Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဘရူနိုင်းနိုင်ငံ၏ကာဒီနယ်အသစ်နှင့် သာသနာတော်အခြေအနေ

အောက်တိုဘာလ (၂၅) ရက်နေ့တွင် ရဟန်းမင်းကြီးဖရန်စစ်က ကြေညာခဲ့သည့် ကာဒီနယ်အသစ် (၁၃) ပါးတွင် ဘရူနိုင်းနိုင်ငံမှ ဆရာတော်ကော်နေလီဦးဆင်မ်လည်းပါဝင်သည်။ ဆရာတော်ဆင်မ်က သူ၏ခံစားချက်နှင့် ဘရူနိုင်းသာသနာ၏လက်ရှိအခြေအနေများကို ဗာတီကန်သတင်းနှင့် အင်တာဗျူးတွင် ဤကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့သည်။
မျှော်လင့်မထားသောသတင်း
အခြားသောကာဒီနယ်များနည်းတူ အသက် (၆၉) နှစ်ရှိပြီဖြစ်သော ဆရာတော်ကြီးကော်နေလီဦးဆင်မ် သည်လည်း ကာဒီနယ်အသစ် (၁၃) ပါးတွင် တစ်ပါးအပါအဝင်ဖြစ်လာရခြင်းကို ချက်ချင်း မယုံနိုင်သော်လည်း နောက်ပိုင်းတွင် သတင်းအမှန်ဖြစ်သည်ကို သဘောပေါက်လာခဲ့သည်။ "ကျွန်ုပ်အတွက်တော့ တကယ့်ကိုမျှော်လင့်မထားတဲ့ သတင်းပါပဲ၊ အနည်းငယ်တုန်လှုပ်သွားခဲ့ပါတယ်” ဟု ဆိုသည်။ ဆရာတော်ကြီးမှ အရှေ့တောင်အာရှနှင့်တစ်ကမ္ဘာလုံး၌ အသေးငယ်ဆုံးနှင့် အနုနယ်ဆုံးဖြစ်သောသာသနာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဘရူနိုင်းသာသနာတော်မှ လက်ရှိရင်ဆိုင်နေရသောစိန်ခေါ်မှုများကိုလည်း ပြောပြခဲ့သည်။
ဆရာတော်ဆင်မ်သည် (၁၉၈၉) ခုနှစ်၊ နိုဝင်ဘာ (၂၆) ရက်တွင် ရဟန်းသိက္ခာခံယူသည့်အချိန်၌ ဘရူနိုင်းနိုင်ငံ၏ ပထမဆုံးသော ဒေသခံရဟန်းတစ်ပါးဖြစ်လာခဲ့သည်။ (၁၉၉၅) တွင် မီရီ-ဘရူနိုင်းသာသနာ၏ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ (၁၉၉၈) တွင် ဘရူနိုင်းစီရင်စု၏ အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း ခန့်အပ်ခြင်းခံခဲ့ရသည်။ (၂၀၀၄) ခုနှစ်၊ အောက်တိုဘာ (၂၀) ရက်တွင် ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် ၂ သည် ဘရူနိုင်းအား Vicariate Apostolic သို့ ချီးမြှင့်သောအခါ Fr. Sim ကို တမန်တော်အဖြစ်ခန့်အပ်ခဲ့သည်။ (၂၀၀၅) ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့တွင် ဆရာတော်တစ်ပါးအဖြစ် ပလ္လင်တင်အပ်နှင်းခြင်းခံရသဖြင့် ဘရူနိုင်းနိုင်ငံ၏ ပထမဆုံးသော ဆရာတော်တစ်ပါးဖြစ်လာလေသည်။
ရွှေ့ပြောင်းလုပ်သားအများစုဖြစ်သော ကက်သလစ်ဘာသာဝင်များ
ဆရာတော်ဆင်မ်သည် ရဟန်းတော် (၃) ပါးနှင့်အတူ ဘရူနိုင်းသာသနာတော်ကို ဦးဆောင်ခဲ့သည်။ ရေနံနှင့်သဘာဝဓာတ်ငွေ့ကြွယ်ဝသောနိုင်ငံဖြစ်၍ အများအားဖြင့်နိုင်ငံခြားသားအလုပ်သမား (၂၀,၀၀၀) ခန့်ဖြင့်ဖွဲ့စည်းထားသည့်၊ လူဦးရေ (၅၀၀,၀၀၀) ခန့်ရှိပြီး ၎င်းတို့အနက် (၇၀%)မှာ မွတ်စလင်များ ဖြစ်သည်။ ဆရာတော်ဆင်မ်က ဘရူနိုင်း၌ သာသနာတော်၏စိန်ခေါ်မှုမှာ ရွှေ့ပြောင်းလုပ်သား အများစုဖြစ်သောကက်သလစ်ဘာသာဝင်များအတွက် “မိသားစုနှင့်ဝေးကွာနေသူ တို့အတွက် နားခိုစရာစီမံပေးရန်ဖြစ်သည်” ဟုပြောကြားခဲ့သည်။ “အထူးသဖြင့် နာမကျန်းဖြစ်နေကြတဲ့အချိန်၊ သေဆုံးသွားလို့ဈာပနလုပ်ပေးရတဲ့အချိန်စသဖြင့် သူတို့တတွေ အခက်အခဲများစွာကြုံနေရချိန်မှာ သူတို့ကိုကူညီပေးနိုင်ဖို့ ကျွန်ုပ်တို့ အကောင်းဆုံးကြိုးစားကြတယ်။ သူတို့ကို ငွေရေးကြေးရေးအားဖြင့် သော်လည်းကောင်း၊ စားစရာတွေထောက်ပံ့ပေးခြင်းဖြင့်သော်လည်းကောင်း အကူအညီတွေပေးကြ ရတယ်” ဟုဆိုသည်။ ဒေသခံကက်သလစ်ဘာသာဝင်များသည် မိမိတို့၏ ယုံကြည်ခြင်းကို ခိုင်မာစွာ တည်ဆောက်ရန်လိုအပ်ကြောင်း၊ သို့မှသာ သူတို့သည် ပို၍စိတ်အားထက်သန်လာကြပြီး နည်းလမ်းအမျိုးမျိုးဖြင့် သာသနာတော်ကို ပါဝင်ကူညီနိုင်မည်ဖြစ်ကြောင်းကိုလည်း ပြောကြားသွား ခဲ့ပါသည်။
လူငယ်ကဏ္ဍ
သာသနာတော်သည် အထူးသဖြင့် လူငယ်များကိုစိတ်ဝင်စားကြောင်း၊ လူငယ်အများစု၏ အတွေးအခေါ်များသည် ရှေးရိုးအတိုင်းဆင်းသက်လာခြင်းမျိုးမဟုတ်ဘဲ သူတို့၏ကိုယ်ပိုင်ကမ္ဘာ ဖြစ်သောဆိုရှယ်မီဒီယာမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်းနှင့် သူတို့၏အထက်လူကြီးများအပေါ် ဆက်ဆံရေးသည် ရှေးယခင်ကပုံစံကဲ့သို့မဟုတ်ကြောင်းကိုလည်း ပြောပြခဲ့သည်။
 
