Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကိုးရီးယားပြည်တွင်းစစ် နှစ် ၇၀- ပြည့် တွင် ကက်သလစ်ဘာသာဝင်များ ငြိမ်းချမ်းကျေးအေးမှုအတွက် ဆုတောင်းကြခြင်း

 
“ငြိမ်းချမ်းအတွက်ကြိုးပမ်းတဲ့နေရာမှာ ဆုတောင်းခြင်းက အကောင်းဆုံးလက်နက်ပါပဲ” လို့ ကိုးရီးယားနိုင်ငံ Seoul မြို့က Myeongdong ကာသီဒြယ်ဘုရားကျောင်းမှာ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် Andrew Yeom Soo-jung ကပြောသွားပါတယ်။
ခွင့်လွှတ်ခြင်းနဲ့တရားမျှတဲ့အလေ့အထတွေက လူသားတွေကိုပိုပြီးလူဆန်စေမှာဖြစ်သလို ပိုမို တည်မြဲမယ့် ငြိမ်းချမ်းမှုကိုယူဆောင်လာပေးမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၉၅၀-၁၉၅၃ ခုနှစ်တွေကြားမှာ ဖြစ်ပွါးခဲ့တဲ့ ကိုးရီးယားစစ်ပွဲအတွင်းမှာ ကိုးရီးယားလူမျိုး ၃-သန်းနီးပါး၊ အမေရိကန်စစ်သား ၃၃၆၈၆ ယောက် သေကြေပျက်စီးခဲ့တဲ့အပြင် စစ်မြေပြင်မှာ မဟုတ်ပေမယ့်လည်း စစ်ရဲ့ဆက်စပ်ဆိုးကျိုးကြောင့် သေဆုံးသူ ၂၈၃၀ ယောက်လောက်ရှိခဲ့တယ်။ စစ်ပွဲရပ်ဆိုင်းဖို့သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ ၁၉၅၃ ခုနှစ်ကစလို့ နှစ်ပေါင်း ၇၀ ရှိလာပြီဖြစ်တဲ့ ဒီနေ့ထိတိုင် ကိုးရီးယားကျွန်းဆွယ်အရေးဟာ အငြင်းပွါးနေရဆဲပဲ။
တောင်ကိုးရီးယားက ကက်သလစ်ဘာသာဝင်တွေကတော့ ပြည်တွင်းစစ်ကြီး စတင်ဖြစ်ပွါးခဲ့တဲ့ နှစ် ၇၀-ပြည့် အထိမ်းအမှတ် ယခုနှစ်မှာ ‘ပြန်လည်ကျေအေးသင့်မြတ်ပြီး ကိုးရီးယားနိုင်ငံသားများ ပေါင်းစည်း ညီညွတ်ရေးဆုတောင်းရာနေ့’ သတ်မှတ်ပြီး နိုဗီနာမေတ္တာတွေနဲ့ ဆုတောင်း နေကြ ပါတယ်။
Gwangju သာသနာနယ်မှ ဂိုဏ်းချုပ်ဆရာတော်ကြီး Kim Hee-joong ပြောပြချက်အရဇွန်လ ၂၅ ရက်ရောက်တိုင်း နှစ်စဉ်ဒီလိုဆုတောင်းလာတာ ၁၉၆၅ ခုနှစ်ကတည်းကဖြစ်ကြောင်းသိရပါတယ်။
လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်းဖြစ်နေတာကြောင့် ဆုတောင်းတဲ့နေရာမှာ လူချင်းခွါပြီးနေကြဖို့သတိထားရင်း ဒီရည်ရွယ်ချက်အတွက် မစ္ဆားတရားတွေနဲ့လည်းပါဝင်ပူဇော် ကြဖို့ တစ်နိုင်လုံးက ဘာသာတူတွေကို နှိုးဆော်၊မှာကြားထားတာပါ။
