Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

“ဖန်ဆင်းခံ အရာသတ္တဝါများအား ထိန်းသိမ်းစောင့်ရှောက်ရေး အတွက်

ကမ္ဘာအဝှမ်း ပေါင်းစည်းဆုတောင်းခြင်း နေ့ထူးနေ့မြတ်”

စက်တင်ဘာလ ၁ ရက်နေ့၊ ၂၀၂၀ ခုနှစ်



စက်တင်ဘာလ ၁ ရက်နေ့၊ ၂၀၂၀ ခုနှစ်

အဖွင့် ဆုတောင်း ကဏ္ဍ
“ဖန်ဆင်းခံ အရာသတ္တဝါများအား ထိန်းသိမ်းစောင့်ရှောက်ရေး အတွက်

ကမ္ဘာအဝှမ်း ပေါင်းစည်းဆုတောင်းခြင်း နေ့ထူးနေ့မြတ်”

 ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ဩသိုဒေါ့ ခရစ်ယာန် အသင်းတော်က စတင် ကျင်းပခဲ့သည့် “ဖန်ဆင်းခံ အရာသတ္တဝါများအား ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် ကမ္ဘာအဝှမ်း ပေါင်းစည်းဆုတောင်းခြင်း နေ့ထူးနေ့မြတ်” အခမ်းအနား၌ ကက်သလစ် အသင်းတော်သည် အခြား ခရစ်ယာန် အသင်းတော်များနှင့် အတူ လွန်ခဲ့သည့် ၅ နှစ်တွင် စတင် ပါဝင်တက်ရောက်လာသည်။ ထိုသို့ ခရစ်ယာန် အသင်းတော်များစွာ  ပေါင်းစုံပေါင်းစပ် ပါဝင်လာသည့် ထိုနေ့ရက်အား ယခုအခါတွင် ‘ဖန်ဆင်းခြင်း၏ စက်ဝန်းရာသီ’ ဟု ခေါ်တွင်၍ တစ်လတာ ကာလ အဖြစ် တိုးချဲ့သတ်မှတ်လာသည်။ “နှစ်စဉ် နှစ်တိုင်း ကျင်းပသည့် ‘ဖန်ဆင်းခံ အရာသတ္တဝါ ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် ကမ္ဘာအဝှမ်း ပေါင်းစည်းဆုတောင်းခြင်း နေ့ထူးနေ့မြတ်’သည် ကျွန်ုပ်တို့ စောင့်ရှောက်ထိန်းသိမ်းရန် ဘုရားသခင် ပေးအပ်ထားသည့် အံ့ဩဖွယ်ရာ ဖန်ဆင်းခြင်း လက်ရာတော်အား ကျေးဇူးတင်ဆပ်ရင်း ဘုရားသခင်၏ ဖန်ဆင်းခံ အရာသတ္တဝါ အပေါင်းအား ထိန်းသိမ်းစောင့်ရှောက်ရာ၌ ဘုရားသခင် ကူညီမစပေးရန်နှင့် ကျွန်ုပ်တို့ နေထိုင်သော ကမ္ဘာကြီး ပျက်စီးယိုယွင်းရန် ပြုမိခဲ့သော အပြစ်များအား ဘုရားသခင်ထံမှ ခွင့်လွှတ်ခြင်း တောင်းခံရန် အတွက် ဟူသည့် တာဝန်ဖြင့် ဖန်ဆင်းခံ အရာသတ္တဝါ အပေါင်းအား ထိန်းသိမ်းစောင့်ရှောက်သူများ အဖြစ် ကျင့်ကြံနေထိုင်ကြဖို့ ဘုရားသခင်၏ ဖိတ်ခေါ်ခြင်းခံရမှု၌ ပေါင်းစပ်ပါဝင်ရန်၊ ယုံကြည်သူ တစ်ဦးချင်းစီနှင့် ယုံကြည်သူ အသိုင်းအဝန်းအား အခွင့်အရေး ပေးသည် အချိန်ကာလ ဖြစ်သည်၊”ဟု ရဟန်းမင်းကြီးက ဆိုသည်။

အဖွင့် ဓမ္မတေးသီချင်း

All things bright and beautiful
All creatures great and small
“တောက်ပခြင်းနှင့် လှပနေသော ခပ်သိမ်းကုန်သော အရာအားလုံး
ခမ်းနားခြင်းနှင့် သေးငယ်ခြင်းများဖြင့် ဖန်ဆင်းခံ သတ္တဝါအပေါင်း”

