Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ရဟန်းမင်းကြီးဖရန်စစ်သည် ရောမမှ အိမ်ခြေမဲ့များအတွက်

လူနာတင်ကားလှူဒါန်းခြင်း

ရဟန်းမင်းကြီးဖရန်စစ်သည် ပြီးခဲ့သည့် သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆင်းသက်သည့် ပွဲနေ့ တနင်္ဂနွေ တွင် ဗာတီကန်မှ လူနာတင်ကားတစ်စီးကို ရောမရှိ အိမ်ခြေမဲ့ ဆင်းရဲနွမ်းပါး သူများ အတွက် အသုံးပြုနိုင်ရန်ရည်စူး၍ ပေးအပ် လှူဒါန်းလိုက်သည်။

ဗာတီကန်ပိုင်ယာဉ်လိုင်စင်ပါရှိသည့် ၎င်းကားကို ဆေးဘက်ဆိုင်ရာပရဟိတ တာဝန်ခံ ဆရာတော် Cardinal Konrad Krajewski ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်ဆောင်ရွက်ရန် ရဟန်းမင်းကြီး၏ ကရုဏာရေး (Charities) ရုံးတော်အား တာဝန်ပေးလိုက်သည်။ ယခုမှာ ထိုလူနာတင်ကားသည် အခြားလူမှုအဖွဲ့အစည်းများက မတွေ့မမြင်၊ သတိမထားမိသည့် လမ်းကြိုလမ်းကြားမှအိုးအိမ်မဲ့ ဆင်းရဲနွမ်းပါး၊  ဖျားနာသူများကို လိုက်လံကူညီ စောင့်ရှောက်မှုပေးနေပြီဖြစ်သည်။

ရဟန်းမင်းကြီးက လွန်ခဲ့သော ၁၉၈၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင်ဖြစ်ပျက်ခဲ့သည့် ဝမ်းနည်းဖွယ်ရာကြုံခဲ့ရသော Modesta Valenti ဆိုသူအမျိုးသမီးတစ်ဦး၏ အကြောင်း ကိုလည်း ပြန်လည်ပြောပြခဲ့သည်မှာ ရောမမြို့မှ အိမ်ယာမဲ့တစ်ဦးဖြစ်သည့်ထိုအမျိုးသမီး Modesta Valenti သည် အေးစက်သောညများစွာ မြေအောက်ဘူတာဘေးတွင် အိပ်ရသောဒဏ်ကြောင့် ဖော်ပြပါ နေ့တွင် အပြင်းဖျားနာခဲ့သည်။ မြင်တွေ့သော ဖြတ်သွားသူများမှ လူနာတင်ကားကို အကြောင်းကြား ပေးခဲ့သော်လည်း မည်သူကမျှ ထိုဖျားနေသူအမျိုးသမီးနှင့်အတူမလိုက်သွားခဲ့ကြပေ၊ အကြောင်းမှာ သူမသည် အလွန်ညစ်ပတ် နံစော်နေသောကြောင့်ဖြစ်သည်။ ၄ နာရီခန့်ကြာပြီးသည်အထိ သူမအား မည်သည့် ဆေးရုံကမျှ လက်မခံခဲ့ပါ။ နောက်ဆုံးသူမအား လမ်းဘေးတွင်သာ ချပစ်ခံခဲ့ရသောကြောင့် မကြာမီသေဆုံးသွားခဲ့ရသည် ဆိုသည့်အကြောင်းဖြစ်သည်။

ယခုရဟန်းမင်းကြီးရုံးတော်မှပေးလှူသော ဤလူနာတင်ကားမှာမူ အထက်ပါအမျိုးသမီး ကဲ့သို့သော သူများအားအကူအညီပေးရန်နှင့် အခြားလိုအပ်မည်ဟုထင်မြင်သည့် သူများအား ကူညီ စောင့်ရှောက်မှုများပြုလုပ်သွားမည်ဖြစ်သည်။

ဤသို့စောင့်ရှောက်ကူညီမှုများပြုလုပ်သွားရာတွင် စိန်ပီတာရင်ပြင်၌ ဖွင့်လှစ်ထားသော အိုးအိမ်မဲ့ များအတွက် အရေးပေါ်ဆေးခန်း Mother of Mercy Clinic မှလည်း ၎င်းလူနာတင်ယာဉ်ပေါ်ဆေးကုသ မှုတွင်လိုက်ပါဆက်ကပ်သွားမည်ဖြစ်သည်။                                                                    

Vatican News

ဘာသာပြန်                         

   OSC-CBCM (Myanmar)

 


2020-06-03 00:23:28
NEWS AND EVENTS