 
ငြိမ်းချမ်းရေးနှင့် သဟဇာတရှိမှု
 
ကာဒီနယ်တစ်ပါးဖြစ်လာသည့်အခါ၌လည်း ဘာသာတရားအသီးသီးနှင့် ငြိမ်းချမ်းရေး၊ သဟဇာတရှိရေးနှင့် ချစ်ကြည်ရင်းနှီးမှုရရှိရေးကိုဖန်တီးရာတွင် ရှေးနည်းတူပင် ပါဝင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ခရစ်ယာန်များအနေဖြင့် ပိုမိုကောင်းမွန်ပြီး ပိုမိုငြိမ်းချမ်းသောဘရူနိုင်းကို တည်ဆောက်ရာ၌ ပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိတို့တိုင်းပြည်၏အမည်သည် “ငြိမ်းချမ်းရေးစံမြန်းရာ” ဟု အဓိပ္ပာယ်ရှိသည့်အတိုင်း ဘရူနိုင်းနိုင်ငံသားများအဖို့ ငြိမ်းချမ်းရေးအတွက် ပါဝင်ဆက်ကပ်ဆောင်ရွက်ခြင်းသည် အရေးပါလှကြောင်း၊ ဘရူနိုင်းတွင် နှစ်ပေါင်း (၉၀) ကျော် တည်ရှိခဲ့ပြီဖြစ်သော သာသနာတော်သည် အထူးသဖြင့် စာကျောင်းများအားဖြင့် တိုင်းပြည်အတွက် အထောက်အကူပြုပါဝင်ဆောင်ရွက်ပေးကြောင်းနှင့် ဘရူနိုင်းနိုင်ငံ၏ကက်သလစ်စာသင်ကျောင်း သုံးကျောင်းမှ ကျောင်းသား (၆၀% မှ ၇၀%)သည် မွတ်စလင်များဖြစ်ကြောင်း ဆရာတော်ဆင်မ်က ပြောပြခဲ့သည်။
 