အမည်ဖြင့် ဓမ္မတေး
(သို့မဟုတ် အခြားသော ဖန်ဆင်းခြင်းဆိုင်ရာ ဓမ္မတေးများအား သီဆိုဧကျူးနိုင်သည်၊)

(ဩသိုဒေါ့ ထုံးတမ်းအစဉ်အလာမှ လာသော)
အဖွင့်ဆုတောင်းမေတ္တာ

 
အိုသခင်၊ ကိုယ်တော်အား ကျွန်ုပ်တို့ ချီးမွမ်းထောပနာပြုပါသည်။
အစပြုခြင်းအားလုံး၏ ကနဦး အစ၌ ကိုယ်တော်ရှင်သည် ဖန်ဆင်းခံ ရေပြင်သမုဒ္ဒရာ အပေါ်၌ မှုတ်တော်မူခဲ့ကာ ကိုယ်တော်၏ ဝိညာဉ်တော်အားဖြင့် ကမ္ဘာမြေပြင်တလွှား၌ အသက်ရှင်သော သားရဲတိရစ္ဆာန်များနှင့် ပြည့်နှက်စေတော်မူခဲ့သည်။

ကိုယ်တော်ရှင် နှုတ်ကပတ်တော် မိန့်တော်မူသည်နှင့် ကမ္ဘာမြေပြင်သည် အသက်ရှင်သော အပင်သတ္တဝါ အပေါင်းနှင့် ပြည့်နှက်တော်မူခဲ့ပြီး ထိုအရာအား ကောင်းမြတ်သည်ဟု ကိုယ်တော် ရှုမြင်တော်မူခဲ့ပေသည်။
ကိုယ်တော်သည် ဖန်ဆင်းခြင်းအား မြွက်ကြားတော်မူသည်နှင့် ကမ္ဘာမြေနှင့် ပင်လယ်ပြင်၌ ကုန်းနေရေနေ သတ္တဝါများ လှုပ်ရှားသက်ဝင်လာသည်။

အမျိုးအစားစုံလင်လှသည့် ဖန်ဆင်းခြင်း လက်ဆောင်မွန်များ အတွက် ကိုယ်တော်ရှင်အား ကျွန်ုပ်တို့ ဂုဏ်ပြုချီးမွမ်းပါသည်။

 
ဖန်ဆင်းခံ ကမ္ဘာသတ္တဝါအပေါင်းအား ကျွန်ုပ်တို့ နေ့တဓူဝ စောင့်ရှောက်ထိန်းသိမ်းခြင်းအားဖြင့် ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ရှိပါစေ၊

ဖန်ဆင်းခံ ကမ္ဘာသတ္တဝါအပေါင်းအား ကျွန်ုပ်တို့ နေ့တဓူဝ စောင့်ရှောက်ထိန်းသိမ်းခြင်းအားဖြင့် ကောင်းကင်ဘုံ အောက်ရှိ ဝေနေယျ သတ္တဝါ အပေါင်း၌ က်ိုယ်တော်၏ ကယ်တင်ခြင်း စွမ်းပကားအား ဖော်ပြနိုင်ပါစေ။

ကျွန်ုပ်တို့ သခင်ယေဇူး ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ တောင်းလျှောက်ကြပါသည်။ အာမင်။

 
သမ္မာကျမ်းစာ ဖတ်ရှုခြင်း

 
ကမ္ဘာဦးကျမ်း အခန်းကြီး ၂ အခန်းငယ် ၄ မှ ၉၊ အခန်းငယ် ၁၅
- “ဘုရားသခင်သည် ကမ္ဘာမြေနှင့် ကောင်းကင်အား ဖန်ဆင်းချိန်တွင် …”

 ထောက်ရှုချက်

သမ္မာကျမ်းစာ၌ ဖော်ပြထားသည့် ဖန်ဆင်းခြင်း အရ ဘုရားသခင်သည် အရာအားလုံး၏ ဖန်ဆင်းရှင် ဖြစ်ကြောင်း နှင့် ဘုရားသခင် ဖန်ဆင်းထားသော အရာ ဟူသမျှသည် ကောင်းမြတ်ကြောင်း ကျွန်ုပ်တို့အား ဖော်ပြနေသည်။ ဖန်ဆင်းခံ ကမ္ဘာမြေ သတ္တဝါအပေါင်းအား စောင့်ရှောက်၊ ကာကွယ်ရမည့် တာဝန်အား ဘုရားသခင်က လူသားများအား ပေးအပ်ခဲ့ပြီး ဖန်ဆင်းခံ ကမ္ဘာမြေသတ္တဝါ အပေါင်းအား ဘုရားသခင်ကသာလျှင် ပိုင်ဆိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ လူသားအားလုံး၏ ကမ္ဘာမြေ သဘာဝ ပတ်ဝန်းကျင်၊ သတ္တဝါ အပေါင်းအား ကာကွယ်ထိန်းသိမ်းပုံနှင့် ထိတွေ့ဆက်ဆံပုံတို့သည် ဘုရားသခင် ရှေ့မှောက်တော်၌ တာဝန်ယူရမည် ဖြစ်သည်။ ဟူဘရူး ဘာသာစကား၌ Care စောင့်ရှောက်ခြင်း ဟူသည် စကားအား Shamar ရှားမား ဟု ခေါ်ဆိုကာ Shamar ရှားမား၏ အဓိပ္ပာယ်မှာ “စောင့်ကြည့်ခြင်း watch, အကာအကွယ်ပေးခြင်း guard, ကာကွယ်စောင့်ရှောက်ခြင်း protect” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ ထိန်းသိမ်းစောင့်ရှောက်ရန် ပေးအပ်ထားသည့် သဘာဝ ပတ်ဝန်းကျင်၊ သတ္တဝါအပေါင်းအား စောင့်ရှောက်ရန်၊ စောင့်ကြည့်ရန်၊ အကာအကွယ်ပေးရန် စသည့် ထိန်းသိမ်းစောင့်ရှောက်ခြင်း ဆိုင်ရာ တာဝန်သည် ကျွန်ုပ်တို့အား ပေးထားသည့် ဘုရားသခင်ထံမှ လာသော ညွှန်ကြားချက် တစ်ခုဟုလည်း ဆိုနိုင်ပေသည်။ ဖန်ဆင်းခံ အရာသတ္တဝါ အပေါင်းအား ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်သည် လူသား တစ်ဦးချင်းစီအား ဘုရားသခင်က ပေးအပ်ထားသည့် တာဝန်ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အခက်အခဲ အကြပ်အတည်းများ ဖြစ်ပေါ်လာခြင်းကြောင့် ကျွန်ုပ်တို့ တစ်ဦးချင်းစီသည် စိတ်ဝိညာဉ်ဆိုင်ရာ ခံယူများ လေးလေးနက်နက် ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်း  လောင်ဒါတူစီ Laudato Si’ အမည်ရ ရဟန်းမင်းကြီး ဖရန်စစ်၏ စာချွန်တော်တွင် ရဟန်းမင်းကြီးက ကျွန်ုပ်တို့အား အသိပေးခဲ့သည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်းအား ကာကွယ်စောင့်ရှောက်သူများ အဖြစ် ကျင့်ကြံနေထိုင်ကြရန် အတွက် ခရစ်ယာန် ဘဝသက်တာ၏ ခေါ်တော်မူခြင်းအား သိရှိခံယူဖို့ ကျွန်ုပ်တို့၏ ခရစ်ယာန် ယုံကြည်ခြင်းက ပံ့ပိုးပေးရပေမည်။

 ယုံကြည်သူ၏ တောင်းလျှောက်ခြင်း (Book of Blessings # 1018)

ဖန်ဆင်းခြင်း အရာခပ်သိမ်းနှင့် ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်တာများ အတွက် ဘုရားသခင်အား ကျေးဇူးဆပ်တင်သည့် နှလုံးသားဖြင့် ဆုတောင်းရင်း ကျွန်ုပ်တို့ ဘဝသက်တာ၌ ဘုရားသခင်၏ အမှုတော်အား ထမ်းဆောင်ကြရန် မမေ့လျော့ပါနှင့်။
“အိုသခင်၊ ကျွန်ုပ်တို့၏ တောင်းလျှောက်ရာကို နားညောင်းတော်မူပါ၊”ဟု ရွတ်ဆိုရင်း ဘုရားသခင်အား အတူတကွ ဆုတောင်းကြစို့။

 
၁။ အိုသခင်၊ ကိုယ်တော်သည် ဗလာနိတ္ထိမှ အရာအားလုံးအား ဖန်ဆင်းတော်မူခဲ့ပြီး ကနဦး အစကတည်းက ဖန်ဆင်းခံ အရာအားလုံးအား ပြည့်မှီရမည့် ရည်မှန်းချက် ပန်းတိုင် တစ်ခုစီ ချမှတ်ပေးတော်မူခဲ့ပေသည်။

