Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ညီအစ်ကိုနှစ်ဦးတို့၏ အမြဲတမ်းရင်းနှီး၊ခိုင်မာနေသော သံယောဇဉ်

အနားယူသွားသော ပုပ်ဘေနဒစ် (၁၆)သည် ဗာတီကန်ရှိ စံမြန်းသီတင်းသုံးနေရာ Mater Ecclesiae ကျောင်းတိုက်မှ ဂျာမဏီနိုင်ငံသို့ သီးသန့် ခရီးထွက်ခွါခဲ့သည်။ အကြောင်းမှာ သက်တော် ၉၆-နှစ် ရှိပြီဖြစ်ကာ အတော်မကျန်းမမာဖြစ်နေသော အစ်ကိုအရင်းဖြစ်သူ မွန်ဆီညော် Georg Ratzinger အားသွားရောက်ကြည့်ရှုရန်ဖြစ်သည်။ ဂျာမဏီနိုင်ငံ Munich မြို့သို့ဆိုက်ရောက်လာသည်နှင့် ထိုမြို့မှဆရာတော်ကြီး Rudolf Voderholzer ကဆီးကြိုလက်ခံကာ ၎င်းသာသနာ၏ ရဟန်းဖြစ်သင်ကျောင်းသို့ နားနေတည်းခိုရန် လိုက်ပါပို့ဆောင်ပေးခဲ့သည်။
ထိုသို့ ပုပ်ဘေနဒစ်နှင့် မွန်ဆီညော် Georg Ratzanger ညီအစ်ကို ၂-ပါးသည် တိတ်ဆိတ် အေးချမ်းစွာဖြင့်သာ နှစ်ဦးတည်းတွေ့ဆုံ၊အချိန်ယူလိုကြ၍ သူတို့နှစ်ပါးသည် လူမြင်ကွင်းသို့ ထင်ထင်ရှားရှားသွားလာမှုမပြုလိုသောဆန္ဒရှိကြသည့်အတွက် သူတို့ဆန္ဒကိုလေးစားလျက် အလိုက်တသိပြုမူကြရန် သာသနာရှိဘာသာတူများအားနယ်ခံဆရာတော်ကြီးမှမှာကြားထားသည်။
ရဟန်းမင်းရုံးတော်၏ဒါရိုက်တာ Matteio Bruni ပြောပြချက်အရ ပုပ်ဘေနဒစ် သည် ဂျာမဏီတွင် လိုအပ်သလောက်နေဦးမည်ဟုသိရသည်။
ပုပ်ဘေနဒစ် (၁၆) သို့မဟုတ် Joseph Ratzinger နှင့်သူ့အစ်ကို မွန်ဆီညော်Georg Ratzinger ဤ Ratzinger ညီအစ်ကိုနှစ်ပါးတို့သည် အသက် ၃-နှစ်ကွာကြသော်လည်း Freising ကာသီဒြယ်ဘုရားကျောင်းကြီးတွင် ၁၉၅၁-ခုနှစ် ဇွန်လ ၂၉-ရက်နေ့ တစ်နေ့ထဲ၌ ရဟန်းသိက္ခာ အတူတူခံယူခဲ့ကြသည်။ သို့သော် ညီအစ်ကိုနှစ်ဦးတို့မှာ မတူညီသော ကျေးဇူးတော်ကိုယ်စီ ပိုင်ဆိုင် ထားကြသည့်အတိုင်း ဘုရားရှင်ကိုအစေခံရာရဟန်းဘဝတွင် တစ်ပါးကပြောင်မြောက်သော ဂီတပညာရှင်အဖြစ် နှင့်လည်း​ကောင်း၊ တစ်ပါးမှာ ထင်ရှားသော ဓမ္မသင်္ဂြိုလ်ပညာရှင်အဖြစ်နှင့် လည်းကောင်း ဆက်ကပ်လျှောက်လှမ်းခဲ့ ကြသည်။
ညီအစ်ကိုနှစ်ဦးတို့၏ အပြန်အလှန်ဆက်ဆံရေး သံယောဇဉ်မှာ အမြဲတမ်းရင်းနှီး၊ခိုင်မာနေခဲ့သည်။ ၂၀၀၅-ခုနှစ်မှ ၂၀၁၃-ခုနှစ်အကြား ရဟန်းမင်းကြီးအဖြစ်တာဝန်ထမ်းဆောင်နေစဉ်အတောအတွင်း သာမက ရဟန်းမင်းကြီးတာဝန်မှ အနားယူပြီးနောက်ပိုင်းတွင်လည်း အစ်ကိုဖြစ်သူ မွန်ဆီညော် Gerog Ratzinger သည် ဗာတီကန်သို့ မကြာမကြာ လာရောက်ကာ ညီအစ်ကိုနှစ်ပါးတွေ့ဆုံလေ့ရှိ သည်။
ပုပ်ဘေနဒစ်သည် အစ်ကိုဖြစ်သူနှင့်ပတ်သက်၍ ကျွန်ုပ် ဘဝတစ်လျှောက်လုံးမှာ အစ်ကိုဟာ ကျွန်ုပ်အတွက် အဖော်တစ်ယောက်လိုသာမကဘဲ၊ ယုံကြည်စိတ်ချနိုင်တဲ့ဦးဆောင် လမ်းပြ လည်းဖြစ်နေခဲ့ပါတယ်။ မှန်ကန်ခိုင်မာပြတ်သားတဲ့ဆုံးဖြတ်ချက်တွေချဖို့အထောက်အကူ ဖြစ်စေမယ့် အယူအဆ၊အတွေးအခေါ်တွေလည်းပေးနိုင်သူဖြစ်ပါတယ်ဟု ဖွင့်ဟပြောဆို ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ရဟန်းမင်းကြီးအနေဖြင့် အစ်ကိုအပေါ်ချစ်ခင်လေးစားမှု ကြီးမား ကြောင်း သိမြင်ရပေသည်။ ညီအစ်ကိုနှစ်ပါးတို့၏ လွန်ခဲ့သောအချိန်ကာလများက ပျော်ရွှင်ဖွယ် အမှတ်ရစရာ အတွေ့အကြုံများသည် ယခုကဲ့သို့သောအချိန်တွင်ပို၍ လွမ်းဆွတ်သတိရဖွယ် ဖြစ်နေစေပါလိမ့်မည်။
မူရင်း- https://www.vaticannews.va/…/benedict-xvi-visits-germany-br…
ဘာသာပြန် OSC-CBCM (Myanmar)


2020-06-19 20:32:40
NEWS AND EVENTS