ဦးစားပေးဆောင်ရွက်မှုများ
 
ဘရူနိုင်းသာသနာတော်အတွက် ယုံကြည်ခြင်းတိုးပွားလာစေနိုင်ရန်ရည်ရွယ်လျက် သမ္မာကျမ်းစာနှင့် ယုံကြည်ခြင်းဆိုင်ရာ သတင်းအချက်အလက်များ၊ လူငယ်များနှင့် မိသားစုစောင့်ရှောက်မှု၊ ဧဝံဂေလိသတင်းကောင်းဖြန့်ဝေခြင်းနှင့် လူမှုဖူလှုံရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရဟန်းဘဝနှင့် သီလရှင်ဘဝခေါ်တော်မူခြင်းများတိုးမြှင့်ခြင်း စသည့် ဦးစားပေးဆောင်ရွက်မှုများကိုလည်း အနှစ်ချုပ်ပြောပြသည်။
သာသနာတော်ဟုဆိုရာ၌ ဝတ်ပြုဆုတောင်းခြင်းတစ်ခုမျှသာမဟုတ်ပါ၊ ၎င်းဝတ်ပြုခြင်းမှာ အလွန်အရေးကြီးသည်မှန်သော်လည်း လူမှုအသိုင်းအဝိုင်းအတွင်း ဆက်ဆံရေးကိုတည်ဆောက်ရန် လည်းလိုအပ်သည်။ ပထမဦးစွာ မိမိတို့၏မိသားစုအတွင်းမှအစပြု၍ အလုပ်နှင့်စာသင်ကျောင်းကဲ့သို့ လူ့ဘောင်အဖွဲ့အစည်းသို့ ပျံ့နှံ့ရောက်ရှိသွားရန်လည်းလိုအပ်သည်။
 
အဝေးတကာ့ အဝေးဆုံး
 
ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ မိမိအား ကာဒီနယ်အဖြစ်ရွေးချယ်ခြင်းအပေါ် ဆရာတော်ဆင်မ်က “လူသိနည်းပေမဲ့လည်း ယုံကြည်ခြင်းရှင်သန်နေတဲ့ ကျွန်ုပ်တို့သာသနာတော်ရဲ့ ဖြစ်တည်မှုကို စာနာနားလည်ပြီး၊ ဘရူနိုင်းအတွက် အခုလိုထည့်သွင်းစဉ်းစားပေးလို့ ရဟန်းမင်းကြီးအရှင်သူမြတ်ကို ကျေးဇူးအများကြီးတင်ပါတယ်” ဟု ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ မိမိ၏သာသနာသည် “အဝေးတကာ့အဝေးဆုံး” ဖြစ်သော်လည်း နှစ်ပေါင်း (၉၀) ကျော်ကာလအတွင်း သာသနာတော်တည်ဆောက်ရာ၌ ကက်သလစ်ဘာသာဝင်များ၏ အားစိုက်ကြိုးပမ်းမှုများကို အသိအမှတ်ပြုလေးစားရပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ပြုပြင်ပြောင်းလဲရမည့် အရာများစွာရှိသော်လည်း ကက်သလစ်ဘာသာဝင်များသည် သာသနာတော်ကြီးအပေါ်သစ္စာရှိသူများ၊ အားကိုးအားထားပြုရသူများဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
 
 
သီးခြားကမ္ဘာမဟုတ်ပါ
 
ကျွန်ုပ်တို့သည် သာသနာတော်တစ်ခုဟုဆိုရာ၌ မိမိတို့၏ကိုယ်ပိုင်ကမ္ဘာလေးထဲ၌ သီးခြားနေထိုင်ကြသည့် လူတစ်စုသာမဟုတ်ပါ။သာသနာတော်သည် လူမျိုး၊ အသားအရောင်၊ လူမှုရေးအဆင့်အတန်း၊ ရွှေ့ပြောင်းနေထိုင်သူ (သို့မဟုတ်) အမြဲတမ်းနေထိုင်ခွင့်ရှိသူ စသဖြင့် ခွဲခြားမှုတံတိုင်းများကိုဖြိုဖျက်ကာ သာတူညီမျှ အတူယှဉ်တွဲနေထိုင်ခြင်းပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံးသည် ယေဇူးခရစ်တော်၏ သားသမီးများဖြစ်ကြသည်။ ထို့အပြင် ကျွန်ုပ်တို့သည် အမိသာသနာတော်ကြီးကို မိခင်အဖြစ်မခံယူထားလျှင် ဘုရားသခင်ကို ဖခင်အဖြစ်ပိုင်ဆိုင်နိုင်မည်မဟုတ်ကြောင်း၊ ဤအချက်ကိုနားလည်သဘောပေါက်ကာ နေထိုင်ရှင်သန်ကြရန် ကျွန်ုပ်တို့အားလုံး ခေါ်တော်မူခြင်းခံရကြောင်းကို အလေးအနက်ထား ပြောပြခဲ့သည်။
နိဂုံးချုပ်အနေဖြင့် ဆရာတော်ကြီးဆင်မ်က ကမ္ဘာတစ်ဝန်းရှိ သာသနာတော်ကြီးအား ဗာတီကန်ဆိုင်ရာသတင်းများကို အချိန်နှင့်တပြေးညီထုတ်လွှင့်ပေးခြင်းကြောင့် ဗာတီကန်သတင်းထောက်များအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
Source: Vatican News
Image source: https://web.facebook.com/photo/?fbid=10164551475970694&set=a.10150222972050694

2020-11-24 07:21:42
NEWS AND EVENTS