ဖန်ဆင်းခံ ဝေနေယျ သတ္တဝါအပေါင်းအပေါ် ကိုယ်တော်ရှင်သည် ကောင်းချီးကျေးဇူးတော်များ သွန်းလောင်းပေးတော်မူပါမည့် အကြောင်း

အိုသခင်၊ ကျွန်ုပ်တို့၏ ဆုတောင်းရာကို နားညောင်းတော်မူပါ၊

၂။ သားသမီးတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးတော်မူသော အိုအဖဘုရားသခင်၊ ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့အား လောကီကမ္ဘာမှ စားသောက်ဖွယ်ရာများအား ပေးသနားတော်မူခဲ့ပေသည်၊ ကျွန်ုပ်တို့ ရိတ်သိမ်းစားသုံးသည့် ကောက်ပဲသီးနှံများသည် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာကျန်းမာခြင်းနှင့် စိတ်ဝိညာဉ် အားကောင်းစေရန် ကောင်းချီးပေးတော်မူပါမည့် အကြောင်း

အိုသခင်၊ ကျွန်ုပ်တို့၏ ဆုတောင်းရာကို နားညောင်းတော်မူပါ၊

 ၃။ အိုသခင်၊ က်ိုယ်တော်သည် လေပေါ်တွင် ပျံဝဲသော ကျေးငှက်များအား ကျွေးမွေးတော်မူသည့် နည်းတူ ကွင်းပြင်ပေါ်ရှိ လီလီပန်းပင်များအားလည်း အရောင်အသွေး စုံလင်စေပေသည်။ ကျွန်ုပ်တို့အား စိုးစံတော်မူသည့် ကိုယ်တော်ရှင်၏ အုပ်စိုးတော်မူခြင်းအား သိရှိရန်နှင့် ကိုယ်တော်၏ သန့်ရှင်းမွန်မြတ်သော သက်တာအား လိုက်နာကျင့်ကြံနိုင်ရန် သွန်သင်ပေးတော်မူပါမည့် အကြောင်း

 အိုသခင်၊ ကျွန်ုပ်တို့၏ ဆုတောင်းရာကို နားညောင်းတော်မူပါ၊

၄။ အိုသခင်၊ က်ိုယ်တော်သည် ယေဇူးခရစ်တော်သခင်အား အပြစ်သားတို့၏ နှလုံးသားကို နှစ်သိမ့်စေတော်မူရန် လောကီကမ္ဘာသို့ စေလွှတ်တော်မူခဲ့ပေသည်။ ကမ္ဘာမြေ ပတ်ဝန်းကျင်နှင့် သူဆင်းရဲတို့ ပျက်စီး နစ်နာစေခြင်းအားဖြင့် အတ္တဆန်ဆန် အကျိုးစီးပွား ရှာနေကြသူများ၏ ဆိုးယုတ်သော စနစ်များအား အဆုံးသတ်ပေးတော်မူပါမည့် အကြောင်း

အိုသခင်၊ ကျွန်ုပ်တို့၏ ဆုတောင်းရာကို နားညောင်းတော်မူပါ၊

၅။ အိုသခင်၊ ကိုယ်တော် ဖန်ဆင်းတော်မူသော အရာခပ်သိမ်းတို့အား ဝေငှသုံးစွဲရန် ကိုယ်တော်စီစဉ်ထားခဲ့ပေသည်၊ အမှန်တကယ် လိုအပ်နေသော သူအားလုံးသည် ပြဿနာအခက်အခဲ မရှိသော ဘဝသက်တာအား ရရှိကြရန် စောင်မတော်မူပါမည့် အကြောင်းနှင့် ကိုယ်တော်ရှင်၏ သန့်ရှင်းမြင့်မြတ်သော နာမတော်ကို ချီးမွမ်းထောပနာ ပြုကြပါမည့် အကြောင်း

အိုသခင်၊ ကျွန်ုပ်တို့၏ ဆုတောင်းရာကို နားညောင်းတော်မူပါ၊

ကျွန်ုပ်တို့ တောင်းလျှောက်သော ဆုတောင်းမေတ္တာများ အားလုံးကို အနှစ်ချုပ်၍ ကိုယ်တော်ရှင် သင်ကြားတော်မူသော မေတ္တာကို ရွတ်ဆိုကြစို့။
“ကောင်းကင်ဘုံ၌ မေတ္တာ”

