Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဘုရားဖူးခရီးရှည်လမ်းလျှောက်ခဲ့သူမစွမ်းမသန်လူငယ်ထံသို့

ရဟန်းမင်းကြီးဖရန်စစ်၏အားပေးစာ

**************************************

ဉာဏ်ရည်မပြည့်တဲ့ အသက် ၁၅-နှစ်အရွယ်စပိန်လူငယ်လေး Álvaro Calvente ဟာ သူ့ဖခင်၊ သူ့တို့အိမ်နီးချင်းတစ်ယောက်တို့နဲ့အတူ မိုင် ၆၀ ကျော်လမ်းလျှောက်ပြီး အဲဒီဒေသရဲ့ဘုရားဖူးနေရာတစ်ခုဖြစ်တဲ့ Santiago ကိုအရောက်သွားနိုင်ခဲ့ပါတယ်၊ ဆုတောင်းပေး ဖို့သူ့ကိုတောင်းခံထားတဲ့ရည်ရွယ်ချက်များစွာအတွက်လည်း အဲဒီမှာ ဆုတောင်းပေးခဲ့ပါတယ်။ သူ့အကြောင်းကိုရေးသားပြီး လူမှုမီဒီယာ တွစ်တာပေါ်မှာ ဓါတ်ပုံများနဲ့တကွတင်လိုက်ရာမှာ ရဟန်းမင်းကြီးဖရန်စစ်အပါအဝင် လူများစွာက တွေ့ရှိခဲ့ကြပါတယ်။
Calvente သွားခဲ့တဲ့ဘုရားဖူးနေရာ Santiago ကတော့ “the Way of St. James” လို့ခေါ်ပြီး တောလမ်းဖြစ်တဲ့ ရဟန္တာဂျိမ်းစ်ရဲ့သင်္ချိုင်းဂူဆီသို့အသွား လမ်းဆုံးမှာရှိ တာပါ။ဥရောပရဲ့တောလမ်းရှည်တစ်ခုဖြစ်ပြီး “ပြင်သစ်လမ်း”လို့လည်းခေါ်တယ်လို့ ဆိုပါတယ်။
လူငယ်လေး Calvente ရဲ့ဖခင်က ရဟန်းမင်းကြီး ဖရန်စစ်ဆီကိုလည်း စာရေးပြီး Calvente အကြောင်းနဲ့သူတို့ရဲ့ဘုရားဖူးအတွေ့အကြုံတွေကို ပြောပြခဲ့ရာမှာ ရဟန်းမင်းကြီးဖရန်စစ်ကစာပြန်ခဲ့ပြီး စာထဲမှာ Calvente ၏ လုပ်ရပ် အတွက် ချီးမွမ်း ကျေးဇူးတင်ထားတဲ့အပြင် “အခုလို ကျွန်ုပ်တို့အားလုံး ကိုဗစ်ပိုးနဲ့ယှဉ်တွဲနေထိုင်နေ ကြရတဲ့ ကပ်ရောဂါကာလကြီးမှာ သင်ကဲ့သို့ သဘာဝအတိုင်းရိုးရိုးသားသား ဟိတ်ဟန် မရှိဘဲပျော်ရွှင်မှုနဲ့နေထိုင်ဖို့လိုနေပါတယ်။ သင်ဖြတ်သွားခဲ့တဲ့ဘုရားဖူးလမ်း တစ်လျှောက်ကလူတွေနဲ့ လူမှုမီဒီယာကနေသင့်ကိုတွေ့မိတဲ့လူတွေအများကြီးကို သင်က စိတ်အားတက်ကြွစေခဲ့ပါတယ်။ နောက်ပြီးတော့ သင့်ရဲ့ဘုရားဖူးခရီးပြုခြင်း
အားဖြင့် တွေ့မြင်သူများကိုလည်း အားကျလိုက်လုပ်လာကြဖို့ အားပေးလမ်းပြ လုပ်ရာရောက်ပါတယ်။
ဒီလိုဘုရားဖူးခရီးပြုချိန်မှာလည်း ဘယ်တော့မှ တစ်ယောက်ထဲလျှောက်နေတာ မဟုတ်ပါဘူး၊ သခင်ဘုရားကထပ်ခြပ်မကွာအတူလိုက်နေတာပါ။ သင့်ရဲ့ဘဝ သက်သေခံမှုနဲ့ဆုတောင်းမေတ္တာများအတွက် ကျေးဇူးတင်ပါတယ် Calvente ဘုရားသခင်သင့်ကိုကောင်းချီးပေးပါစေ၊ အမိမယ်တော်လည်းသူ့ပုဝါတော်နဲ့သင့်ကို လွှမ်းခြုံပေးပါစေ။ သင့်မိဘနဲ့သင့်မောင်နှမများကိုလည်းနှုတ်ဆက်ပေးပါ။ ကျွန်ုပ်အတွက် ဆုတောင်းပေးဖို့လည်းမမေ့ကြပါနဲ့နော်” လို့ ရေးသားပေးပို့ခဲ့ပါတယ်။
Calvente ဟာ မွေးချင်း ၁၀-ယောက်ထဲက ၇-ယောက်မြောက်သားဖြစ်ပြီး မိဘ မောင်နှမများနဲ့အတူ စပိန်နိုင်ငံ Malaga မြို့မှာနေထိုင်ပါတယ်။
ဘာသာပြန် OSC-CBCM (Myanmar)

2020-07-24 21:00:21
NEWS AND EVENTS