Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ပြည်သူပြည်သားအပေါင်းသို့ မေတ္တာရပ်ခံချက်

မြန်မာနိုင်ငံ၏ရွေးကောက်ပွဲ၌ အသေအချာ စဉ်းစားသုံးသပ်၍ မဲပေးကြပါ

ကာဒီနယ် ချားလ်စ်မောင်ဘို၊

ရန်ကုန်ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော်ကြီး

ကျွန်ုပ်၏ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊

 မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်လိုက်ပါတယ်။

              ဒီကာလဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်နေတဲ့ကာလဖြစ်ပါတယ်။ ကပ်ရောဂါကို ရင်ဆိုင်ကြုံ တွေ့နေရတဲ့ သင်တို့တစ်ဦးစီအတွက် ကျွန်ုပ်ဆုတောင်းပေးနေပါတယ်။ ဘုရားသခင်ဟာ ကျွန်ုပ် တို့ရဲ့နိုင်ငံကို ကာကွယ်စောင့်ရှောက်တော်မူပါစေ။

              လာမယ့်နိုဝင်ဘာလမှာ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပကြတော့ မှာဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံသားတိုင်းရဲ့တာဝန်တစ်ရပ်အနေနဲ့ ကျွန်ုပ်တို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ကျွန်ုပ်တို့ ရွေးကောက်တင်မြှောက်ကြရမှာပါ။ ဒီလိုသမိုင်းဝင်အချိန်မှာ ကျွန်ုပ်အနေနဲ့ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့မဟုတ်ဘဲ ဘာသာရေးနယ်ပယ်က ပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ သင်တို့အားလုံးကို မေတ္တာရပ်ခံလိုပါတယ်။ သင်တို့ရဲ့ညီအစ်ကိုတစ်ဦး အနေနဲ့ မြန်မာနိုင်ငံရဲ့ကောင်းကျိုးနဲ့ တိုင်းပြည်တစ်ခုလုံးသာယာ၀ပြောဖို့အတွက် ကျွန်ုပ်အခုလို မေတ္တာရပ်ခံရခြင်းဖြစ်ပါတယ်။

              သင်မဲပေးဖို့ စဉ်းစားဆုံးဖြတ်တဲ့နေရာမှာ အောက်မှာဖော်ပြထားတဲ့ အချက်(၁၀)ချက်နဲ့ ချိန်ထိုးကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ သင့်ရဲ့မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စား လှယ်လောင်းတစ်ယောက်ချင်းစီကို ကြည့်ပြီး ဘယ်သူကတော့ဖြင့် သင်ယုံကြည်နိုင်လောက်တဲ့ အရည်အချင်းရှိသူဖြစ်တယ်၊ ဘယ်ပါတီကတော့ဖြင့် သင့်ရဲ့ဆန္ဒမဲကို ခံယူဖို့ ထိုက်တန်တယ် စတာတွေကို သေသေချာချာ စဉ်းစားသုံးသပ်ကြပါ။

 

၁။ မဲပေးခြင်းဟာ ကျွန်ုပ်တို့ရဲ့ မွန်မြတ်တဲ့တာဝန်ဖြစ်ပါတယ်။ ပိုပြီးစုံလင်အောင် ပြောရမယ်ဆို ရင် မဲပေးခြင်းဟာ အခွင့်အရေးသက်သက်သာမဟုတ်ဘဲ လွန်စွာမွန်မြတ်လှတဲ့တာဝန်လည်း ဖြစ်ပါတယ်။ သင့်ရဲ့အခွင့်အရေးကို အသုံးချပါ။ သင့်ရဲ့တာဝန်ကို ဖြည့်ဆည်းပါ။ စစ်မှန်ပြည့်၀ တဲ့ ဒီမိုကရေစီပေါ်ထွန်းပါစေ။

၂။ အာဏာကို မက်မောခြင်းမရှိဘဲ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အပေါ် အမှန်တကယ် ယုံကြည်စိတ်ဝင်စားသူကိုသာ မဲပေးပါ။

၃။ ချမ်းသာကြွယ်၀ပြီး ဩဇာရှိသူ ခရိုနီတွေကို အားပေးခြင်းမပြုဘဲ အားနည်းသူတွေရဲ့အသံကို ကြားသိအောင် လုပ်ဆောင်ဖို့ စိတ်ဝင်စားတဲ့သူကို မဲပေးပါ။

၄။ နိုင်ငံရဲ့သယံဇာတအပေါ် အမြတ်မထုတ်ဘဲ စီးပွားရေးနဲ့ သဘာ၀ပတ်ဝန်းကျင်အရေးမှာ တရားမျှတမှုကို ဖော်ဆောင်ပေးမယ့်သူကို မဲပေးပါ။

၅။ အမုန်းတရားပြန့်ပွားအောင် လုပ်နေတဲ့သူတွေကို ဖော်ထုတ်ပြီး ရှောင်ရှားပါ။ သူတို့ဟာ နိုင်ငံတော်ကို သစ္စာဖောက်သူတွေဖြစ်ပါတယ်။

၆။ တိုင်းတစ်ပါးသားအရင်းရှင်နဲ့ပေါင်းပြီး နိုင်ငံအပေါ် အမြတ်ထုတ်မယ့် ခရိုနီတွေကို ရှောင်ကြ ပါ။

၇။ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ဖို့၊ လူ့အခွင့်အရေးပိုမိုရရှိဖို့၊ လူငယ်တွေ အခွင့်အလန်းပိုမိုရရှိဖို့ အတွက် ကြိုးစားလုပ်ဆောင်သူတွေကို အားပေးထောက်ခံပါ။

၈။ ဉာဏ်ရည်ပြည့်၀နေရုံနဲ့မပြီးဘဲ ရိုးသားဖြောင့်မတ်မှုနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ကိုယ်စားလှယ် လောင်းကို ရှာဖွေပါ။

၉။ ကိုဗစ်ကပ်ဘေး၊ ဆင်းရဲခြင်းဘေး၊ စစ်ဘေးနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ဘေး အစရှိတဲ့ များပြားလှတဲ့ကပ်ဘေးတွေကို တိုက်ဖျက်ပေးမယ့်ခေါင်းဆောင်တွေကို ရွေးချယ်ကြပါ။

၁၀။ နိုင်ငံသူနိုင်ငံသားတိုင်း နိုင်ငံရေး၊ စီးပွားရေး အခွင့်အလမ်းကို တန်းတူရည်တူရရှိဖို့အတွက် မျှော်မှန်းလုပ်ဆောင်ခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့အိပ်မက်ကို အကောင်အထည်ဖော်မယ့် စစ်မှန်တဲ့ဖက်ဒရယ်မူဝါဒအတွက် မဲပေးကြပါ။


2020-10-13 02:42:04
NEWS AND EVENTS