟာ ကျွန်ုပ်တို့ရဲ့အမျိုးသမီးငယ်တွေကို လူကုန်ကူးနေကြပါတယ်။ အခုလည်း ကျွန်ုပ်တို့ရဲ့အမိ ဧရာဝတီမြစ်ဟာ အဲဒီလို ကံကြမ္မာမျိုးနဲ့ ရင်ဆိုင်နေရပါပြီ။ မကြာမြင့်မီက နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့အခြေအနေအရပ်ရပ်တွေကြောင့် တချို့သောတိုင်းနိုင်ငံတွေဟာ ကျွန်ုပ်တို့ တိုင်းပြည်ကို ပိုမိုဖိအားပေးလာ ကြပါတယ်။ ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း စတာတွေကို စိတ် လွတ်လက်လွတ်လုပ်ဆောင်လာကြပါတယ်။
ဒီအချိန်ဟာ စိတ်နှလုံး မချမ်းမြေ့ဖွယ်၊ ဝမ်းနည်းဖွယ် ကာလပါပဲ။
မြစ်ဆုံရေကာတာစီမံကိန်းဟာ မြန်မာပြည်သူတွေကို သေဒဏ်ချလိုက်သလိုပါပဲ။ သန်းပေါင်းများစွာသောလယ်သမားတွေဟာ စားဝတ်နေရေးဒုက္ခနဲ့ကြုံတွေ့လာနိုင်တယ်။ ဒီဆိုးကျိုးက မြစ်ကမ်းတစ်လျှောက်က စေတီပုထိုးတွေအပေါ်လည်း သက်ရောက်မှုရှိလာနိုင်တယ်။ ကျွန်ုပ်တို့နိုင်ငံရဲ့သစ် ပင်ပန်းမာလ်နဲ့ တိရစ္ဆာန် တွေသေကြေပျက်စီးနိုင်တယ်။ တကယ့်ကို ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့အခြေအနေပါ။ ရေကာတာဟာ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။ မြစ်ဆုံရေကာတာစီမံကိန်းဟာ ရှည်ကြာနေတဲ့စစ်ပွဲကို အဆိပ်ရည်ထပ်လောင်းလိုက်သလိုပါပဲ။ ငြိမ်းချမ်းရေးရောင်ခြည်လည်း ပျောက်ကွယ်သွားပါလိမ့်မယ်။
မြန်မာပြည်သူတွေအတွက် မှောင်မိုက်တဲ့အနာဂတ်က စောင့်နေပါတယ်။ ကျွန်ုပ်တို့ဒီလိုခံစားရဖို့ မထိုက်တန်ပါဘူး။ အနာဂတ်မှာ ငြိမ်းချမ်းဖို့အတွက် မြစ်ဆုံရေကာတာစီမံကိန်းကို ရပ်ပစ်လိုက်ရပါမယ်။ သမ္မတဟောင်း ဦးသိန်းစိန်ဟာ သတ္တိရှိရှိနဲ့ ရေကာတာစီမံကိန်းကို ဆိုင်းငံ့ခဲ့ပါတယ်။ ဧရာဝတီ မြစ်ကို အလွဲသုံးစားပြုမယ့် ဘယ်စာချုပ်မျိုးကိုမဆို ပယ်ဖျက်မယ်ဆိုရင် မြန်မာပြည်သူပြည်သားအားလုံးက ထောက်ခံမယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ဖို့ ထောက်ခံသူတွေဟာ ငွေရေးကြေးရေးအတွက် ကိုယ့်မိဘကို အသုံးချလိုတဲ့ သား သမီးများလိုပါပဲ။ ကျွန်ုပ်တို့ရဲ့အမိ ဧရာဝတီမြစ်ကို ရောင်းစားခဲ့တဲ့သူတွေကို သမိုင်းက ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ပါဘူး။
မြန်မာပြည်သူပြည်သားအားလုံးရဲ့ကိုယ်စား၊ အထူးသဖြင့် ဆင်းရဲသားတောင်သူလယ်သမားများရဲ့ ကိုယ်စား သက်ဆိုင်ရာတာဝန်ရှိသူအားလုံးကို ကျွန်ုပ်တို့အခိုင်အမာတောင်းဆိုချင်တာကတော့ ကျွန်ုပ်တို့ရဲ့မိခင် ဧရာဝတီမြစ်ကို ကိုယ်ကျိုးအတွက် အသုံးချမယ့်လုပ်ရပ်မျိုးကို ရပ်တန်းကရပ်ကြပါ။ မြန်မာနိုင်ငံသားအားလုံး ကိုလည်း ဧရာဝတီမြစ်ရဲ့ဂုဏ်သိက္ခာကို အတူတကွလက်တွဲပြီး ကာကွယ်ကြပါလို့ ကျွန်ုပ်တို့တောင်းဆိုလိုပါတယ်။ ကျွန်ုပ်တို့ရဲ့နိုင်ငံ့ခေါင်းဆောင်တွေဟာလည်း နိုင်ငံရဲ့ပန်းတိုင်နဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးမယ့် ကြိုးပမ်းအားထုတ်မှုအားလုံးကို ကြံ့ကြံ့ခံပြီး တွန်းလှန် သွား လိမ့်မယ်လို့ ကျွန်ုပ်တို့ယုံကြည်မျှော်လင့်ထားပါတယ်။
ကာဒီနယ်ချားလ်စ်မောင်ဘို၊ DD, SDB
ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်
မြန်မာနိုင်ငံ


2019-03-03 19:31:37
NEWS AND EVENTS