Aqua Fons Vitae ထံမှ စကားစု

ရေသည် ပြန်လည် ဆန်းသစ်ခြင်း၏ သင်္ကေတ တစ်ခု ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ အစဉ်အမြဲ ငတ်မွတ်သည်မှာ ရေ ဖြစ်သလို၊ ရေသည် အသက်တာအား သန့်စင်စေသလို ပြန်လည် ပြန်လည် ဆန်းသစ်ပေးသော အရာလည်း ဖြစ်သည်။ ရေအား အလွဲသုံးစားပြုကြသလို ဘေးကင်းစွာ သောက်သုံးမရအောင်၊ ညစ်ညမ်းအောင်၊ ပြတ်လပ်သွားအောင်လည်း ပြုတတ်ကြသည်။
ထို့ကြောင့် လူသား၊ တိရစ္ဆာန်နှင့် အပင်တို့၏ အသက်တာအတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်သော ရေအား ရေရှည် ထိန်းသိမ်းနိုင်ရန် ဘာသာရေး အကြီးအကဲများ၊ မူဝါဒရေးရာ ချမှတ်သူများနှင့် ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေးသမားများ၊ ကျေးလက် တောင်သူလယ်သမားများနှင့် စက်မှု လယ်ယာလုပ်ကိုင်သူများ၊ စသည်တို့သည် ကျွန်ုပ်တို့၏ အမိအိမ် ကမ္ဘာမြေကြီး အတွက် တာဝန်ယူမှု ပြသရန်လိုအပ်သလို ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်ရန် လိုအပ်ပါသည်။ (#13)

လက်တွေ့လုပ်ဆောင်ရန် တိုက်တွန်းချက်

ဘဝသက်တာတို့၏ ရင်းမြစ်ဖြစ်သော ရေအား ပေးသနားတော်မူသည့် ဘုရားရှင်အား ဖယောင်းတိုင်ထွန်း၍ ချီးမွမ်းထောပနာပြုပါ။

နိဂုံးချုပ် ဆုတောင်းမေတ္တာ

အိုသခင်၊ ဖန်ဆင်းခြင်း အရာခပ်သိမ်းတို့အား ကျွန်ုပ်တို့ကို ပေးသနားတော်မူသည့် လက်ဆောင်မွန် ကျေးဇူးတော်အား ဆန်းစစ်သုံးသပ်ရန် အချိန်အခါပေးသည့် ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း Season of Creation အတွက် ကိုယ်တော်အား ကျေးဇူးတင်ပါသည်။
သဘာဝ တရား၏ များပြားလှသော လက်ဆောင်မွန်များအား ကာကွယ်ရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန် ဖန်ဆင်းခြင်းအား ကာကွယ်စောင့်ရှောက်သူများ ဖြစ်စေဖို့ ကျွန်ုပ်တို့အား ကိုယ်စိတ် ခွန်အားပေးသနားတော်မူပါ။
အသက်ရှင်သော စမ်းရေ ရင်းမြစ်ဖြစ်တော်မူသည့် ယေဇူးသခင်သည် ဤနှစ် ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း Season of Creation အချိန်ကာလ၌ ဆန်းစစ်သုံးသပ်ချက်များနှင့် လက်တွေ့လုပ်ဆောင်ရန် အချက်များအား လိုက်နာကျင့်ကြံနိုင်မည့် ကျေးဇူးတော်အား ကျွန်ုပ်တို့ကို ပေးသနားတော်မူပါ။

ကျွန်ုပ်တို့၏ သခင်၊ ယေဇူးခရစ်တော်အားဖြင့် တောင်းလျှောက်ပါသည်။ အာမင်။

အပိတ် ဓမ္မတေးသီချင်း

Thank you Lord for all you’ve done

ကိုယ်တော် လုပ်ဆောင်ပေးတော်မူသော အရာအားလုံးအတွက် ကိုယ်တော်အား ကျေးဇူးတင်ပါသည်။
အမည်ဖြင့် ဓမ္မတေး
(သို့မဟုတ် အခြားသော ဖန်ဆင်းခြင်းဆိုင်ရာ ဓမ္မတေးများအား သီဆိုဧကျူးနိုင်သည်၊)
 

Translated by Lawrence Mungsong
 

 


2020-08-31 12:25:53
NEWS AND EVENTS