တောင်နဲ့မြောက်ကိုးရီးယားဆိုပြီးကွဲသွားကတည်းက ဒီနိုင်ငံနှစ်ခုကြားမှာစီးပွါးရေး၊လူနေမှု၊ ယဉ်ကျေးမှု တွေမှာ သိသိသာသာကွာခြားသွားခဲ့ကြပါပြီ။ လူဦးရေ ၂၅ သန်းလောက်နေထိုင်တဲ့ မြောက်ကိုးရီးယားနိုင်ငံကတော့ ကမ္ဘာမှာလူ့အခွင့်အရေး အချိုးဖောက်ဆုံးနိုင်ငံအဖြစ် စံချိန်တင် ခံလိုက်ရတယ်။ တောင်ကိုးရီးယားကတော့ စီးပွါးရေးတိုးတက်နှုန်းမြန်ဆန်ခဲ့ပြီးအဖက်ဖက်မှာ တိုးတက်မှုအရှိန်အဟုန်သိသာစွာဖြစ်လာခဲ့တာကြောင့် ပြည်တွင်းစစ်အပြီး ‘ဟန်မြစ် (Han River) ရဲ့ အံ့ဖွယ်ရာ’ လို့တောင်တင်စားခံလိုက်ရတာဖြစ်တယ်။
တောင်ကိုးရီးယားဆရာတော်ကြီးများ အဖွဲ့ချုပ်ရဲ့စာရင်းအရ နိုင်ငံတွင်းမှာ ကက်သလစ် သာသနာ ကလည်း ဆယ်စုနှစ်အတွင်း ၅၀ ရာခိုင်နှုန်း လောက်တိုးတက်မှုရှိနေကြောင်း၊ လက်ရှိ ကက်သလစ် လူဦးရေ ၅.၈ သန်းလောက်ရှိနေပြီဖြစ်ကြောင်းသိရတဲ့အပြင် အခုမြောက်ကိုးရီးယားနိုင်ငံမှာ စစ်ပွဲမတိုင်ခင်ကတော့ ခရစ်ယာန်ဘာသာလွှမ်းမိုးခဲ့ပြီး၊ ပြုံယမ်းမြို့တော်ဟာ အရင်က ‘အရှေ့ ဂျေရုဆလင်’ လို့တောင် တင်စားခံရသလို၊ ၁၉၄၅-ခုနှစ်လောက်မှာဆိုရင် ကက်သလစ်ဘာသာဝင် ပေါင်း ၅သောင်းကျော် နေထိုင်ခဲ့ကြောင်း၊ အခြား ခရစ်ယာန်ဂိုဏ်းကွဲများလည်း ရှိကြောင်း တင်ပြထားပါတယ်။ နောက်ပြီး ကက်သလစ်ဘုန်းတော်ကြီးများစွာဟာ မြောက်ကိုးရီးယားမှာ အဖမ်းခံ၊အသတ်ခံခဲ့ရသလို ကိုးရီးယားပြည်တွင်းစစ်အတွင်းမှာ ပျောက်ဆုံးသွားတာလည်းရှိခဲ့တယ်၊ အသတ်ခံခဲ့ရတဲ့ Benedictine ရသေ့နဲ့သီလရှင် အပါး ၄၀ တို့ကို သူတော်စင်တင်မြှောက်ဖို့ စတင်နေပြီလို့ဆိုပါတယ်။
တောင်ကိုးရီးယား Uijeongbu ကဆရာတော်ကြီး Peter Lee Ki-heon ဟာ မြောက်ကိုးရီးယားနိုင်ငံ ပြုံယမ်းမြို့မှာ ၁၉၄၇ ခုနှစ်က မွေးဖွားခဲ့ပြီး၊ ပြည်တွင်းစစ်ကြောင့် သူအသက် ၄ နှစ်အရွယ်မှာ မိသားစုနဲ့အတူ ထွက်ပြေးလာခဲ့ပါတယ်။ အခုတော့သူက ကိုးရီးယားဆရာတော်ကြီးများရဲ့ ‘နိုင်ငံပြေငြိမ်းသင့်မြတ်ရေး’ ကော်မတီကိုဦးဆောင်ဦးရွက်ပြုနေပါတယ်။
မူရင်း-https://www.catholicnewsagency.com/news/catholics-pray-for-reconciliation-on-70th-anniversary-of-the-korean-war-11598?fbclid=IwAR3MBt6gPMhpox-K8LyPq1sfsSi9bCqhNILLTyD-IWg3JVYl_lfrxX7gOdU
 
Photo: Cardinal Andrew Yeom Soo-jung of Seoul speaks at a press conference on Feb. 25, 2014.
Credit: Jan Bentz/CNA.
ဘာသာပြန် OSC-CBCM (Myanmar)
 



2020-06-27 21:47:18
NEWS AND EVENTS