Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ပြင်သစ်မှ နှစ် ၈၀၀-သက်တမ်းရှိ နောက်ထပ် (နော်ထရာ-ဒမ်း Notre-Dame Amiens ) ကာသီဒြယ်ဘုရားကျောင်းတော်ကြီး၏စိတ်ဝင်စားဖွယ်ရာများ

*********************************

မနှစ်က မီးလောင်ခဲ့တာကြောင့် ပြင်သစ်ပြည် က (Notre-Dame de Paris) ပဲရစ် ကာသီဒြယ် ဘုရားကျောင်းရဲ့ ရှေးအဖိုးတန်လက်ရာများစွာနဲ့မွမ်းမံဆောက်လုပ်ထားတဲ့ ခေါင်မိုးချွန်းတွေဟာ အားလုံးနီးပါးလောင်ကျွမ်းပျက်စီးသွားခဲ့ရပါတယ်။ ဒါပေမယ့် ပြင်သစ်ရဲ့ နောက်ထပ် ခေါင်မိုးချွန်းကြီးတွေပါတဲ့ အကြီးဆုံးဘုရားကျောင်းကြီး တစ်ကျောင်းက ရှိနေပါသေးတယ်။ အဲဒါက Notre-Dame d’Amiens ကာသီဒြယ်ကြီးဖြစ်ပြီး ပဲရစ်မြို့ကနေ မြောက်ဖက် မိုင်၈၀ အကွာလောက်မှာရှိတာပါ။ ၂၀၂၀-ဒီနှစ်မှာ သက်တမ်းနှစ် ၈၀၀ ပြည့် အထိမ်းအမှတ် ဂျူဘီလီကျင်းပဖို့အစီအစဉ်ရှိပြီး အဲဒီဘုရားကျောင်းတော်ကြီးထဲမှာ တည်ထားတဲ့ သံယောဟန်ဘတ်တစ္စတားရဲ့ဓါတ်တော်ကိုအားလုံးဖူးတွေ့ဂါရဝ ပြုနိုင်ဖို့ ရန် ထုတ်ဆောင်ထားမှာဖြစ်ပါတယ်။ မနှစ်ကမီးလောင်ခံရတဲ့ ပဲရစ်က ဘုရားကျောင်းထက်နှစ်ဆလောက်ပိုကြီးတဲ့ ဒီဘုရား ကျောင်းကို၁၂၂၀-ခုနှစ်ကတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဆောက်လုပ်ပြီးတာနဲ့ ကွန်စတန်တီနိုပယ်လ် (Constantinople) ကနေပင့်ဆောင်လာတဲ့ သံယောဟန် ဘတ်တစ္စတားရဲ့ ဓါတ်တော်ကို တည်ထားခဲ့တာပါ။ ရဟန္တာ Louis, King Charles VI နဲ့ Charles VII တို့လည်း ဒီကျောင်းတော်ကိုဘုရားဖူးခရီးပြုခဲ့ကြပြီး ဓါတ်တော်ကို ဖူးခဲ့ ပါတယ်။ ၁၆၆၈-ခုနှစ် ပြင်သစ်မှာကြောက်မက်ဖွယ်ဖြစ်ပွါးခဲ့တဲ့ ပုလိပ်ရောဂါကနေ သံယောဟန် ဘတ်တစ္စတားရဲ့ကြားဝင်ဆုတောင်းပေးမှုတောင်းခံခဲ့ရာမှာ ကပ်ရောဂါကြီး ငြိမ်းသွား ခဲ့တာကြောင့် ပြင်သစ်ဆရာတော်ကြီးက ဘုရားကျောင်းဆောက်ပြီး ရဟန္တာရဲ့ ဓါတ်တော်ကို တည်ထားဖို့ ကတိပြုခဲ့တဲ့ အလျောက်အမှန်တကယ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကျောင်းရဲ့ တာဝန်ခံဘုန်းတော်ကြီး Fr. Édouard de Vregille ကတော့ ဘုရားကျောင်း ကြီးရဲ့နှစ် ၈၀၀ပြည့် ဂျူဘီလီ လုပ်ရင်း ကျောင်းတော်ကြီးရဲ့ လှပတဲ့ အမွေအနှစ်နဲ့ ရှေးဟောင်းလက်ရာတွေက လာရောက်ကြည့်ရှုလေ့လာသူများကို ဘုရားဖူးခံစားမှု ဖြစ်လာစေနိုင်ဖို့ရည်ရွယ်ချက်ရှိနေပါတယ်။ ပြင်သစ်က သမိုင်းလေ့လာသူအဖွဲ့၊ ယဉ်ကျေးမှု အဖွဲ့စတာတွေနဲ့ချိတ်ဆက်ပြီးတော့ဘုရားကျောင်းတော်ကြီးဆီကို လူများများလာရောက်စေရန် ဖိတ်ခေါ်သွားဖို့နဲ့ လာရောက်လေ့လာကြည့်ရှုသူများကို ဘုရားဖူးခံစားမှုရရှိသွား ကြစေဖို့ရည်ရွယ်ထားတာပါ။ “ကျွန်ုပ်တို့ ဒီယဉ်ကျေးမှုလက်ရာတွေအားဖြင့်လည်းလူတွေရောက်လာစေဖို့ဆွဲဆောင်ပြီး ခရစ်တော်ဘုရားကို သိရှိခံစားမိတဲ့ ဝိညာဉ်ရေးရသွားစေဖို့ရည်ရွယ်ပါတယ်”လို့ပြောပြခဲ့ ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ပြင်သစ်မှာပိတ်ထားတဲ့မြို့များကိုပြန်ဖွင့်ပေးလိုက်ကတည်းက ဘုန်းတော်ကြီးဟာ ဒီဘုရားကျောင်းကြီးကို ည ၁၀-နာရီအထိဖွင့်လှစ်ထားပေးပါတယ်။ ကပ်ရောဂါကြောင့် ဘုရားကျောင်းကြီးရဲ့ဂျူဘီလီနှစ်ဖြစ်ပေမယ့်လည်း လပေါင်းအတော် များများလူတွေမလာရောက်နိုင်ခဲ့ကြတဲ့အပြင် ဂျူဘီလီကျင်းပဖို့ရက်ကိုလည်းနှစ်ကုန်ပိုင်း ဒီဇင်ဘာလလောက်အထိရွှေ့ထားလိုက်ရပါတယ်။ “ကိုဗစ်ကြောင့်မြို့တွေပိတ်ထားရ တော့လည်း တဖက်ကလူတွေဒီကာသီဒြယ်ဘုရားကျောင်းကြီးနဲ့မကင်းကွာစေဖို့အွန်လိုင်း ရုပ်သံတွေ၊ ရုပ်ပုံတွေနဲ့နေ့တိုင်း မစ္ဆားတရားထုတ်လွှင့်ပေးတဲ့ နည်းလမ်းသစ်ကိုသုံးပေး ရတာပေါ့” လို့ ဘုန်းတော်ကြီးကပြောခဲ့ပါတယ်။ ဒီကာသီဒြယ်ဘုရားကျောင်းကြီးဟာ ပြင်သစ်တော်လှန်ရေးကာလအတွင်း ပြင်းထန်တဲ့ တိုက်ပွဲတွေ၊ ဒုတိယကမ္ဘာစစ်ဒဏ်တွေကနေ ထိခိုက်ပျက်စီးမှုကြီးကြီးမားမား မဖြစ်ဘဲ လွတ်မြောက်နိုင်ခဲ့တဲ့ ကာသီဒြယ်ကြီးဖြစ်ပါတယ်။ ဝက်သစ်ချသားနဲ့လုပ်ထားတဲ့ မူလခေါင်မိုးချွန်းတွေကို ၁၅၂၈-၁၅၃၃ ခုနှစ်ကြားမှာ တည်ဆောက်ထားခဲ့စဉ်က ခေါင်မိုးချွန်းထိပ်ဖျားတွေမှာ သခင်ယေဇူးရဲ့လက်ဝါးကားတိုင် ကသစ်သားစ၊ နောက်ဆုံး ညစာစားခဲ့တဲ့စားပွဲသစ်သားစနဲ့ Canterbury က ရဟန္တာ သောမတ်စ်ရဲ့ဓါတ်တော်တွေကိုထည့်သွင်းထားခဲ့ပါတယ်။ ပြင်သစ်ဗိသုကာပညာရှင်ကြီး Eugène Viollet-le-Duc ကနေ ဒီကာသီဒြယ်ကျောင်းတော် ကြီးရဲ့ရှေးလက်ရာတွေကိုမွမ်းမံခဲ့ပြီး သစ်သားခေါင်မိုးချွန်းကိုလည်း ၁၆-ရာစုတုန်းက ဒီဇိုင်းအတိုင်း ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။ မီးလောင်ခံရတဲ့ ပဲရစ်ကာသီဒြယ်ကြီး (Notre-Dame de Paris)ရဲ့ခေါင်မိုးချွန်းပုံစံနဲ့ထပ်တူဖြစ်ပါတယ်။ ၂၀၁၉ ဧပြီလက ပဲရစ်ကာသီဒြယ်မီးလောင်ခံရပြီးနောက်ပိုင်း လူတွေဟာ ဒီ Amiens ကာသီဒြယ် (Notre-Dame de Amiens)ဆီကို ပြန်ရောက်လာကြတယ်လို့ဆို ပါတယ်။ ကျောင်းရဲ့ဘွဲ့နာမယ် Amiens ဆိုတာ (Amiens မယ်တော်သခင်မ) ကိုအပ်နှံပူဇော်ပြီး မှည့်ထားတာဖြစ်ပါတယ်။ ၁၃-ရာစုကတည်းကထားရှိခဲ့တဲ့ အဲဒီမယ်တော်ဆင်းတု နဲ့ပတ်သက် တာဝန်ခံဘုန်းတော်ကြီးက “ကျွန်ုပ်တို့ Amiens မယ်တော်သခင်မရဲ့ ရွှေဆင်းတုတော်ကို ဘုရားကျောင်းဝင်ပေါက်ဖက်မှာပြန်ထားမယ်၊ ဒါမှ ဒီကျောင်းတော်နဲ့ အမိမယ်တော်ရဲ့ ပတ်သက်မှုကို ပိုသတိထားမိကြစေဖို့ပါ။ မယ်တော်သခင်မရဲ့ နူးညံ့ကြင်နာမှု၊ သံယောဟန်ဘတ်တစ္စတားရဲ့နှိမ့်ချပြီး အစွမ်းထက်လှတဲ့ ဘဝ သက်သေခံမှုတွေနဲ့ Amiens ကာသီဒြယ်ကြီးကနေ ကျွန်ုပ်တို့ကိုကြိုဆိုနေပါတယ်” လို့ပြောဆိုရင်း ဖိတ်ခေါ်ခဲ့ပါတယ်။
မူရင်း-https://www.catholicnewsagency.com/news/the-800-year-old-cathedral-that-inspired-the-notre-dame-de-paris-spire-64962?fbclid=IwAR0QcfrmCMlv RG95Ipk-jITsgea4hM5c1wRrXroMrXK5tDDij4nSkYGdrGw
ဘာသာပြန် OSC-CBCM (Myanmar)
Photo: The Cathedral Basilica of Our Lady of Amiens in France.
Credit: Patrick Verhoef/Shutterstock.

2020-08-01 07:17:06
NEWS AND EVENTS